စစ်ကောင်စီကို လက်နက်ဖြင့် တော်လှန်တိုက်ခိုက်ရာတွင် ပြည်သူလူထုကို ထိခိုက်မှုမရှိအောင် အသိပေးပြီး မှသာ လှုပ်ရှားသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SPDF) က ဧရာဝတီကို ပြောသည်။
SPDF အဖွဲ့ဝင်တဦးက “SPDF အနေနဲ့ ပြည်သူကို မထိခိုက်အောင် အသိပေးပြီး လှုပ်ရှားသွားမှာပါ။ ပြည်သူတွေဘက် က အောင်နိုင်မှာပါ။ ကျနော်တို့ကို ပြည်သူက ထောက်ပံ့တယ်၊ သတင်းပေးတယ်၊ ကူညီတယ်။ စစ်ကောင်စီဘက်ကို ဒလန် အနည်းငယ်ကလွဲရင် ဘယ်သူမှ မကူညီဘူး။ ကျနော်တို့ကိုပဲ ကူညီကြတယ်။ ဒါကြောင့် ကျနော်တို့ နိုင်မှာ” ဟု ဆိုသည်။
နိုင်ငံအနှံ့တွင် စစ်ကောင်စီ သတင်းပေးဟု ယူဆရသည့် ဒလန်များ၊ အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရည်ရွယ်၍ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဗုံးဖောက်ခွဲခြင်းများ ရှိနေသကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် လည်း လက်သည် မပေါ်သည့် ပေါက်ကွဲမှုများ၊ မီးလောင်မှုများနှင့် ပြည်သူလူထုကို ထိခိုက်မှုများ ရှိနေသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒေသအသီးသီးမှ PDF အဖွဲ့တချို့က ပြည်သူလူထုအပေါ် ဦးတည်တိုက် ခိုက်မှုများ မပြုလုပ်ကြောင်း ထုတ်ပြန်ထားကြသည်။
ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း ရန်ကုန်မြို့ရှိ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်း ၉ ခုက ၎င်းတို့သည် တရားမဲ့ သတ် ဖြတ်ခြင်းများ ပြုလုပ်မည် မဟုတ်သကဲ့သို့ ပြည်သူလူထု၊ ကျောင်းသားလူငယ်နှင့် ကလေးသူငယ်များအား ထိခိုက်စေ သည့် ဖြစ်ရပ်များသည်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်များ မဟုတ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
SPDF အဖွဲ့ဝင်တဦးကလည်း “ပြည်သူကို ကာကွယ်ပေးမယ်။ ပြည်သူ့ဘက်ကို ဘယ်တော့မှ သေနတ်ပြောင်း မလှည့်စေရ ဘူး။ ပြည်သူတွေ နိုင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်” ဟု ပြောဆိုသည်။
စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အမှတ်စဉ် ၄ အထိ စစ်သင်တန်းများ ပြီးဆုံးပြီဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ခရီး ပြီးမြောက်သည်အထိ တိုက်ပွဲဝင်ကာ စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေ ညာထားသည်။
ပြည်သူအား မည်သည့်အခါမျှ မညှဉ်းပန်း၊ မည်သည့်အခါမျှ သစ္စာမဖောက်ဟူသည့် တော်လှန်ရေးစိတ်ဓာတ် မွေးမြူထား ကြရန်၊ မိမိတို့အခြေစိုက် မြို့နယ်များတွင် လျို့ဝှက်စွာလှုပ်ရှားကြရမည်ဖြစ်ပြီး မိမိနှင့်တကွ မိမိ၏ မိသားစု၊ လုပ်ဖော်ကိုင်ဖက် များ အန္တရာယ်ကင်းရှင်းစေရန် ပေါ်လွင်ထင်ရှားစွာ ပြုမူခြင်းများကို ဆင်ခြင်ရန်လည်း ၎င်းတို့၏ အဖွဲ့ဝင်များကို တိုက်တွန်း ထားသည်။
မြင်းခြံမြို့ ပြောက်ကျားတပ်ဖွဲ့မှ အဖွဲ့ဝင်တဦးက “အတတ်နိုင်ဆုံး လူထုမထိခိုက်တဲ့ လမ်းစဉ်ကိုပဲ ကျနော်တို့က ရွေးချယ်ပြီး လုပ်တာပေါ့။ ဘယ်သူဘယ်နေရာ လုပ်တယ်ဆိုရင် သိရတယ်။ ကျနော်တို့ မြင်းခြံမှာဆိုရင် ပျူစောထီးအဖွဲ့တွေမှာဆိုလည်း လက်နက်တွေ ရှိတယ်လေ။ နာနတ်သီးတို့ (လက်ပစ်ဗုံး) လက်နက်တွေဘာတွေ ရှိတယ်။ အတတ်နိုင်ဆုံး စစ်အုပ်စုနဲ့ အနီး ကပ်ဆုံး အသွားအလာကို ဆင်ခြင်ဖို့နဲ့ မလိုအပ်ဘဲ အပြင်မထွက်ဖို့ ထုတ်ပြန်ပြောရမှာပေါ့” ဟု ပြောဆိုသည်။
စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SPDF) ကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ စစ်အာဏာရှင် ဆန့်ကျင်သော ဒီမိုကရေစီ လိုလားသည့် ပြည်သူများအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အန္တရာယ်မှ ကာကွယ်ရန်၊ CDM ဆောင်ရွက်နေ ကြသော ပြည်သူ့ဝန်ထမ်းများအား ကာကွယ်ရန်၊ စစ်ကောင်စီအား ပြောက်ကျားစနစ်ဖြင့် ဆန့်ကျင်ခုခံရန် စသည့် ရည်ရွယ် ချက်များဖြင့် စစ်ကိုင်းတိုင်း အတွင်းရှိ ၃၇ မြို့နယ်မှ မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ ၂၀၂၁ မေ ၅ ရက် နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် SPDF အနေဖြင့် နယ်မြေဒေသအသီးသီးနှင့် ဟန်ချက်ညီညီ ချိတ်ဆက် ဆောင်ရွက်ပြီး လိုအပ်သော လက်နက် ပစ္စည်းများအား မြို့ နယ်ကာကွယ်ရေး တပ်ဖွဲ့များကို ပံ့ပိုးရန်၊ မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ကာကွယ်ရေး သင် တန်းများပေးရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ကချင် လွတ်လပ်ရေးတပ်မတော် (KIO/KIA) တို့နှင့် ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကိုင်းတိုင်း အတွင်းရှိ ကလေး၊ ကနီ၊ ယင်းမာပင်၊ တမူး၊ တန့်ဆည်၊ ပုလဲ၊ ဆားလင်းကြီး၊ မင်းကင်း၊ ပင်လယ်ဘူး၊ ကသာနှင့် မြောင် အစရှိသည့် ဒေသများတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီ ကြား တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။
You may also like these stories:
ကသာ PDF ကို အာဏာသိမ်းတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
ကနီဒေသတွင် ရေကြောင်းရော ကုန်းကြောင်းတွင်ပါ တိုက်ပွဲများ ဖြစ်နေ
ကနီ – မင်းကင်း လမ်းပေါ်တွင် တိုက်ပွဲ ဖြစ်၊ စစ်ကားများ မိုင်းဆွဲခံရ