စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ကသာပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) လှုပ်ရှားနေသည့် ကသာ-ဗန်းမော် အဝေးပြေးလမ်းမကြီး အနီးရှိ မိုးတားကြီးကျေးရွာအုပ်စု အတွင်းသို့ စစ်ကောင်စီဘက်က ယနေ့ ညနေ ၅ နာရီဝန်း ကျင်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။
ကသာ PDF တပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ခံက “လွန်ခဲ့တဲ့ နာရီဝက်ကပဲ လေယာဉ်နဲ့ ဗုံး ၂ လုံး လာကြဲ သွားပါတယ်။ မိုးတားကြီး၊ မိုးတားလေးမှာ လာကြဲသွားတာပါ” ဟု ပြောသည်။
စစ်ကောင်စီ၏ တိုက်လေယာဉ်မှ ကြဲချသွားသည့် ဗုံးတလုံးသည် မိုးတားလေးကျေးရွာ၊ မြေနုဗျူဟာ ရောင်ခြည်တောရ ဘုန်းကြီးကျောင်းအတွင်းသို့ ကျသွားသည် ဟုလည်း ကသာ PDF တပ်ဖွဲ့က ပြော သည်။
စစ်ကောင်စီ၏ တိုက်လေယာဉ်များ ပျံဝဲနေဆဲ ဖြစ်သဖြင့် မိုးတားကြီးကျေးရွာနှင့် မိုးတားလေးကျေးရွာ အတွင်း ထိခိုက် ဒဏ်ရာ ရရှိသူများ ရှိမရှိကို ဧရာဝတီက မေးမြန်းအတည်ပြုနိုင်ခြင်း မရှိသေးပါ။
စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သည့် မိုးတားကြီးကျေးရွာအုပ်စုသည် မေ ၃၀ ရက်က စစ်ကောင်စီ၏ ယာဉ်တန်းကို ကသာ PDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့သည့် နေရာ ဖြစ်သည်။
ကသာ PDF တပ်ဖွဲ့သည် အာဏာသိမ်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန်အတွက် ကသာမြို့နယ် တွင်း ဒေသခံများ စုဖွဲ့ကာ ဖွဲ့စည်းတည်ထောင်ထားသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး မေ ၃၀ ရက် မနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီ၏ ယာဉ်တန်းကို တိုက်ခိုက်ကာ စစ်မျက်နှာ စဖွင့်လိုက်သည့် တပ်ဖွဲ့ ဖြစ်သည်။
ထို့ပြင် မေ ၃၀ ရက်က ဖြစ်ပွားသည့် တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က စစ်ကူများ ထပ်မံ တိုးပို့ပြီး ကသာPDF တပ်ဖွဲ့ ကို တိုက်ခိုက်ရာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့က လာရောက် ကူ ညီပြီး စစ်ကောင်စီကို တိုက်ခိုက်ပေးခြင်းများ ရှိခဲ့သည်။
ကသာ PDF တပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ခံက “မနေ့ကတော့ ကျနော်တို့ တိုက်ရင်း စစ်ကူတောင်း တော့ KIA တပ်မဟာ ၈ က ကင်းအဖွဲ့၊ နယ်မြေခံ တပ်စိတ်က ကျနော်တို့ကို လာတိုက်ကူတာပါ။ စတိုက် လိုက်တာ ရွှေပြည်သစ်နဲ့ ဟဲနားကြားမှာ စတိုက်တယ်။ စစ်ကောင်စီက ကားနှစ်စီးနဲ့ လာတယ်။ ကျနော် တို့က အရင်ပစ်တာပဲ။ ကျနော်တို့မှာက သေနတ် အဟောင်းတွေ တူမီးတွေ ဆိုတော့ မအောင်ဘူး။ မနေ့ က တိုက်ပွဲမှာ ကျနော်တို့ သက်သာတာ။ ကေအိုင်အေ တပ်မဟာ ၈ ရဲ့ ကူညီမှု မပါခဲ့ရင် ကျနော်တို့ အဆင်မပြေနိုင်ဘူး” ဟု ပြောသည်။
