သတင်း

ကုလညီလာခံတွင် မြန်မာကိုယ်စားလှယ် မိန့်ခွန်းမပြော၊ အာဖဂန် ပြောမည်

စစ်အာဏာသိမ်းမှုက ရွေးကောက်ခံအစိုးရကို ဖြုတ်ချလိုက်သောကြောင့် ကုလသမဂ္ဂ ကိုယ်စားလှယ်နေရာ အငြင်းပွားမှုများ အကြား မြန်မာကိုယ်စားလှယ်သည် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်း ပြောမည်မဟုတ်ကြောင်း ကုလသမဂ္ဂပြောခွင့်ရသူတဦးက သောကြာနေ့တွင်ပြောသည်။

လွန်ခဲ့သောလက တာလီဘန်တို့ သိမ်းပိုက်လိုက်ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ၏ ကုလသမဂ္ဂနေရာအတွက်လည်း အငြင်းပွားမှုများဖြစ်နေသည်။ ဖြုတ်ချခံ အာဖဂန် အစိုးရ၏ သံအမတ်သည် တနင်္လာနေ့တွင် အထွေထွေညီလာခံတွင် မိန့်ခွန်းပြောမည်ဖြစ်သည်။

“ဒီတခေါက် မြန်မာနိုင်ငံက မိန့်ခွန်း မပြောဘူး” ဟု ကုလသမဂ္ဂပြောခွင့်ရသူ စတီဖင် ဒူဂျားရစ်ပြောသည်။

ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရက ခန့်ထားသော လက်ရှိ သံအမတ် ဦးကျော်မိုးထွန်း သည် ညီလာခံ နောက်ဆုံးနေ့ဖြစ်သော တနင်္လာနေ့တွင် အဖွဲ့ဝင် ၁၉၃ နိုင်ငံ တက်ရောက်သည့် အထွေထွေညီလာခံတွင် မိန့်ခွန်းပြောမည်ဟု ကနဦးက မျှော်လင့်ထားကြသည်။

တရုတ်၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုအကြား သဘောတူညီချက် ရှိထားကြောင်း သံတမန်များပြောပြီး မော်စကိုနှင့်ဘေ့ဂျင်းတို့က ဦးကျော်မိုးထွန်း အထွေထွေညီလာခံတွင် မိန့်ခွန်းမပြောလျှင် သူ့ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် ဆက်လက်ထားရန် ကန့်ကွက်မည် မဟုတ်ကြောင်းပြောသည်ဟု သိရသည်။

“မိန့်ခွန်းပြောမယ့် စာရင်းကနေ ကျနော် နောက်ဆုတ်ထားပြီး အခုညီလာခံမှာ မိန့်ခွန်း မပြောပါဘူး” ဟု ဦကျော်မိုးထွန်းက Reuters သတင်းဌာနသို့ပြောကြားပြီး တရုတ်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့ပါဝင်သည့် ကုလသမဂ္ဂကိုယ်စားလှယ် အရည်အချင်း စိစစ်ရေးကော်မတီ အဖွဲ့ဝင်များအကြား သဘောတူညီချက်ကို သူသိကြောင်းပြောသည်။

မြန်မာစစ်ကောင်စီသည် စစ်အရာရှိဟောင်း ဦးအောင်သူရိန်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် အမည်စာရင်းတင်သွင်းသော်လည်း ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုကို ဆန့်ကျင်သောကြောင့် သတ်ဖြတ်ရန် ခြိမ်းခြောက်ခံနေရသည့် ဦးကျော်မိုးထွန်းက သူ့ကို သာ ဆက်လက်ခန့်ထားရန် တောင်းဆိုသည်။

တနင်္လာနေ့တွင် စကားပြောမည့် အာဖဂန်ကိုယ်စားလှယ်အဖြစ် စာရင်းပေးထားသူမှာ ဂူလန် အမ် အိုက်ဇက်ဇိုင် ဖြစ်ကြောင်း ဒူဂျားရစ်ပြောသည်။ သူသည် တာလီဘန်တို့ ဖြုတ်ချခဲ့သည့် အာဖဂန် အစိုးရကို ကိုယ်စားပြုသူ ဖြစ်သည်။

တာလီဘန် နိုင်ငံခြားရေးဝန်ကြီး အမ်မာ ခန် မတ်တာကီက ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားရန် တနင်္လာနေ့က တောင်းဆိုပြီး ဒိုဟာမှ ၎င်းတို့အဖွဲ့ပြောခွင့်ရသူ ဆူဟေးလ် ရှာဟင်းကို ကုလသမဂ္ဂဆိုင်ရာ အာဖဂန် ကိုယ်စားလှယ်အဖြစ် အမည်စာရင်းတင်သွင်းသည်။

ကုလသမဂ္ဂကိုယ်စားလှယ် အရည်အချင်းစိစစ်ခြင်းကို အဖွဲ့ဝင် ၉ နိုင်ငံပါသည့် ကော်မတီက ကိုင်တွယ်ပြီး ထိုအဖွဲ့ဝင်များတွင် အမေရိကန်ပြည်ထောင်စု၊ တရုတ်နှင့် ရုရှားတို့ပါသည်။ ထိုကော်မတီသည် အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာတွင် အစည်းအဝေးကျင်းပသောကြောင့် မတ်တာကီ အနေဖြင့်ယခုနှစ် အထွေထွေ ညီလာခံတွင် စကားပြောရန် ဆုံးဖြတ်ချက်ချနိုင်ခြင်း မရှိပေ။

အထွေထွေ ညီလာခံ စည်းမျဉ်းအရ ကော်မတီက မဆုံးဖြတ်သေးသရွှေ့ အိုက်ဆက်ဇိုင်နှင့် ဦးကျော်မိုးထွန်းတို့သည် အာဖဂန်နှင့် မြန်မာကိုယ်စားလှယ်များအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။

ကိုးကား။ ။ Bangkok Post

You may also like these stories:

မြန်မာ့လူ့အခွင့်အရေး ကပ်ဆိုးကို ချက်ခြင်း အရေးယူရန် ကုလသမဂ္ဂ တောင်းဆို

ကုလ လက်ထောက် အထွေထွေအတွင်းရေးမှူးဟောင်း မြန်မာ အထူးကိုယ်စားလှယ် ဖြစ်မည်ဟု သတင်းထွက်

ဘယ်နိုင်ငံကမှ လက်နက်ကိုင် ရုန်းကန်မှုကို ထောက်ပံ့မှာ မဟုတ်ဘူး

Loading