သတင်း

KIA ဌာနချုပ် လိုင်ဇာတွင် လူထုအား ကိုဗစ်ရောဂါပိုး ရှိမရှိ ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးပေးမည်

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်တွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ ဧရိယာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရအချို့ တွေ့ရှိသဖြင့် ယနေ့မှစ၍ လိုင်ဇာမြို့ကို မိမိအိမ်တွင်သာ နေထိုင်ရေး (Stay at Home) ကာလ သတ်မှတ်ကာ လူထုအား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

KIA၏ ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နင်းရေး ကော်မတီက လိုင်ဇာမြို့ကို Stay at Home အဖြစ် သတ်မှတ်လိုက်ကြောင်း ကို ယနေ့မနက်ပိုင်းက ကြေညာချက်တစောင်ထုတ်လိုက်ပြီး လူထုအနေဖြင့် မိမိနေအိမ်တွင်သာ နေထိုင်ကြရန်လည်း ပြော ဆိုထားသည်။

လိုင်ဇာကို Stay at Home ကြေညာပြီး ရောဂါပိုး စစ်ဆေးမှုကို ပိုက်စိပ်တိုက် ပြုလုပ်ရန် စီစဉ်ရခြင်းမှာ KIA ဗဟိုဌာနချုပ် နယ်မြေ၊ လိုင်ဇာမြို့အနီးရှိ ဝေကျိုင်နှင့် ဂျေယန်း စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများ တွေ့ရှိခြင်းကြောင့် ဖြစ်သည်။

လိုင်ဇာမြို့ဒေသခံတဦးက “ကျန်းမာရေးဝန်ထမ်းတွေက အိမ်တိုင်းအိမ်တိုင်း ကလေးကအစ လူကြီး အိမ်ရှိလူကုန် ကိုဗစ် စစ်ဆေးဖို့ ပြောထားတယ်။ စစ်ဆေးဖို့ကိုလည်း နာမည်စာရင်းတွေ လိုက်ကောက်ထားပြီ။ ဒီမှာ အများစုကလည်း ကာကွယ်ဆေး ထိုးထားပြီးပြီ။ ဒါပေမယ့် ပိုးကူးသူ ထပ်တွေ့တော့ ကာကွယ်တဲ့ သဘောနဲ့ ထပ်စစ်ဆေးတာတွေ လုပ်တာ ထင်တယ်” ဟု ပြောသည်။

KIA၏ ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နင်းရေး ကော်မတီက လိုင်ဇာမြို့ ဧရိယာတွင်း နေထိုင်သူများအနေဖြင့် ဖျားနာပါက ၎င်းတို့ ကျန်းမာရေးဌာနကို လှမ်းဆက်သွယ်ရန် လိုအပ်ကြောင်း၊ ဆက်သွယ်လာပါက ၎င်းတို့ ကျန်းမာရေးအဖွဲ့မှ လာ ရောက် ခေါ်ယူပြီး ဆေးကုသမှုပေးမည် ဖြစ်ကြောင်းကိုလည်း ကြေညာထားသည်။

ထိုသို့ ထုတ်ပြန်ကြေညာချက်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ပါက အရေးယူခြင်းများ လုပ်ဆောင်မည်ဟုလည်း ထုတ်ပြန်ကြေညာထားသည်။

KIAသည် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု တတိယလှိုင်းကို ကာကွယ်ထိန်းချုပ်ရန်အတွက် ဇူလိုင်လ ပထမပတ်မှ စ၍ ၎င်းတို့ ထိန်းချုပ်သည့် လိုင်ဇာနှင့် မိုင်ဂျာယန်မြို့များကို အဝင်အထွက် ပိတ်ပင်ခဲ့သည်။

သို့သော် မိုင်ဂျာယန်မြို့သည် ဇူလိုင်လအတွင်း လူဦးရေ ရာနှင့်ချီ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု ရှိခဲ့သည်။

လိုင်ဇာနှင့် မိုင်ဂျာယန်မြို့တွင် နေထိုင်သူများသည် ၃၀ ရာခိုင်နှုန်းနှင့် အထက် လူဦးရေ ၃ သောင်းဝန်းကျင်သည် တရုတ်နိုင်ငံဘက်မှ အထောက်အပံ့ပေးသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပြီး ဖြစ်သည်/

You may also like these stories:

လူဦးရေ ၃ ထောင်ခန့်နေထိုင်သည့် စစ်ရှောင်စခန်းတွင် ကိုဗစ်ပိုးကူးစက်မှု တွေ့ရှိ

ကိုဗစ်တတိယလှိုင်းသေဆုံးသူ ပထမ၊ ဒုတိယလှိုင်း ၂ ခုပေါင်းထက် ကျော်လွန်လာ

NUG ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ တိုင်းရင်းသားဒေသများ ကာကွယ်ဆေး ထိုးနိုင်ရေး ရည်ရွယ်

Did you find apk for android? You can find new Free Android Games and apps.
Loading