စစ်ကိုင်းတိုင်း၊ ကနီနှင့် မင်းကင်းမြို့ ကြား လမ်းမပေါ်တွင် ယမန်နေ့(မေ ၂၂ရက်နေ့)က ကနီဒေသ ပြည်သူ့ ကာကွယ်ရေး တပ်နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒေသခံများဘက်မှ ပြည်သူ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက ညပိုင်းအထိ ဖြစ်တယ်။ အဲဒါပြီးတော့ စစ်ကောင်စီတပ်တွေ နောက်ပြန်ဆုတ်သွားတယ်။ သူတို့ဘက်က ထိတဲ့ လူတွေလည်း ရှိတယ်။ အဲဒီပြန်ဆုတ်သွားတဲ့ စစ်ကားတွေ ကနီပြန်အဝင်မှာ မိုင်းထိသွားသေးတယ်။ ပြည်သူတွေဘက်က ၃ ဦးကတော့ လက်နက်ကြီး ထိသွားတာ။ အကျအဆုံးတော့ မရှိဘူး”ဟု ကနီဒေသခံ တဦးက ပြောသည်။
တိုက်ပွဲပြီးနောက် ကနီဒေသ ကာကွယ်ရေးတပ်ဘက်မှ လူ ၄ ဦး ပျောက်ဆုံးနေပြီး ဆိုင်ကယ် အစီး ၃၀ နီးပါး ဖျက်ဆီးခံခဲ့ရ ကြောင်း၊ စစ်ကောင်စီတပ်များက ဒရုန်းများကို အသုံးပြု၍ ဆက်လက် စောင့်ကြည့်နေကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့် အနီးဝန်းကျင်ရှိ မျိုင်းရွာ၊ မြောင်းကုန်းရွာ ဒေသခံများမှာလည်း တိမ်းရှောင်နေရပြီး ကနီ၊ ယင်းမာပင်၊ မင်းကင်းနယ်မှ စစ်ဘေးရှောင်ရွာပေါင်း ၄၅ ရွာ နီးပါး ရှိလာပြီး ဒေသခံ စစ်ရှောင်ပြည်သူ ၅၀၀၀ နီးပါး ရှိကြောင်း သိရ သည်။
ယနေ့ နံနက်ပိုင်းတွင်လည်း မုံရွာ-ယာကြီး-ကလေးဝ လမ်းပေါ်တွင် တနေရာ၊ ကနီနှင့် မင်းကင်းလမ်းပေါ် ၁၈ မိုင်၊ ၂၃ မိုင်တို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကား ၂ စီး ထပ်မံ မိုင်းဆွဲခံရကြောင်း သိရသည်။
“သူတို့(စစ်ကောင်စီ)ဘက်က ဒဏ်ရာ ရတဲ့သူတွေကို ပြန်တင်တာ စစ်ကားနှစ်စီးတောင် ရှိတယ်လို့ သိရတယ်။ တိုက်ပွဲဖြစ် တဲ့ နေရာနဲ့ နီးတဲ့ရွာတွေကို ဝင်ပြီး ဈေးဆိုင်တွေမှာ ပစ္စည်းတွေ ဝင်ယူတာတွေလည်း ရှိတယ်”ဟု ဒေသခံတဦးက ပြော သည်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် မင်းကင်း မြို့နယ်တို့ရှိ မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းရှိ ကားလမ်းပေါ်တွင် စစ်ကောင် စီ၏ လက်နက်ကိုင်တပ်များနှင့် ဒေသကာကွယ်ရေးအတွက် စုဖွဲ့ထားသည့် ကနီဒေသကာကွယ်ရေးအဖွဲ့တို့ကြား ဧပြီလ ၁၅ ရက်နေ့မှ စတင်ပြီး တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ယနေ့အထိ ဖြစ်သည်။
You may also like these stories:
ဖာပွန်ခရိုင်ထဲက တပ်စခန်းများကို စစ်ကောင်စီတပ်များ အတိုက်မခံရမီ စွန့်ခွာနေ
ဖာပွန်တွင် စစ်အင်အားတိုးထားဟု BGF ပြော
စစ်စခန်းများ ကျပြီးနောက် စစ်ကောင်စီက ဖာပွန်ခရိုင်အတွင်း ဗုံးကြဲတိုက်ခိုက်နေ