ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ် အပိုင်း (၃) အတွက် သဘောတူညီချက် ၂၀ ရရှိကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က သတင်းထုတ်ပြန်လိုက်သည်။
ညီလာခံတွင် အစိုးရ အစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များက ဆွေးနွေးကာ သဘောတူညီချက်ရရှိခဲ့ခြင်း ဖြစ်ပြီး အစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို ချုပ်ဆိုလိုက်နိုင်ခြင်းလည်းဖြစ်သည်။
ယင်း သဘောတူညီချက် ရသည့် ပြည်ထောင်စု သဘောတူ စာချုပ်အစိတ်အပိုင်း (၃) တွင် အပိုင်း ၃ ပိုင်းပါဝင်သည်။
အပိုင်း ၁ ဖြစ်သော တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်အတွက် သဘောတူညီချက် ၁၅ ချက် ရရှိပြီး အပိုင်း ၃ ဖြစ်သည့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံ သော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ အတွက် သဘောတူညီချက် ၅ ချက်ရရှိခဲ့သည်။
အပိုင်း (၂) ဖြစ်သည့် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများကို (ဇယား- ၁) အဖြစ် စာချုပ်တွင် ဖော်ပြထားသည်။
NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်အတွက် သဘောတူညီချက် နံပါတ် ၁ တွင် တပ်မတော်က အစဉ်တစိုက် ပြောဆိုလေ့ရှိသည့် ဒို့တာဝန်အရေးသုံးပါးကို ထည့်သွင်းထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တောင်းဆိုနေ သည့် ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ဆိုသည့် စကားစုများလည်း ထည့်သွင်း ထားသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့် အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့် အညီ တည်ဆောက်သွားရန် ဟု ရေးသားထားသည်။
နံပါတ် (၃) သဘောညီချက်၌မူ နိုင်ငံရေးအတွက် ဘာသာရေးကို အလွဲသုံးစားမလုပ်ရန် နှင့် နိုင်ငံရေးနှင့် ဘာသာရေး ရောယှက်မှုမရှိသည့် နိုင်ငံတော် ထူထောင်ရန် သဘောတူထားသည်။
ထို့ပြင် နံပါတ် (၅) အချက်၌ စာချုပ်တွင် ဖော်ပြထားသည့် နှစ်ဖက် အပြန်အလှန် ထားရှိသော ကတိကဝတ်များကို စောင့်ထိန်းရန် အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာပြီး တာဝန်ယူ၊ တာဝန်ခံမှုဖြင့် အကောင်အထည် ဖော်ရန်၊ ဖြစ်ထွန်းလာသည့် တိုးတက်မှုများတွင် အခွင့်အရေးမယူဘဲ စာချုပ်ပါ ကိစ္စရပ်များကို ထိရောက်စွာ အကောင် အထည်ဖော်ရန် ဆိုထားသည်။
နံပါတ် (၉) အချက်တွင် နိုင်ငံတော်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသားလက္ခဏာများကို အသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုတို့ဖြင့် စည်းလုံးညီညွတ်သည့် တခုတည်းသော ပြည်ထောင်စုကို နိုင်ငံသားအားလုံး စုပေါင်းဖော်ဆောင်ရန် သဘောတူထားသည်။
နံပါတ် (၁၀) တွင် NCA ပါ နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် လိုအပ်သည့် အချက်များကို နှစ်ဖက်တပ်များ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းသွားရန် သဘောတူထားသည်။
စာချုပ်၏ အပိုင်း (၂) ဖြစ်သည့် ၂၀၂၀ အလွန်အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ ဆိုင်ရာ (ဇယား-၁) တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို အဆင့် ၃ ဆင့်ဖြင့် အကောင်အထည်ဖော်ရန် ဖော်ပြထားသည်။
အဆင့် ၁ မှာ ပြည်ထောင်စုဆိုင်ရာ အခြေခံများ တည်ဆောက်ရေး၊ အဆင့် ၂ မှာ ပြည်ထောင်စုဖော်ဆောင်ရေး ဖြစ်ပြီး အဆင့် ၃ သည် ပြည်ထောင်စု ခိုင်မာရေး ဖြစ်သည်။
သို့သော်လည်း ဇယား – ၁ တွင် အဆိုပါအဆင့်များကို မည်သည့် ကာလ၌ မည်ကဲ့သို့ အကောင်အထည်ဖော်မည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ ရေးသားထားခြင်း မရှိပေ။
စာချုပ်၏ အပိုင်း (၃) ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများတွင်တော့ သဘောတူညီချက် နံပါတ် ၁ ၌ နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် အခြေခံ သော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်ဟု အခိုင်အမာ ဆိုထားသည်။
