လာမည့် ကဆုန်လပြည့်နေ့ မန္တလေးတွင် ကျင်းပမည့် သံဃာအပါး ၁၀၂၆၄ အား ဆွမ်းလောင်းမည့်ပွဲသာမက စစ်ကောင်စီ စီစဉ်သည့် ကျန်ဘာသာရေးပွဲများကို သပိတ်မှောက်ကြရန် သံဃသမဂ္ဂ(မန္တလေး) အဖွဲ့က တိုက်တွန်းလိုက်သည်။
သံဃသမဂ္ဂ (မန္တလေး) မှ ဆရာတော် ဦးရာဇဒမ္မက “အခု သူတို့ လုပ်မယ့်ပွဲမှာ အဓိက သံဃာထုကနေ မပူးပေါင်းဖို့နဲ့ သပိတ်မှောက်ဖို့အတွက် တိုက်တွန်း လှုံ့ဆော်နေတယ်။ ကမ်ပိန်း ပုံစံမျိုးနဲ့လည်း ဆက်ပြီး လုပ်ဆောင်သွားမယ်။ အခု ပွဲမှ မဟုတ်ပါဘူး နောက်ဆက် လုပ်လာနိုင်တဲ့ ဘာသာရေး ပတ်သက်တဲ့ အခမ်းအနားတွေ၊ ပွဲတွေကိုပါ ဆန့်ကျင်ဖို့ သပိတ် မှောက်ဖို့ပါ ရည်ရွယ်ပြီး လှုံ့ဆော်သွားမယ်” ဟု မိန့်ကြားသည်။
မေ ၁၄ ရက်တွင် ကျရောက်သည့် ကဆုန်လပြည့်နေ့တွင် ကျုံးအရှေ့ဘက်(အရှေ့ပြင်) ၆၆ လမ်းအတိုင်း သံဃာတော် ၂၅၆၆ ပါး၊ ကျုံးတောင်ဘက်(တောင်ပြင်) ၂၆ လမ်းအတိုင်း သံဃာတော်၂၅၆၆ ပါး၊ ကျုံးအနောက်ဘက်(အနောက်ပြင်) လမ်း ၈၀ အတိုင်း သံဃာတော် ၂၅၆၆ ပါး၊ ကျုံးမြောက်ဘက်(မြောက်ပြင်) ၁၂ လမ်းအတိုင်း သံဃာတော်၂၅၆၆ ပါး စုစု ပေါင်း သံဃာ အပါး ၁၀၂၆၄ ပါး တို့အား နံနက် ၆ နာရီမှ စတင်ကာ ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ ဝတ္ထုငွေ လောင်းလှူမည်ဟု စစ်ကောင်စီခန့် မန္တလေးတိုင်း အစိုးရက စီစဉ်နေခြင်း ဖြစ်သည်။
အဆိုပါ ဆွမ်းလောင်းပွဲအတွက် စစ်ကောင်စီက မန္တလေးခရိုင်အတွင်းမှ သံဃာများကို ပင့်ဖိတ်နိုင်ရန် စီစဉ်နေပြီး မြို့ခံများ အနေဖြင့် ပါဝင် လှူဒါန်းပေးကြရန်လည်း လမ်းများတွင် ဆိုင်းဘုတ်များ ထောင်၍ တိုက်တွန်း နှိုးဆော်မှုများ ပြုလုပ် ထား သည်။
“အခုနောက်ပိုင်းမှာ စစ်ကောင်စီက မြို့ပေါ် လိုနေရာမျိုးမှာတောင် အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ်တာတွေ နေ့စဉ်လိုလို ဖြစ်နေတယ်။ ကျေးရွာတွေကိုလည်း ရွာလုံးကျွတ်တွေ မီးရှို့ ဖျက်ဆီးတယ်။ ဒီဖြစ်ရပ်တွေကို ဦးပဉ္ဖင်းတို့ ကြားနေ၊ မြင်နေ ရတယ်။ ဒီလို အခြေအနေမျိုးမှာ စစ်ကောင်စီက ဘာသာရေးကို အသုံးချပြီး သံဃာတွေကို လှူဒါန်းတာတွေ လုပ်လာတာ သံဃာထုအနေနဲ့လည်း စဉ်းစားချင့်ချိန်ဖို့ လိုတယ်” ဟု ဦးရာဇဒမ္မက မိန့်ကြားသည်။
