သတင်း

မန္တလေးတွင် COVID-19 ပိုးစစ်မည့်ဓာတ်ခွဲခန်း မေလကုန်ဖွင့်နိုင်မည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့တွင် COVID-19 ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းအား မေလ နောက်ဆုံးပတ် အတွင်း စတင် အသုံးပြုနိုင်ရန် ပြင်ဆင်လျက်ရှိသည်ဟု တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးစိုင်းပန်းဆိုင် က “ဓာတ်ခွဲခန်းအတွက် ပြင်ဆင်နေတဲ့ အနေအထားက အခုဆိုရင် ၇၀ ရာခိုင်နှုန်းလောက် ပြီးပါပြီ။ မေလ ဒုတိယပတ်မှာ အဆောက်အဦ ပြင်ဆင်မှုပိုင်း ရာနှုန်းပြည့် ပြီးမှာဖြစ်ပြီး မေလနောက်ဆုံးပတ်မှာတော့ အထက်မြန်မာပြည်အတွက် ကိုဗစ်ရောဂါပိုး ဓာတ်ခွဲစမ်းသပ်နိုင်တဲ့ ဓာတ်ခွဲခန်းအဖြစ် စတင်အသုံးပြုနိုင်ဖို့ လျာထားပါတယ်” ဟု ပြောသည်။

ယနေ့ မနက်ပိုင်း မန္တလေးတိုင်း အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ အခြေအနေများ သတင်းစာရှင်းလင်းပွဲတွင် “အစတုန်းကတော့ မန္တလေးအနေအထားနဲ့ အခုလို ဓာတ်ခွဲခန်း တည် ဆောက်ဖို့က ဘယ်လိုမှ စိတ်ကူး မရတဲ့အနေအထားဖြစ်ပေမယ့် စင်ကာပူကအလှူရှင် ၁ ဦးကြောင့် အခုလို အကောင်အထည် ဖော်နိုင်တာ ဖြစ်ပါတယ်။ ဒီဓာတ်ခွဲခန်းအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဆီက လူနှစ်ထောင်စာ စစ်ဆေးနိုင်မဲ့ Test kits ၂၀၀၀ က မေလထဲမှာ ရောက်ရှိလာမှာပါ” ဟု ၎င်းက ရှင်းပြသည်။

ဓာတ်ခွဲခန်းနေရာအား မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အတွင်းရှိ ယခင် FDA ရုံးဟောင်းနေရာအား ပြန်လည် အသုံးပြုမည်ဖြစ်ပြီး ထိုအတွက် ဓာတ်ခွဲခန်းအတွက် လိုအပ်သော အဆောက်အဦပိုင်းဆိုင်ရာ ပြင်ဆင်မှုများအား ဧပြီဒုတိယပတ်မှ စ၍ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

ထို့အတူ ဓာတ်ခွဲခန်းတွင် တာဝန်ယူ ကိုင်တွယ်မည့် မန္တလေးတိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်း ၄ ဦးကို လည်း ရန်ကုန်သို့စေလွှတ်ကာ လိုအပ်သော ကျွမ်းကျင်သင်တန်းများ တက်ရောက်စေပြီးဖြစ်သည်ဟု သိရသည်။

တိုင်းအစိုးရအဖွဲ့က သတ်မှတ်ထားသည့်ကာလ ဖြစ်သော မေလနောက်ဆုံးပတ်တွင် ဓာတ်ခွဲခန်းစတင် ဖွင့်လှစ်နိုင်ပါက မန္တလေးတိုင်း အပါအဝင် အထက်မြန်မာပြည်အတွက် အသုံးပြုမည့်ဓာတ်ခွဲခန်း ၁ ခုဖြစ်လာကာ ကိုဗစ်ဓာတ်ခွဲ နမူနာများ ပေးပို့ခြင်း၊ စစ်ဆေးခြင်းလည်း ယခုထက် လုပ်ငန်းပိုမို မြန်ဆန်လာလိမ့်မည် ဖြစ်သည်။

လက်ရှိတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)နှင့် ဆေးသုတေသနဦးစီးဌာနတို့က COVID-19 ရောဂါပိုးအားရှိ၊ မရှိ စောင့်ကြည့်လူနာများ၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ဧပြီ ၂၉ ရက်အထိ အထက်ပါဓာတ်ခွဲခန်း ၂ ခု၏ ဓာတ်ခွဲစစ်ဆေးမှုအရေအတွက် စုစုပေါင်းမှာ ၇၆၀၀ ကျော်ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ဧပြီ ၃၀ ရက် နံနက် ၇ နာရီအထိ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၅၀ ဦးနှင့် သေဆုံးသူ ၆ ဦးရှိသည်။

ဆက်စပ်လင့်-

COVID-19 ထပ်တိုး ဓာတ်ခွဲခန်းတခု စမ်းသပ် စစ်ဆေးနေ

Did you find apk for android? You can find new Free Android Games and apps.
Loading