သတင်း

စစ်တပ်နှင့် ပတ်သက်သူများကို ဗြိတိန်နှင့် အမေရိကန်က ထပ်တိုးဒဏ်ခတ်

အာဏာသိမ်းစစ်တပ်မှ စစ်ဗိုလ်ချုပ်အချို့ အပါအဝင် စစ်တပ်နှင့် စီးပွားရေးအရ ပတ်သက်သူများကို ဗြိတိန် နှင့် အမေရိကန်နိုင်ငံတို့က မတ် ၂၅ ရက်တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်တိုးချမှတ်လိုက်ကြောင်း အဆိုပါနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့ပေးရာတွင် တာဝန်ရှိသူများ ဖြစ်ကြသည့် လက်နက်ရောင်းဝယ်ဖောက်ကားသူ ၂ ဦးနှင့် ကုမ္ပဏီ ၃ ခုအား ဗြိတိန် နိုင်ငံအစိုးရက အဓိက ပစ်မှတ်ထားကာ အရေးယူပိတ်ဆို့မှု အသစ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

မြန်မာစစ်တပ်အတွက် လက်နက်များ ဝယ်ယူပေးနေသည့် ဒေါက်တာအောင်မိုးမြင့်နှင့် ဦးအောင်လှိုင်ဦးတို့ကို ဗြိတိန် နိုင်ငံ သို့ ခရီးသွားလာခွင့်အား ပိတ်ပင်လိုက်ပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများကိုလည်း ကန့်သတ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မြန်မာစစ်တပ်အတွက် လက်နက်များ ဝယ်ယူတင်သွင်းပေးနေသည့် Dynasty International Company Ltd၊ Myanmar Chemical and Machinery Company Ltd နှင့် Miya Win International Ltd တို့ကိုလည်း ဒဏ်ခတ် အရေးယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကြာသေးမီက လေတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရသော ဗိုလ်ချုပ်ထွန်းအောင်ကိုလည်း ဗြိတိန် အစိုးရက ပိတ်ဆို့အရေး ယူမှုများ ပြုလုပ်နိုင်ရေး ဆောင်ရွက်နေကြောင်း၊ ယခုချမှတ်လိုက်သည့် အရေးယူပိတ်ဆို့မှု အသစ်များကို အမေရိကန်၊ ကနေဒါ စသည့် နိုင်ငံများနှင့် ပူးပေါင်းညှိနှိုင်းကာ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ဗြိတိန် အစိုးရ၏ အာရှဒေသဆိုင်ရာဝန်ကြီး Amanda Milling ကလည်း ယူကေအစိုးရ အနေဖြင့် စိတ်တူသဘောတူ နိုင်ငံများနှင့် လက်တွဲပြီး လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးမှုရှိရေးတို့ကို ကာကွယ်သွားမည် ဖြစ်ကြောင်း၊ ဖိနှိပ်ချုပ်ချယ်၍ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်ကို အရေးယူနိုင်ရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောသည်။

အလားတူ အမေရိကန်နိုင်ငံကလည်း မြန်မာစစ်ဗိုလ်ချုပ် ၂ ဦး အပါအဝင် မြန်မာစစ်တပ်နှင့် ပတ်သက်နေသည့် စီးပွားရေးလုပ်ငန်းရှင် ၃ ဦးတို့ကို အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း ကြေညာသည်။

အမေရိကန်အစိုးရက စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် နေပြည်တော် စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း အပါအဝင် လုပ်ငန်းရှင်များဖြစ်သည့် ဦးအောင်လှိုင်ဦး၊ ဒေါက်တာ နိုင်ထွဋ်အောင်နှင့် ဦးစစ်တိုင်းအောင်တို့ကိုပါ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) ၏ ဒဏ်ခတ်အရေးယူမှုစာရင်းတွင် ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။

ဒေါက်တာနိုင်ထွဋ်အောင်သည် International Gateways Groups of Company Limited (IGG) ကုမ္ပဏီပိုင်ရှင် ဖြစ်ပြီး ဦးစစ်တိုင်းအောင်သည် (SUNTAC) ကုမ္ပဏီပိုင်ရှင်ဖြစ်ကာ ဦးအောင်လှိုင်ဦးသည် Myanmar Chemical & Machinery Company Limited (MC&M) ၏ ပိုင်ရှင် ဖြစ်သည်။

ထို့ပြင် ၂၀၂၁ ဒီဇင်ဘာလက ဖြစ်ပွားခဲ့သော “ခရစ္စမတ်အကြိုနေ့ အစုလိုက်အပြုံလိုက် လူသတ်မှု” နှင့် ဆက်နွယ်နေ သည့် စစ်ကောင်စီ၏ ပြည်မြို့အခြေစိုက် တပ်မ (၆၆) ကိုလည်း မြန်မာနိုင်ငံတွင် ပြည်သူများအား မတရားဖမ်းဆီးခြင်း နှင့် ညှဉ်းပန်းနှိပ်စက်မှုများအတွက် တာဝန်ယူမှုရှိစေရေး ရည်ရွယ်ပြီး OFAC တွင် စာရင်းသွင်းခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီနှင့် ပတ်သက်သည့် ကုမ္ပဏီများအနေနှင့် မြန်မာစီးပွားရေး ထိပ်တန်းလုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် Myanmar Chemical & Machinery Company Limited (MC&M)၊ International Gateways Groups of Company Limited (IGG)၊ Htoo Group of Companies (Htoo Group) နှင့် the Asian Green Development Bank (AGDB) တို့ကိုလည်း အဆိုပါစာရင်းတွင် ထည့်သွင်းထားကြောင်း အမေရိကန်အစိုးရက ဆိုသည်။

ယခု အရေးယူသတ်မှတ်မှုများသည် “မြန်မာနိုင်ငံအတွင်း အခြေအနေနှင့် စပ်လျဉ်း၍ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့် သတ်ခြင်း” ဆိုင်ရာ သမ္မတဂျိုးဘိုင်ဒန်၏ အမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရ သည်။

လက်ရှိအချိန်အထိ အမေရိကန်အစိုးရသည် မြန်မာနိုင်ငံမှ လုပ်ငန်းအဖွဲ့အစည်း ၂၇ ခုနှင့် လူပုဂ္ဂိုလ် ၇၀ တို့ကို ဒဏ်ခတ်အရေးယူ ပိတ်ဆို့ထားကြောင်း၊ အကြမ်းဖက်မှုများ ရပ်တန့်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိသည်အထိ စစ်အာဏာရှင်အဖွဲ့အား ဒဏ်ခတ်အရေးယူမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

You may also like these stories:

အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါက စစ်ကောင်စီအဖွဲ့ဝင်များကို ဒဏ်ခတ်အရေးယူမှု တိုးမြှင့်

စစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့ရေး မြန်မာ့ကျောက်မျက်လုပ်ငန်း ပစ်မှတ်ဖြစ်လာ

စစ်ခေါင်းဆောင် မိသားစုဝင်နှင့် ဆက်စပ်လုပ်ငန်းများကို အမေရိကန် ထပ်တိုးအရေးယူ

Loading