၎င်းက ဆက်လက်၍ “ဘာကြောင့်လဲဆိုတော့ ပြည်သူ ဒကာ၊ ဒကာမတွေရဲ့ ထောက်ပံ့ လှူဒါန်းမှုနဲ့ ရပ်တည်လာကြတဲ့ ရဟန်းသံဃာတွေအနေနဲ့ ပြည်သူကို မတရား ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ ဟန်ပြ လှူဒါန်းမှုတွေကို လက်မခံဘဲ ဆန့်ကျင် သပိတ်မှောက်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု မိန့်သည်။
စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ စီစဉ်နေခြင်းများသည် တိုင်းပြည် အေးချမ်း တည်ငြိမ်နေပြီဆိုသော ပုံရိပ်ကို ပြသလိုမှုနှင့် အတူ အမျိုးဘာသာ သာသနာကို စောင့်ရှောက်သည်ဆိုသော နိုင်ငံရေး အမြတ်ထုတ်လိုသဖြင့် လုပ်ဆောင်နေခြင်းဟု မန္တလေး မြို့ခံများက သုံးသပ် ပြောဆိုကြသည်။
“စစ်အာဏာရှင် အဆက်ဆက်က သူတို့သာလျှင် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်သူတွေဆိုပြီး ဘာသာရေးကို အသုံးချလေ့ရှိတယ်။ အခုအချိန်မှာလည်းပဲ စစ်ကောင်စီက တိုင်းပြည်ကို အုပ်ချုပ်လို့မရတဲ့ အခြေအနေတွေ ဖြစ်နေပြီ၊ ပြည်သူတွေက လက်မခံတော့ အာဏာကို ထိန်းလို့မရဘူး ဖြစ်နေတာပေါ့။ ဒီလို အခြေအနေမှာ တိုင်းပြည်တွင်းမှာ ဘာ သာရေး အခမ်းအနားတွေက အစ လုပ်လာနိုင်ပြီ၊ တိုင်းပြည် အေးချမ်းနေပါပြီဆိုတဲ့ ပုံရိပ်ကို ပြချင်တာပေါ့” ဟု မန္တလေး မြို့ခံ ဝါရင့် သတင်းစာဆရာတဦးက ပြောသည်။
စစ်ကောင်စီခန့် မန္တလေးတိုင်း အစိုးရအဖွဲ့သည် မန္တလေး ကျုံးနှင့် နန်းမြို့ရိုးကြား လေးပြင်လေးရပ်၌ မြန်မာနှစ်ဆန်း ၁ ရက် (ဧပြီ ၁၇ ရက်) ကလည်း သံဃာအပါး ၄၀၀၀ အား ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရန် စီစဉ်ခဲ့သော်လည်း သံဃသမဂ္ဂ (မန္တလေး) က သံဃာများအနေဖြင့် သွားရောက် မပူးပေါင်းဘဲ သပိတ်မှောက်ကြရန် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပွဲပျက်ခဲ့ရသည်။
ပြည်ကြီးတံခွန်သပိတ် အင်အားစု ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသက “နှစ်ဆန်း ၁ ရက်က ပွဲပျက်သွားလို့ အကြောင်း ရှာပြီးတော့ အခုလို လုပ်လာတာလို့ပဲ မြင်တယ်။ လူထုကို ရက်ရက်စက်စက် သတ်ဖြတ် ခိုးဆိုးလုယက် နှိပ်စက်ပြီး တိုင်းပြည် ဘဏ္ဍာကို ထင်သလို သုံးစွဲ ရိုးသားမှု မရှိတဲ့သူတွေလုပ်တဲ့ အလှူကို ရဟန်းသံဃာတွေအနေနဲ့ အလှူခံ မထိုက်ပါဘူး။ သူတို့ရဲ့ မစင်ကြယ်မှုတွေကို ဘာသာရေး အရေခြုံပြီး ဖုံးကွယ်ဖို့ ကြိုးစား လာတဲ့ သဘောပဲလို့ သုံးသပ် တယ်။ ဘာသာရေးကို ယုံကြည်သက်ဝင်မှုနဲ့ လုပ်တာမျိုး မဟုတ်တဲ့အတွက် ဗုဒ္ဓရဲ့ လမ်းစဉ်နဲ့ လည်း ကိုက်ညီမှု မရှိဘူး” ဟု မိန့်ကြားသည်။
