ရက္ခိုင်စစ်တပ် (AA) နှင့် ပတ်သက်၍ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်ဥပဒေ ပုဒ်မများဖြင့် တရားစွဲဆိုထားသည့် အမှု ၅ မှုလုံးကို အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြင့် အမှုရုတ်သိမ်းလွှာ တင်ထား ကြောင်း သတင်းရရှိသည်။
အမှု ၅ မှုလုံးတွင် စွပ်စွဲခံထားရသူများဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်အဆိုအရ တရားလို သတင်းရဲတပ်ဖွဲ့ဘက်မှ အမှုရုပ်သိမ်းလွှာကို မေ ၂၇ ရက်ကတည်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ထံတွင် တင်ထားသည်ဟု သိရသည်။
ဦးအောင်ကျော်စိန်က “တပ်မတော်က အမျိုးသားရင်ကြားစေ့ရေးအတွက်ဆိုပြီး အမှုတွေကို ပြန်ရုပ်တယ်လို့ ကြားပါ တယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌဆိုတာလည်း ပြည်ထဲရေးဝန်ကြီး သူကလည်း နစကအဖွဲ့ဝင်ပါ။ နစက ဥက္ကဋ္ဌကြီး ကိုယ်တိုင်က ညွှန်ကြားတယ်လို့ တဆင့်စကား သိရပါတယ် သူတို့ကို လွှတ်ပေးဖို့ ဆိုတာလေ။ ဥက္ကဋ္ဌကြီး ကိုယ် တိုင် ညွှန်ကြားတယ်ဆိုတော့ ပြည်ထဲရေးဝန်ကြီးကလည်း အချိန်ဆိုင်းထားမယ် မထင်ပါဘူး။ ၉ ရက်နေ့မှာတော့ လွတ်မယ် လို့ မျှော်လင့်ထားပါတယ်” ဟု ပြောသည်။
ရုတ်သိမ်းရန် တင်ထားသည့် ၅ မှုအနက် ၄ မှုသည် တရားရင်ဆိုင်နေရဆဲဖြစ်ပြီး ၁ မှုမှာ အမိန့်ချပြီးသည့်အမှု ဖြစ်သည်။
တရားရင်ဆိုင်နေဆဲ ၄ မှုမှာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ပါဝင်သည့် ရခိုင်အသင်း(စင်္ကာပူ)အမှု၊ ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖဖြစ်သည့် မမိုးနှင်းဖြူနှင့် ကိုကျော်နိုင်အမှု၊ AA အရာရှိတဦးနှင့် ဖုန်းဆက်သွယ်ပြောဆို သည်ဟုဆိုကာ မင်္ဂလာဒုံတရားရုံးတွင် တရားစွဲဆိုခံထားရသည့် ၁ မှု၊ AA ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ကမာ ရွတ်မြို့နယ်တွင် တရားရင်ဆိုင်နေရသည့် ၁ မှုတို့ ဖြစ်သည်။
အမိန့်ချပြီးသည့် ၁ မှုမှာ AA ကို ငွေကြေးထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီး တရားစွဲဆိုခံရပြီး ၂၀၂၀ စက် တင်ဘာ ၁၃ ရက်က အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် ချမှတ်လိုက်သည့် ကိုအောင်မျိုးဝင်း၏အမှု ဖြစ်သည်။
အဆိုပါ အမှုများသည် အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသည့် အမှုများဖြစ်သဖြင့် စတင် တရားစွဲဆိုချိန်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက်ကို ရယူခဲ့ရခြင်းကြောင့် အမှုရုပ်သိမ်းရာတွင်လည်း ယင်းအဖွဲ့ထံတွင် ခွင့်ပြုချက် ပြန်တင်ရခြင်း ဖြစ်သည်။
ဦးအောင်ကျော်စိန်က “အရင်က အောင်မျိုးဝင်းအမှုမှာ စွဲထားတဲ့ ဗိုလ်မှူးကြီးကျော်ဟန်တို့ ထွန်းမင်းနိုင်၊ ဦးသာ ထွန်းအောင်တို့ကိုလည်း အမှုရုပ်သိမ်း တင်တယ်။ နောက် အောင်မြတ်ကျော် အမှုကနေ တရားခံပြေးပါသူတွေ စိုးသန်း နိုင်တို့ကိုလည်း တင်တယ်။ အကုန် ရာကြီးရော ရာသေးရော ရုပ်သိမ်းတင်တယ်။ အခုရန်ကုန်မှာ အကြမ်းဖက်မှုနဲ့ စွဲသမျှ အကုန်ရုပ်သိမ်းတင်ထားတယ်” ဟု ရှင်းပြသည်။
အမှုများကို ပြန်ရုပ်သိမ်းပေးရန် ဆောင်ရွက်ခြင်းမှာ စစ်ကောင်စီနှင့် AA ကြား ဆွေးနွေးမှုများ ပြေလည်ခြင်း၊ နှစ် ဖက်ခေါင်းဆောင်များအကြား ဆက်ဆံရေး တိုးတက်လာခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။