ထို့ပြင် သဘောတူချက် နံပါတ် ၂ ၌ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအကြား၊ တိုင်းနှင့် ပြည်နယ် အချင်း ချင်းကြားတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းရန် သီးခြားလွတ်လပ်သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ထူထောင်ရမည်ဟု ဖော်ပြထားသည်။
သဘောတူညီချက် နံပါတ် (၃) တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ဖက်ဒရယ်စနစ်နှင့် အညီ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှုနှင့် ဘဏ္ဍာရေးခွဲဝေမှုများဆိုင်ရာ ကိစ္စများ သဘောတူ ထားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးသည် အချင်းချင်းလေးစားမှုရှိပြီး အခွင့်အာဏာ တန်းတူ ရှိရမည်ဟုလည်း သဘောတူညီချက် နံပါတ် ၄ တွင် ဆိုထားသည်။
နံပါတ် (၅) အချက်တွင် နိုင်ငံသားတိုင်း ဥပဒေ၏ အကာအကွယ်ကို တန်းတူညီမျှ ရရေး၊ တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးတမ်းစသည့် အခွင့်အရေးများ ကာကွယ်ရန် ဥပဒေပြဌာန်းပေးရမည်ဟု သဘောတူထားသည်။
တိုင်းဒေသကြီး ပြည်နယ်များ၏ အမည်နာမ သတ်မှတ်ချက်နှင့် ပတ်သက်၍မူ နောင်တွင် ဆက်လက် ဆွေးနွေးမည်ဟု ဆိုထားသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဆက်လက်လုပ်ဆောင်သွားရမည့် လုပ်ငန်းများကိုလည်း စာချုပ်၏ အပိုင်း (၁) တွင် သဘောတူညီချက်အနေနှင့် ထည့်သွင်းထားသည်လည်း ရှိသည်။
NCA စာချုပ်ပါ အချက်များတွင် အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်နေသော အချက်များကို ဖော်ထုတ်ပြီး သက်ဆိုင်ရာ အစု အဖွဲ့များ အကြား အကျေအလည် ဆွေးနွေး ညှိနှိုင်းရန်၊ ပြည်ထောင်စု သဘောတူစာချုပ် အောင်မြင်စွာ ဆောင်ရွက်နိုင် ရေးနှင့် စာချုပ်၏ မူလ သဘောတူညီချက်များ၊ NCA ပါ အခြေခံမူများ၊ ဦးတည်ချက်၊ ရည်ရွယ်ချက်များ သွေဖယ်မှု မရှိစေရေး အတွက် ပြည်ထောင်စုသဘောတူစာချုပ် အကောင်အထည်ဖော်ရေး ဆိုင်ရာ ယန္တရား တရပ်ကို နှစ်ဖက် သဘောတူညီမှုဖြင့် ဖွဲ့စည်းရန်တို့ ဖြစ်သည်။
ယင်းအပြင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်အတွက်လည်း ယန္တရားတရပ်ကို နှစ်ဖက် ညှိနှိုင်းသဘောတူညီမှုဖြင့် ဖွဲ့စည်း၍ အကောင်အထည်ဖော်ရန်လည်း သဘောတူထားသည်။
စာချုပ်ကို အစိုးရအစုအဖွဲ့ကိုယ်စားလှယ် ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ် ဒေါက်တာ မေဝင်း မြင့်၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စားလှယ် ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ် ဦးသုဝေတို့က လက်မှတ်ထိုးထားသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လက နေပြည်တော်တွင် ကျင်းပသည့် ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးတွင် သဘောတူညီချက် ၁၄ ချက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် မေလတွင် ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အစည်းအဝေးတွင် သဘောတူညီချက် ၃၇ ချက်ရရှိခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သည့် အစိုးရလက်ထက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ အစည်းအဝေးကို ၄ ကြိမ်တိုင်တိုင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၁ ရက်တွင် အဆုံးသတ်သည့် စတုတ္ထအစည်းဝေးသည် NLD အစိုးရလက်ထက် နောက်ဆုံး ညီလာခံလည်းဖြစ်သည်။
ပထမညီလာခံမှ စတုတ္ထညီလာခံအထိ ပြည်ထောင်စုသဘောတူစာချုပ် အတွက် စုစုပေါင်း သဘောတူညီချက် ၇၁ ချက် ရရှိခဲ့သည်။
You may also like these stories:
“စကားလုံးတလုံး” အပေါ်မှာ ဆက်လက် ငြင်းခုံနေရတဲ့ နေပြည်တော်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
“မဖြစ်သင့် မဖြစ်ထိုက်တာ မဖြစ်အောင်”ဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
ငြိမ်းချမ်းရေး ညီလာခံသို့ AA ကို ဖိတ်ကြားမည် မဟုတ်