ကသာ PDF တပ်ဖွဲ့သည် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ လက် နက်ခဲယမ်း အထောက်အပံ့ရရှိထားခြင်း မရှိဘဲ ဒေသတွင်း အသုံးပြုသည့် လက်လုပ်သေနတ်များ၊ တူမီး သေနတ်များ၊ တိုက်ခိုက်ရေး ရိုင်ဖယ်အဟောင်းများကိုသာ ကိုင်တွယ် တိုက်ခိုက်နေသဖြင့် လက်နက်ခဲ ယမ်း လိုအပ်ချက် ရှိနေသည်ဟုလည်း ပြောသည်။
ထို့ကြောင့် စစ်ကောင်စီတပ်နှင့် ၄၅ မိနစ် ကြာ တိုက်ပွဲဖြစ်ပွားပြီးချိန်တွင် KIA ကို စစ်ကူတောင်းရခြင်း ဖြစ်ပြီး KIA တပ်ဖွဲ့က ရောက်ရှိလာချိန်တွင် စစ်ကောင်စီကို RPG များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နိုင်ခဲ့ သည်ဟု ကသာPDF တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ကသာမြို့နယ်သည် KIA တပ်ဖွဲ့များ လှုပ်ရှားသည့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ မိုး ညှင်းခရိုင်၊ မိုးညှင်း မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်တို့နှင့် နယ်မြေဆက် စပ်နေသည့် မြို့နယ် တခုဖြစ်သည်။
ကသာ PDF အနေဖြင့် စစ်ကောင်စီကို စတင်တိုက်ခိုက်ရခြင်းမှာ စစ်ကောင်စီတပ်များက ကသာမြို့ တွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်သူများကို ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးသည့်အပြင် ကသာ-ဗန်းမော် လမ်းတလျှောက်ရှိ ကျေးရွာများ တွင်လည်း နယ်မြေ စိုးမိုးရန် တပ်များ ဖြန့်ချလာခြင်း၊ စစ် ကောင်စီကို ထောက်ခံသူများက ဒေသခံ လူငယ်များထဲတွင် KIA နှင့် ဆက်သွယ်ကာ စစ်သင်တန်း တက်ထားသူများ ရှိကြောင်း သတင်းပေးခြင်းများ ပြုလုပ်ခြင်းတို့ကြောင့် စစ်မျက်နှာ စဖွင့်လိုက်ရခြင်း ဖြစ်သည်ဟု ကသာPDF တပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ဆက်လက်ပြီး ၎င်းက “မနေ့က သူပစ်ကိုယ်ပစ် ဝိုင်းပစ်ကြရင်း သူတို့ဘက်က ၈ ယောက်ထက်မနည်း သေတယ်။ ၁၀ ယောက် ပြင်းထန်ဒဏ်ရာ ရတယ်။ ဒါက အမည်မဖော်လိုတဲ့ ဒေသထဲကသူတွေဆီက သတင်းရတာပါ။ ကျနော်တို့ ဘက်ကတော့ ကလေးတွေ ပျောက်တယ်ဆိုပြီး ရှာရင် အလောင်းတွေ တွေ့တယ်။ အားလုံးပေါင်း ၅ ယောက်ကျတယ်။ တယောက် အရှင် အဖမ်းခံရတယ်။ ကျတာရော ဖမ်းခံ ရတာရော KIA မဟုတ်ဘူး။ ကသာ PDF အဖွဲ့ဝင်တွေပါ” ဟု ဆိုသည်။