အဆိုပါ အမှု ၅ မှုတွင် တရားစွဲဆိုခံထားရသူတဦး၏ ဆွေမျိုးတဦးက “သူတို့ အမှုတွေ ရုပ်သိမ်းဖို့ တင်တယ်ဆိုတာ ကြား ကတည်းက ဝမ်းသာတယ်။ သူတို့ ပြန်လွတ်လာတော့မယ်လို့လည်း ယုံကြည်တယ်။ အခုချိန်မှာတော့ ဘာမှ မပြောချင်ပါ ဘူး။ ပြန်လွတ်လာဖို့ကိုပဲ မျှော်လင့်ပါတယ်။ အထဲမှာ နေရတာကလည်း ၂ နှစ်နီးပါး ဖြစ်နေပြီလေ” ဟု ပြောသည်။
AA ကို ငွေကြေးထောက်ပံ့ခြင်း၊ အားပေးကူညီခြင်း စသည့် အကြမ်းဖက်မှုဆိုင်ရာ ဥပဒေပုဒ်မများဖြင့် သတင်းရဲတပ်ဖွဲ့က တရားစွဲဆိုနေသည့် ကာလအတွင်း တရားစွဲဆိုခံထားရသူအချို့၏ စီးပွားရေးလုပ်ငန်းများနှင့် ဘဏ်အကောင့်များကို ပိတ် သိမ်းခြင်း၊ မိသားစုဝင်များကို ထောက်လှမ်ရေးက ခေါ်ယူစစ်ဆေးခြင်း၊ တရားစွဲဆိုခံထားရသူများနှင့် မိသားစုဝင်များ ဖက် စပ်ဖွင့်ထားသည့် ဘဏ်အကောင့်များကိုလည်း အမှုတွဲ သက်သေအနေဖြင့် ပိတ်ပစ်လိုက်ခြင်းများ ပြုလုပ်ထားသည်။
ဇွန် ၉ ရက်တွင် အမှုရုပ်သိမ်းခွင့်ကျပါက တရားရင်ဆိုင်နေရသူအားလုံး ပြန်လွတ်မြောက်မည်ဖြစ်ပြီး အမှုတွဲ သက်သေ အဖြစ် သိမ်းဆည်းခံထားရသည့် လုပ်ငန်းများ၊ ဘဏ်အကောင့်များလည်း ပြန်လည်ရရှိလိမ့်မည် ဖြစ်ကြောင်း သိရသည်။
ယခု အမှုရုပ်သိမ်းလွှာ တင်ထားသည့် အမှု ၅ မှုသည် ၂၀၁၉ အတွင်း AA နှင့် စစ်တပ်ကြား ရခိုင်ပြည်နယ်တွင် စစ်ရေး တင်းမာနေချိန် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် အမှုများ ဖြစ်သည်။
ယင်း အမှု ၅ မှုအနက် ရခိုင်လူမှုအသိုင်းအဝိုင်းကြား ရိုက်ခတ်မှုနှင့် သတင်းပြန့်နှံ့မှု ကြီးမားခဲ့သည့် အမှု ၂ မှုမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် မောင်နှမအရင်း တော်စပ်သူများ၏ အမှုဖြစ်သည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီတော်စပ်သူ ဦးအောင်မြတ်ကျော် ပါဝင်သည့် ရခိုင်အသင်း (စင်္ကာပူ) အမှုသည် ၂၀၁၉ ဇူလိုင် တွင် စင်္ကာပူနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခံရကာ မြန်မာနိုင်ငံသို့ ပြန်အရောက် ဖမ်းဆီးပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဦးအောင်မြတ်ကျော် အပါအဝင် ရခိုင်အသင်း (စင်္ကာပူ) မှ ခေါင်းဆောင် ၆ ဦးသည် စင်ကာပူနိုင်ငံတွင် အင်ဂျင်နီယာ လုပ် ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများ ဖြစ်ကာ ၂၀၁၉ ဇူလိုင် ၆ ရက်နှင့် ၇ ရက်တွင် ဝင်ရောက်ဖမ်းဆီးခံရပြီး AA ကို ငွေကြေးထောက်ပံ့မှု၊ စင်ကာပူနိုင်ငံတွင်း AA ၁၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့မှုတို့ဖြင့် စင်္ကာပူ ပြည်ထဲရေးက ပြည်နှင်ဒဏ်ပေးခဲ့သည်။
မြန်မာနိုင်ငံသို့ ပြန်ရောက်ရာတွင် အဆိုပါ ၆ ဦးလုံးကို ဖမ်းဆီးခဲ့သည့်အပြင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့မှ ၁ ဦးနှင့် ကားဆရာ ၁ ဦး တို့ကိုလည်း ဖမ်းဆီးကာ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် တရားစွဲဆိုခဲ့သည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖ တော်စပ်သူ မမိုးနှင်းဖြူနှင့် ကိုကျော်နိုင်တို့ကိုလည်း လက်နက်ခဲယမ်းမှုများနှင့် ဆက်စပ်နေခြင်း၊ အစိုးရက ဖမ်းဝရမ်းထုတ်ထားသည့် AA အဖွဲ့ဝင်များနှင့် ထိုင်းနိုင်ငံတွင် တွေ့ဆုံခြင်းတို့ကြောင့်ဟုဆိုကာ ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ အားလုံးကို တရားစွဲဆိုသည့် ပုဒ်မများသည် ထောင်ဒဏ် ၃ နှစ် မှ ၇ နှစ်ထိဖြစ်စေ၊ ထောင်ဒဏ် တသက်တကျွန်း ထိဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မများ ဖြစ်သည်။
