သတင်း

မဲဆောက်တွင် ပိတ်မိနေသော မြန်မာနိုင်ငံသားများကို တရက်ခြား၂၀၀ စီ ပြန်လည်ပို့ဆောင်

Want create site? Find Free WordPress Themes and plugins.

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေပြီး နေရပ်ပြန်ရန် အဆင်မပြေသည့် မြန်မာနိုင်ငံသားများကို သြဂုတ်လ ၁ ရက်မှ စတင်ကာ တရက်ခြား၍ လူဦးရေ ၂၀၀ နှုန်းဖြင့် ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကြောင့် ဇွန်လအတွင်းမှ စတင်ကာ မြဝတီ နယ်စပ်မှ တဆင့် ထိုင်းမှမြန်မာလုပ်သားများအား မြန်မာပြည် ဘက်မှ လက်ခံမှုအား ရပ်ဆိုင်းထားရာမှ သြဂုတ်လ ၁ ရက်မှစ၍ နေရပ်ပြန် ပြန်လည် လက်ခံခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ၊ မြန်မာသံရုံး၏ မဲဆောက်အခြေစိုက် အလုပ်သမားသံအရာရှိ ဦးဝင်းသူက ပြောသည်။

အလုပ်သမား သံအရာရှိ ဦးဝင်းသူ က “မဲဆောက်မြို့မှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ပို့တယ်။ မြဝတီဘက်က တာဝန်ရှိတဲ့လူတွေနဲ့ ထိုင်း ဘက်က တာဝန်ရှိသူတွေရယ် အလုပ်သမား သံအရာရှိတွေရယ်နဲ့ ချိတ်ဆက်ပြီးတော့ ပို့ပေးနေတာပါ။ စီစဉ်ပေး တာကတော့ မြန်မာဘက်အခြမ်းကတော့ မြဝတီတို့ ဘာတို့ အဲဒီနားပတ်ဝန်းကျင်က လူတွေကတော့ ကွာရန် တင်းဝင်ရမယ်။ ကျန်တဲ့လူတွေကတော့ ဌာနဆိုင်ရာက စီစဉ်ပေးတဲ့ကားနဲ့ သူတို့သွားမယ့်နယ်မြေကို ရောက် အောင်သွားပြီး ကွာရန်တင်း ဝင်ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်တွင် နေရပ်ပြန်အလုပ်သမားများ ပို့ဆောင်မှုကို ရပ်ဆိုင်းခဲ့သည့်အတွက် နယ်စပ်တွင် ပိတ်မိနေသည့် အလုပ်သမား ၄ ထောင်ကျော်ရှိကာ ထိုအထဲမှ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်ဝန်ဆောင် များ၊ ကလေး မိဘများအား ဦးစားပေး ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သံအရာရှိထံက သိရသည်။

ယခုတခေါက် နေရပ်ပြန်သူများထဲမှ ကရင်ပြည်နယ်မြဝတီမြို့အတွင်း နေထိုင်သူများအား မြဝတီမြို့အတွင်း ကွာရန်တင်း ထားရှိမှာ ဖြစ်ပြီး၊ အခြားသော တိုင်းနှင့်ပြည်နယ်သို့ ပြန်မည့်သူများအား တာဝန်ရှိသူများနှင့် ချိတ် ဆက်၍ ပြန်လည် ပို့ဆောင်ကာ ၎င်းတို့၏ နေရပ်များတွင် ကွာရန်တင်းဝင်ရမည် ဖြစ်ကြောင်း သိရသည်။

