သတင်း

စနဲမြို့ ၌ တပ်မတော်ယာဉ်တန်း မိုင်းဆွဲခံရ၊ ၂ ဦးသေ ၂ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီး အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက တပ်မတော်ယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် တပ်မတော်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရှိခဲ့ကြောင်း ဒေသခံနှင့် လွှတ်တော်ကိုယ် စားလှယ်များထံမှ သိရသည်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “ ၂ ယောက်သေပြီး ၂ ဦး ဒဏ်ရာရတယ်လို့ ကြားတယ်။ တယောက်က ခြေပြတ်သွားတယ်။ နောက်တယောက်ကတော့ လက်တွေ ခန္ဓာတွေမှာ ဒဏ်ရာရသွားတယ်လို့ သိရတယ် ” ဟု ပြောသည်။

တပ်မတော်ယာဉ်တန်းမှာ စနဲမြို့မှ ကျောက်ဖြူ တောင်မော်ကြီး ရေတပ်စခန်းသို့သွားရာလမ်း မြို့အလွန် ၃ ဖာလုံ ခန့် အကွာရှိ ရေနံဒုံချောင်းကူးတံတား အတက်တွင် AA မိုင်းဆွဲခံရခြင်းကြောင့် တောင်မော်ကြီးရေတပ်စခန်းမှ တပ်မတော် သားများ သေဆုံး၊ ဒဏ်ရာ ရှိခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက “မနေ့တုန်းက တပ်ကနေပြီးတော့ လုံခြုံရေး လှည့်ကင်းလှည့်တဲ့ ကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာရှိတယ်။ ကျောက်ဖြူ စနဲရဲ့မြောက်ဘက် မီတာ ၁၀၀၀ လောက် ရေနံဒုံ တံတားနားမှာ AA က ရီမုတ်မိုင်းနဲ့ တိုက်ခိုက်တာ။ တပ်မတော်က ယာဉ် ၁ စီး ထိခိုက်တာတွေ၊ စစ်သည်တချို့ ထိခိုက် ဒဏ်ရာရ၊ ကျဆုံးတာတွေ ရှိတယ်” ဟု ဆိုသည်။

စနဲဒေသခံ ၁ ဦးကလည်း “ တောင်မော်ကြီး ရေတပ်စခန်းသို့ သွားတဲ့ လမ်း ရေနံဒုံတံတား အတက်မှာ ပေါက်ကွဲမှုဖြစ် သွားတာ တပ်မတော်သားတွေက စနဲက အပြန်မှာ ဖြစ်သွားတာ။ ဒဏ်ရာရတဲ့သူတွေကို စနဲဆေးရုံမှာ ဆေးကုပြီး ပြန်ပြီး တော့ ရေတပ်ကိုပြန်ပြီး ဆေးကုဖို့ ယူသွားတယ် ” ဟုပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည်၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန် ကတည်းက နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာပြီး တောင်ပိုင်းဒေသတို့တွင် တိုက်ပွဲဖြစ်ပွားမှု မရှိ သော်လည်း မိုင်းဆွဲတိုက်ခိုက်မှုများ အနည်းငယ် ရှိနေသည်။

You may also like these stories:

ရသေ့တောင်မြို့နယ်တွင် တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်

Loading