၂၀၁၈ နိုဝင်ဘာမှ စတင်ခဲ့သည့် AA နှင့် စစ်တပ်ကြား ပဋိပက္ခသည် ၂ နှစ်ကျော်ကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး ထိုကဲ့သို့ စစ်တပ်နှင့် AA ကြား စစ်ရေးတင်းမာနေချိန် နိုင်ငံတော်သမ္မတနှင့် ပြည်ထဲရေးဝန်ကြီးဌာနက AA ကို အကြမ်းဖက် အဖွဲ့၊ မတရားအသင်းအဖွဲ့အဖြစ် ၂၀၂၀ မတ် ၂၃ ရက်တွင် ကြေညာခဲ့သည်။
၂၀၂၀ နိုဝင်ဘာတွင် ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်းအဖွဲ့၏ ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါက ကြားဝင်ညှိနှိုင်းပေးသဖြင့် AA နှင့် စစ်တပ်ကြား ပဋိပက္ခများ၊ တိုက်ခိုက်မှုများမှာ လုံးဝ ရပ်ဆိုင်းသွားခဲ့ပြီးနောက် နှစ်ဖက် ထိပ်သီးခေါင်းဆောင်များ ၃ ကြိမ်ခန့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
အပစ်အခတ်ရပ်စဲရေး စာချုပ်များကို တရားဝင် လက်မှတ်ရေးထိုးခြင်း မရှိသော်လည်း ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများမှာ ယနေ့ထိ ရပ်တန့်နေဆဲ ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မတ် ၁၁ ရက်တွင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းမှ ရုတ်သိမ်းခဲ့ပြီး AA နှင့် ပတ်သက်၍ တရားစွဲဆိုထားသည့် အမှုများကိုလည်း ဖြေလျော့ပေးရန် စစ်ကောင်စီဘက်က ဆောင်ရွက်လျက်ရှိ သည်။
AA နှင့် စစ်တပ်ကြား ပဋိပက္ခဖြစ်ပွားနေသည့် ၂ နှစ်တာ ကာလအတွင်း ရခိုင်ပြည်နယ်တွင်း စစ်တပ်ဘက်မှ ဖမ်းဆီးကာ အကြမ်းဖက်ဥပဒေ ပုဒ်မများဖြင့် အမှုဖွင့်ခံထားရသည့် အမှုပေါင်း ၉၀ ကျော်ရှိပြီး တရားစွဲဆိုခံရသူဦးရေမှာ ၂၇၀ ကျော် ရှိသည်။
အဆိုပါ အမှုပေါင်း ၉၀ ကျော်အနက် ၁ မှု ဖြစ်သော တောင်ကုတ်အမှုကို တရားရုံးက သက်သေ မခိုင်လုံကြောင်း ဆုံးဖြတ် ကာ ဧပြီ ၂၆ ရက်တွင် တရားသေလွှတ်ပေးခဲ့သည်။
ထိုအမှုသည် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် AA နှင့် ပတ်သတ်မှု ရှိသည်ဟုဆိုကာ အကြမ်းဖက်ဥပဒေ ပုဒ်မဖြင့် ဖမ်း ဆီး တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျာကျော်၊ ဦးဇေယျကျော်၏ ညီ ဦးစည်သူကျော်ဇံ၊ မြို့နယ်စည်ပင် ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် ရခိုင်အမျိုးသားပါတီ၊ တောင်ကုတ်မြို့နယ်၏ အလုပ် မှုဆောင် ဦးဝေသောင်းတို့၏အမှု ဖြစ်သည်။
You may also like these stories:
ရခိုင်အသင်း (စင်ကာပူ) အမှုမှ ယာဉ်မောင်း၏ အာမခံလျှောက်ထားချက် တရားရုံးပယ်ချ
ရခိုင်အသင်းခေါင်းဆောင်များအမှု တရားလိုသက်သေ တင်သည့် အသံဖိုင် တရားရုံးပယ်ချ
ရခိုင်အသင်း ခေါင်းဆောင်များ၏ မိသားစုဝင်များကို စသုံးလုံး ခေါ်ယူစစ်ဆေး
AA နှင့် ပတ်သက်သည်ဟု သံသယရှိသူ ၆ ဦး အကြမ်းဖက်ပုဒ်မ ၂ ခုဖြင့် စွဲချက်တင်
AA ကို အကြမ်းဖက်အုပ်စုမှ စစ်ကောင်စီပယ်ဖျက်