မေ ၃၀ ရက်က တိုက်ပွဲသည် ညနေ ၄ နာရီဝန်းကျင်အထိ ဖြစ်ပွားပြီးနောက် ရပ်တန့်သွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားသည့် ကသာ-ဗန်းမော်လမ်းမအနီးတွင် နေထိုင်သည့် ဒေသခံတဦးက “မနေ့က ပစ်ကြ ခတ်ကြတာ ကြား နေရတာ အတိုင်းသားပဲလေ။ စစ်ကောင်စီဘက်က စစ်သားတွေက ကျမတို့ရွာနား လည်း အဝင်အထွက်ရှိတယ်။ ကသာ မြို့ဘက်ဆို မသွားရဲဘူး။ သူတို့ ဂိတ်တွေနဲ့ စစ်တာတွေရှိတယ်။ ဒလန်တွေကလည်း ဘယ်သူက ဘာလုပ်တယ် ဆိုတာ စောင့်ကြည့်နေတာ”ဟု ကသာမြို့နယ်၏ အခြေ အနေကို ပြောဆိုသည်။
ယနေ့ စစ်ရေးအခြေအနေမှာ ကသာPDF နှင့် စစ်ကောင်စီတပ်များကြား တဖက်နှင့်တဖက် စောင့်ကြည့် နေဆဲ အခြေအနေ ဖြစ်သည်ဟု သိရသည်။
ကသာ PDF တပ်ဖွဲ့သည် မေ ၃၀ ရက်က ဖြစ်ပွားသည့် တိုက်ပွဲတွင် KIA က အကူအညီပေးသည်ကို ကျေးဇူးတင်ကြောင်းနှင့် ကသာပြည်သူများအနေဖြင့် ကသာ PDF နှင့် KIA ကို အကူအညီများ ပေးကြရန် နှိုးဆော်သည်ဟူ၍လည်း စာတစောင် ထုတ်ပြန်ထားသည်။
ကသာ PDF တပ်ဖွဲ့ကို စစ်ကူပေးခဲ့သည့် KIA တပ်မဟာ (၈) လက်အောက်ခံတပ်ရင်းများသည် ဗန်းမော် ခရိုင်အတွင်း၌ လည်း စစ်ကောင်စီတပ်များနှင့် စစ်ရေး တင်းမာနေသည်မှာ၂ လကျော်ကြာပြီဖြစ်သည်။
ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အတွင်းရှိ စစ်ရေးအရ အရေးပါသည့် အလော့ဘွမ်ဗျူဟာကုန်းကို KIA လက်ထဲမှ ပြန်သိမ်းနိုင်ရန် စစ်ကောင်စီက မြေပြင်မှ ထိုးစစ်ဆင်သည့်အပြင် တိုက်ခိုက်ရေး ရဟတ် ယာဉ်၊ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်နေသည်မှာ မတ်လကတည်းက ဖြစ်သည်။
KIA ကလည်း အလော့ဘွမ်ဗျူဟာကုန်းကို လက်မလွှတ်ရရန်၊ အလော့ဘွမ်ဗျူဟာကုန်း ပတ်ဝန်းကျင်ကို နယ်မြေစိုးမိုး ရန်အတွက် မိုးမောက်မြို့နယ်နှင့်ရွှေကူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များ၊ ရဲကင်းများ ကိုလည်း တိုက်ခိုက်မှုများ ပြုလုပ်ထားသည်။
မေ ၁၁ ရက်နှင့် ၂၁ ရက်ကလည်း ကသာ-ရွှေကူဘက်မှ ဧရာဝတီမြစ်အတိုင်း ဗန်းမော်မြို့ဘက်သို့ တက် လာသည့် စစ်ကောင်စီ၏ ရိက္ခာထောက်ပံ့ရေး သင်္ဘောများကို KIA က တိုက်ခိုက်ထားသည်။
မေ ၃၀ ရက်က ဖြစ်ပွားသည့် ကသာတိုက်ပွဲနှင့် ပတ်သက်၍ မေးမြန်းရန် KIA ၏ သတင်းနှင့် ပြန်ကြား ရေးဌာနသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
You may also like these stories:
ကွတ်ခိုင်ရှိ စစ်တပ်စခန်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ဝင်တိုက်
NUG အစိုးရနှင့် ပထမဆုံး ပူးပေါင်းလိုက်သည့် ချင်းအမျိုးသား တပ်ဦး (CNF)