သတင်း

Mytel မှ ဘဏ္ဍာရေးမှူးချုပ် ပစ်ခတ်ခံရ၍ သေဆုံး

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်နေ Mytel ဆက်သွယ်ရေးလုပ်ငန်းမှ ဘဏ္ဍာရေးမှူးချုပ် ဗိုလ်မှူးဟောင်းသိန်းအောင် (၅၆နှစ်) သည် ဇနီးဖြစ်သူ ဒေါက်တာ သိမ့်အောင်သူနှင့်အတူ ယနေ့နံနက်ပိုင်းက လမ်းလျှောက်ပြန်လာစဉ် သေနတ်ဖြင့် ပစ်ခံရသဖြင့် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၇နာရီခန့်က မရမ်းကုန်းမြို့နယ် ၇ ရပ်ကွက် တေးနုယဉ်လမ်းနေ ဗိုလ်မှူးဟောင်း သိန်းအောင်နှင့် ဇနီးတို့ လမ်းလျှောက်ပြန်လာစဉ် လူတဦးက စောင့်ဆိုင်းကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင့် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ် သည်။

ထိုရပ်ကွက်တွင် နေထိုင်သူ တဦးက “သူတို့ လမ်းလျှောက်ထွက်တုန်း ပစ်ခံရတာ။ ယောက်ျားကတော့ ပွဲချင်းပြီး သေတာ၊ ကျည်လေးချက်ထိသွားတယ်လို့ ပြောတယ်” ဟု ပြောသည်။

ဇနီးဖြစ်သူမှာလည်း ခါးနှင့် ခြေထောက်တို့တွင် ကျည်ထိဒဏ်ရာများရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင် ထားကြောင်း သိရသည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ဦးသိန်းအောင်နှင့် ဇနီးဖြစ်သူတို့အား တွေ့ရစဉ်

ပစ်ခတ်ခံရသူ ဦးသိန်းအောင်သည် Mytel ကုမ္ပဏီတွင် Chief Finance Officer အဖြစ် တာဝန်ယူ ဆောင်ရွက်နေသူ ဖြစ်ပြီး၊ ရေတပ်မှ အငြိမ်းစား ဗိုလ်မှူး တဦးလည်း ဖြစ်သည်။

၎င်းမှာ ယခင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ၏ ကိုယ်ရေးအရာရှိဖြစ်ပြီး လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် (ဦးအောင်သောင်း၏သား) နှင့် အပတ်စဉ်တူ ဖြစ်ကာ အလွန်ရင်းနှီးသည့် ဆက်ဆံရေးရှိသည် ဆိုသည့် အကြောင်းများလည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ဆိုသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေး သလို၊ ဧရာဝတီက Mytel သို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားပေးခြင်း မရှိသေးသဖြင့် သီးခြား အတည်ပြုချက် မရယူနိုင်သေးပေ။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများက စစ်တပ်ထောက်ခံသူများနှင့် စစ်တပ်စီးပွားရေး လုပ်ငန်းများကို တိုက်ခိုက်နေရာ Mytel ဆက်သွယ်ရေးလုပ်ငန်းမှ တာဝါတိုင် များ ဖြိုဖျက်နေကြသလို ယခုအခါ ယင်းလုပ်ငန်း၏ အကြီးအကဲကိုပါ ပစ်ခတ်သတ်ဖြတ်မှု ပြုလုပ်လာခြင်းဖြစ်သည်။

You may also like these stories:

PDF နှင့် ရွာသားများကို “ရှင်းလင်းရန်” ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ညွှန်ကြား

လက်နက်ကိုင်ခုခံများကို သုံးလအတွင်း ရှင်းလင်းပစ်ရန် စစ်ကောင်စီ ရည်မှန်း

တိုက်ပွဲပုံစံသစ်ကို စစ်ကောင်စီ ရင်ဆိုင်နေရ

Loading