အထက်မြန်မာပြည်ရှိ မန္တလေးမြို့သည် သံဃာသြဇာ ကြီးမားသောမြို့ဖြစ်ပြီး ယခင် စစ်အစိုးရလက်ထက် ၁၉၉၀ ခုနှစ်က မြို့လူထု၏ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို စစ်တပ်မှ ဖြိုခွင်းသည့်အတွက် သံဃာထုက ညီညွတ်စွာဖြင့် စစ်အစိုးရအပေါ် သပိတ်မှောက်ခြင်း ပြုလုပ်ခဲ့ဖူးသည်။
“မန္တလေးပြည်သူတွေဆိုတာက မန္တလေး သံဃာထုအပေါ် အားကိုးရာအနေနဲ့အပြင် ဘာသာရေး ဦးဆောင်သူတွေအနေနဲ့ လေးစားကြည်ညိုရင်းစွဲတွေ ရှိကြတယ်။ ပြီးတော့ လက်ရှိကာလမှာ နေ့စဉ် ဖမ်းဆီးတာတွေ သတ်ဖြတ်ခံရတာတွေလည်း ရှိနေတာရယ် စီးပွားရေး အကျပ်အတည်းကာလ ဖြစ်နေတာတွေကြောင့် မန္တလေးပြည်သူတွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိဘူးဆိုတာကို အပြည့်အ၀ ယုံကြည်တယ်။ သို့ပေမယ့် စီးပွားရေး လုပ်ငန်းရှင်အချို့ကို စစ်ကောင်စီ ကနေ ဖိအားပေး အကျပ်ကိုင်ပြီးတော့ ပါဝင်စေတာမျိုး တွေတော့ ရှိကောင်း ရှိလာနိုင်တယ်” ဟု ဦးရာဇဒမ္မက ဆက်လက် မိန့်ကြားသည်။
မန္တလေးမြို့သည် သံဃာအရေအတွက် အများဆုံးဖြစ်ကာ ယခင်က နှစ်စဉ် ဝါဆိုသံဃာ ၁ သိန်း ၃ သောင်းခန့်ထိရှိခဲ့ရာ စစ် တပ်က အာဏာသိမ်းပြီးနောက် သံဃာအင်အားများလည်း လျော့ကျလာပြီး ယခုအခါ ဝါဆိုသံဃာ ၇ သောင်းခန့်သာ ရှိ တော့ကြောင်း သိရသည်။
ယနေ့ထိတိုင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု အားကောင်းသည့် မန္တလေးမြို့တွင် သံဃသမဂ္ဂ (မန္တလေး) သပိတ် စစ်ကြောင်းသည်လည်း ဆက်လက် ချီတက် ဆန္ဒပြနေဆဲဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး မြေပြင်သပိတ်တွင် ပါဝင်မှု ကြောင့် ဖမ်းဆီးခံရသည့် သံဃာ ၁၀၀ ကျော်ထိ ရှိကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီ ဆွမ်းဆန်စိမ်းလောင်းပွဲ သပိတ်မှောက်ဖို့ မန္တလေး သံဃသမဂ္ဂ လှုံ့ဆော်
စစ်ကောင်စီ၏ မန္တလေး ဆွမ်းဆန်စိမ်းလောင်းပွဲ သံဃာ ၄ ထောင်အစား ၁၀၈ ပါးသာ ပင့်တော့မည်
မန္တလေးသင်္ကြန် ဆင်နွှဲခြင်း မပြုဖို့ တော်လှန်ရေးအဖွဲ့များ သတိပေး
မန္တလေးကျုံးအနီး ရှော့တိုက်ဒုံးတွေ့မှု အနီးရှိ ပြည်သူ ၉ ဦး ဖမ်းဆီးခံရ