ရုရှား- မြန်မာဆက်ဆံရေးမှာ စစ်ကောင်စီလက်ထက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ တုန်းကထက် ပိုမိုခိုင်မာသည့် ဆက်ဆံရေးသို့ ရောက်ရှိနေကြောင်း အာဏာ သိမ်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
“NLD အစိုးရကာလ နောက်ပိုင်းမှာလည်း နှစ်နိုင်ငံဆက်ဆံရေးက ဆက်ကောင်းနေပါတယ်။ အခုဆိုရင် ရုရှားနဲ့ ဆက် ဆံရေးက ပိုပြီး ခိုင်မာလာတယ်လို့ ပြောလို့ရတယ်။ မြန်မာနိုင်ငံမှာလည်း လေကြောင်းရန် ကာကွယ်ရေးစနစ်က ရုရှားက အဓိကပါ။ တရုတ်ကတော့ ဒုတိယပါ။ လေတပ်ချင်း ဆက်ဆံရေး နယ်ပယ်မှာလည်း နဂိုကထက် ပိုမိုပြီး ကျယ်ပြန့်လာနေ ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ရုရှားနည်းပညာသည် စစ်ဘက်ဆိုင်ရာ နည်းပညာရပ်များအနက် အဆင်မြင့်သည့်အထဲတွင် ပါကြောင်း၊ မြန်မာစစ် တပ်က လိုချင်သည့် လေကြောင်းရန် ကာကွယ်ရေး စနစ်မျိုး ရုရှားတို့ထံတွင် ရှိနေပြီး ယင်းကာကွယ်ရေး စနစ်မျိုးကို ကမ္ဘာ့ ဖွံ့ဖြိုးပြီးနိုင်ငံများကပင် ဂုဏ်ယူပြောဆိုနေရကြောင်းလည်း ၎င်းက ပြောဆိုသည်။
လက်ရှိ မြန်မာစစ်တပ်၏ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် မော်စကိုမြို့တွင် ပြုလုပ်နေသည့် နိုင်ငံတကာ စစ်ရေးနည်းပညာ ဖိုရမ် IMTFA 2021နှင့် နိုင်ငံတကာ စစ်တပ်စွမ်းရည် ပြိုင်ပွဲ တက်ရောက်ရန် ရုရှားနိုင်ငံသို့ ရောက်ရှိနေပြီး ယမန်နေ့က ရုရှားအစိုးရ၏ ဒု ကာကွယ်ရေး ဝန်ကြီး အလက်ဇန္ဒား ဖိုမင်နှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။
ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနှင့် စစ်ရေး၊ စစ်ဘက် နည်းပညာဆိုင်ရာ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးလုပ် မည် ဟု ရုရှားအစိုးရဘက်က ပြောဆိုခဲ့ကြောင်း သိရသည်။
ရုရှား ဒု ကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒားဖိုမင်က မြန်မာနိုင်ငံသည် အာရှ – ပစိဖိတ်ဒေသနှင့် အရှေ့တောင်အာရှဒေသ တွင် ရုရှား၏ ယုံကြည်စိတ်ချ ရသော မဟာဗျူဟာ မိတ်ဖက်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ရုရှားသတင်းများက ဆိုသည်။
ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ရုရှားရှိ စစ်ဘက်ဆိုင်ရာ နေရာများနှင့် မြန်မာစစ်တပ်သို့ ပေးပို့ရန် ကျန်နေသည့် Su 30 SME အမျိုးအစား ဆူခွိုင်း တိုက်လေယာဉ်များ၊ Orlan 10 E UAVs အမျိုးအစား ဒရုန်းများ နှင့် Pantsir –S1 မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်များကို စသည့် လက်နက်ပစ္စည်းတချို့ကို သွားရောက် ကြည့်ရှု့မည်ဟု မြန်မာစစ်တပ်နှင့် ပတ်သက်သည့် ကာကွယ်ရေးနှင့် စစ်လက်နက်ပစ္စည်း သတင်းများကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၁ ဇန်နဝါရီလက နေပြည်တော်သို့ ၂ ရက်ကြာ လာရောက်ခဲ့သည့် ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂေ ရွိုင်ဂူ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ လေကြောင်းရန် ကာကွယ်ရေး စက်လက်နက်ပစ္စည်းများ ရောင်းချပေး မည်ဟု ကတိပြုပြီးနောက် ယင်းလက်နက်များမှ တချို့ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီးဖြစ်သလို ယင်းနည်းပညာများနှင့် ပတ်သက်သည့် သင်တန်းများ လည်း မြန်မာစစ်ဘက် အရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာစစ်တပ်သည် ယခုနောက်ပ်ိုင်း ရုရှားစစ်လက်နက်ပစ္စည်း နည်းပညာကို အဓိကထား သုံးစွဲလာရာ လေကြောင်းရန် ကာကွယ်ရေး စနစ်တခုကိုလည်း ဝယ်ယူထားပြီးဖြစ်သည်။
ရုရှားသို့ ပညာတော်သင်များ စေလွှတ်ရာ၌ စစ်ဘက်နည်းပညာ များ သင်ယူရန်သာမက အရပ်ဘက် ပညာတော်သင် များကိုပါ စေလွှတ်ရန် စီစဉ်ဆောင်ရွက် နေပြီ ဖြစ်ကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းလိုက်သဖြင့် မြန်မာပြည် အခြေအနေမှာ ယခင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေတ်အတိုင်း အမေရိကန်၊ အနောက်အုပ်စုတို့နှင့် ခပ်ခွာခွာနေရပြီး ရုရှားနှင့် တရုတ်တို့၏ ရင်ခွင်ထဲသို့ ပြန်ရောက်သွားပြီ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ခင်ဇော်ဝင်းက ပြောသည်။
“အခုအချိန်မှာ စစ်ကောင်စီရဲ့ အားကိုးစရာက တရုတ်နဲ့ ရုရှားပဲ ရှိတယ်။ အိန္ဒိယနဲ့ ထိုင်းကလည်း ဒုတိယလမ်းပေါ့ဗျာ။ သူ တို့လည်း ကူကြတယ်။ အဓိက သော့ချက်ကတော့ ရုရှားလို ဖြစ်သွားတယ်။ သူက စစ်ကောင်စီကို အသိအမှတ်ပြုတယ်။ ဆက်ကူညီမယ်။ လက်နက်တွေ ဆက်ရောင်းလိမ့်မယ်။ ကြည်းတပ်နဲ့ လေကြောင်းအတွက် ရုရှားမော်ဒယ်တွေပဲလေ” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “ပြီးတော့ ရုရှားက တရုတ်ရဲ့ ဈေးကွက်ကိုလည်း ဝင်လုလိမ့်မယ်။ အိန္ဒိယသမုဒ္ဒရာထဲမှာ ရုရှားရေတပ် အတွက်နေရာက မရသေးဘူး။ ရေတပ်ကြီး ရှိပြီးတော့ သူဝင်လာလို့ မရဘူး။ တရုတ်နဲ့ အမေရိကန်က ရောက်နေပြီ” ဟု လည်း သုံးသပ်ပြောဆိုသည်။
အရပ်သား အစိုးရထံမှ နိုင်ငံတော်အာဏာကို အတင်းအဓမ္မ ရယူခဲ့သည့် အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်းက သတိထား ဆက်ဆံလျက်ရှိသော်လည်း ရုရှားနိုင်ငံကမူ ပေါ်ပေါ်တင်တင် အသိအမှတ်ပြု ဆက်ဆံလာ ခြင်းသည် ၎င်း၏ လက်နက်ဈေးကွက်ကြီးတခုကို ဆက်လက်ရရှိရန် အားထုတ်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်မှုများ လည်း ရှိသည်။
လတ်တလောတွင်လည်း မြန်မာစစ်တပ်မှ ရုရှားနိုင်ငံတွင် ပြုလုပ်နေသည့် နိုင်ငံပေါင်းစုံ စစ်စွမ်းရည်ပြိုင်ပွဲ (Army Game) တွင် ပါဝင်ယှဉ်ပြိုင်နေသည်။
You may also like these stories:
ရုရှား စစ်ဘက်လေကြောင်း အချက်အခြာနေရာသို့ အာဏာသိမ်းခေါင်းဆောင် သွားရောက်
ကန်ဒေါ်လာ ၁၅ သန်းတန် ရုရှလုပ် ရေဒါများ မြန်မာစစ်တပ် ဝယ်
မြန်မာ အာဏာသိမ်းခေါင်းဆောင်ကို မော်စကို သတိထားဆက်ဆံ
မြန်မာလေတပ်ဦးစီးချုပ် ရုရှားသွားရောက်
မြန်မာ စစ်ခေါင်းဆောင် ရုရှားသို့ အကြိမ်ကြိမ်သွားသော်လည်း ပူတင်နှင့် တွေ့ခွင့်မရ
ကုလက လက်နက်ပိတ်ပင်လည်း စစ်ကောင်စီက လက်နက်အဝယ် ထွက်