မဲဆောက်မြို့မှ ရွှေ့ပြောင်း အလုပ်သမားတဦးက “အခြေအနေ မကောင်းသေးဘူး။ တဖက်မှာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ကျတော့လည်း အလုပ်အကိုင်တွေ မရှိကြဘူး။ ကျန်းမာရေး စောင့်ရှောက်မှုတွေက လည်း ထိုင်းအစိုးရက သူ့နိုင်ငံသားတွေကို လုပ်ပေးနေတာတောင် အခက်အခဲဖြစ်နေတာ။ လက်ရှိ ထိုင်းနိုင်ငံ မှာ ရှိတဲ့ စက်ရုံတွေက အလုပ်သမားတွေထဲမှာလည်း ပိုးကူးစက်တာတွေ ရှိနေတယ်။ အလုပ်အကိုင်တွေလည်း အဆင်မပြေကြတော့ ပြန်ချင်တဲ့စိတ်တွေလည်း ရှိကြတယ်။ လက်ရှိ မြန်မာနိုင်ငံပြည်တွင်း အခြေအနေကလည်း နိုင်ငံရေးအရရော ကျန်းမာရေးအရရော ဘက်ပေါင်းစုံက အဆင်မပြေသေးဘူး” ဟု ပြောသည်။

ယခုအကြိမ် နေရပ်ပြန်လည် ပို့ဆောင်ပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ တာ့ခ်ခရိုင်အတွင်းမှ လူများသာဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း တခြားပြည်နယ်များမှ ပြန်ချင်သူများကို ထိုင်းအစိုးရ၏ ခွင့်ပြုချက်နှင့် ၂ နိုင်ငံ ညှိနှိုင်းမှုများ လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားအရေး ဆောင်ရွက်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန် ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က “ပြန်မယ်ဆိုတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ငွေကြေးနဲ့ပဲ ထောက်ပြလိုက်မယ်။ ဟိုမှာ တပြားမှမဝင်ဘူး။

ဒီမှာ တရက် တသောင်း နှစ်ထောင် ဝင်မယ်။ နောက်ပြီး ဟိုမှာ တရက်ကို ရာနဲ့ချီပြီးတော့မှ ထောင်ဂဏန်းအထိ သေတယ်။ ဒီမှာ စနစ်တကျ စောင့်ရှောက်မှု ရှိတယ်။ တတိယ လှိုင်းက ဟိုမှာလည်းဖြစ်တယ်။ ဒီမှာလည်းဖြစ်တယ်။ ဒီမှာက ကာကွယ်စောင့်ရှောက်နိုင်တဲ့ အစိုးရတ ရပ်ရှိနေ တယ်။ ပြည်သူတရပ် ရှိနေတယ်။ အဖွဲ့အစည်းတွေ ရှိနေတယ်။ ဟိုမှာက ဘာတခုမှ ကာကွယ် စောင့် ရှောက် ပေးနိုင်တဲ့ စွမ်းအားမရှိဘဲ ဒီကနေ အလုံးအရင်းနဲ့ ပြန်မယ်ဆိုတာကို မမြင်ဘူးလို့ ပြောချင်တယ်” ဟုပြောသည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်လည်ပို့ဆောင်တဲ့ အစီအစဉ်ကို ဖေဖော်ဝါရီလ၊ မေလ၊ ဇွန်လများတွင် နောက်ဆုံး ပို့ဆောင်ခဲ့သည်။

ကိုဗစ်တတိယလှိုင်း ဖြစ်ပွားနေသည့် ထိုင်းနိုင်ငံတွင် နေ့စဉ် ကိုဗစ်ဖြစ်ပွားနှုန်း သောင်းဂဏန်းအထိ တိုးနေသကဲ့ သို့ မြန်မာနိုင်ငံတွင်လည်း နေ့စဉ်နှင့်အမျှ သေဆုံးမှုများ မြင့်တက်လျက်ရှိသည်။

You may also like these stories:

ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ နေရပ်ပြန်ရန် အခက်တွေ့နေ

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရက်အကန့်သတ်မရှိ ရပ်နား

KIA ဌာနချုပ် လိုင်ဇာတွင် လူထုအား ကိုဗစ်ရောဂါပိုး ရှိမရှိ ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးပေးမည်

လူဦးရေ ၃ ထောင်ခန့်နေထိုင်သည့် စစ်ရှောင်စခန်းတွင် ကိုဗစ်ပိုးကူးစက်မှု တွေ့ရှိ

မြန်မာနယ်စပ် တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှု မြင့်မားနေ

Did you find apk for android? You can find new Free Android Games and apps.
Loading