ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံ CDF တပ်တို့အကြား မြို့တွင်း မြို့ပြင် တိုက် ပွဲများ နေ့စဉ် ဖြစ်ပွားနေကြောင်း သိရသည်။
ဇွန် ၉ ရက် အထက်လက်မွန်ရွာနှင့် ချင်း လက်မွန်ရွာအနီးမှ စခဲ့သည့် တိုက်ပွဲသည် ယနေ့အထိ တောက် လျှောက်ဖြစ် နေပြီး ကန်ပက်လက်မြို့တွင်းသို့ပါ ကူးစက်လာနေကြောင်း သိရသည်။
ကန်ပက်လက် CDF ခေါင်းဆောင် တဦးက “တိုက်ပွဲက ၉ ရက်နေ့စတာ ၁ ရက်မှ မနားဘူး ရက်ဆက်ပဲ ဒီနေ့အထိ ထိတွေ့တိုက်ပွဲ ဖြစ်နေတယ်။ ကျနော်တို့ဘက်ကတော့ ကျည်ဆန် မလုံလောက်တဲ့ ပြဿနာရှိတယ်။ စစ်ကောင်စီက သာလွန်အင်အားသုံးတဲ့အခါ ပြန်ပြီး ဆုတ်ရတဲ့ အခြေအနေပေါ့။ ကျနော်တို့ဘက်က လက်နက်အင်အား ပိုင်ဆိုင် မှုမှာလည်း အများကြီးကွာဟတယ်။ ရိုးရာတူမီးလောက်နဲ့ တိုက်ခိုက်နေရတော့ တိုက်ရင်းနောက် ဆုတ်ရတဲ့ အနေ အထားပါ ” ဟု ဧရာဝတီသို့ ပြောသည်။
ဇွန် ၁၀ ရက်က ချင်းလက်မွန် ကျေးရွာနှင့် ၂ မိုုင် အကွာ တောင်တန်းပေါ်ရှိ ကန်ပက်လက် CDF တပ်ရင်း ( ၂ ) လက် အောက်ခံစခန်းတခုကို စစ်ကောင်စီတပ်များက သိမ်းယူခဲ့ကြောင်း ကန်ပက်လက် CDF တပ်ဖွဲ့ဝင်များက ပြောသည်။
သို့သော် ကန်ပက်လက် CDF တပ်များက ယင်းစခန်းကို ချက်ခြင်းပြန်တိုက်ရာ စစ်ကောင်စီ တပ်သား ၃ဦး သေဆုံးပြီး၊ ကျန်စစ်ကောင်စီတပ်ကို ဝိုင်းပတ်ပိတ်ဆို့ထားချိန် ကန်ပက်လက်မြို့တွင်းမှ စစ်ကောင်စီတပ်များ စစ်ကူပေးရန် ထွက် လာသဖြင့် CDF တပ်များက မြို့တွင်းသို့ ဝင်ကာ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကန်ပက်လက် CDF ခေါင်းဆောင်တဦးက “ ကျနော်တို့ကို အင်အားသုံး တိုက်တဲ့အတွက် စခန်းတခု လက်လွတ်ခဲ့ရ တယ်၊ မြို့ဘက်ကလည်း စစ်ကူထွက်လာတယ် ဆိုတော့ အဲဒီဘက်ကို ဖိအားမများ ရအောင် မြို့တွင်း ပြောက်ကျား ဆင်နွဲရတာဖြစ်တယ်။ အမြဲတမ်းမြင်ကွင်း အသာစီးကနေ တိုက်ခိုက်တာဆိုတော့ ကျနော်တို့ ဘက်ကထိခိုက် တာမရှိ ဘူး။ လက်နက်ကြီးကြောင့် ဒဏ်ရာရတာတော့ ရှိတာပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီတပ်သားများနှင့် ဒေသခံ CDF တပ်ဖွဲ့ဝင်များအကြား ဇွန် ၁၂ရက်က တနေကုန်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များသည် သိမ်းထားသော စခန်းကို မီးရှို့ကာ ဆုတ်ခွာသွားကြောင်း၊ ယင်းတပ်များ ကျော့တော်ရွာနှင့် အံပုံရွာအနီး အရောက် CDF တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်သဖြင့် အထက်လက်မွန် ၊ ချင်းလက်မွန် ၊ အံပုံ ၊ ကျော့တော် ၊ စံမသား စသည့်ကျေးရွာများ အပါအဝင် ရွာပေါင်း ၁၅ ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။
အံပုံရွာသူတဦးက “ထွက်ပြေးတဲ့ရွာသားတွေ တောတောင်ထဲမှာပဲ ဖြစ်သလို နေကြရတာ။ လက်နက်ကြီးတွေက လည်း နေ့တိုင်းထုတယ်။ ဒီနေ့လည်း ကျမတို့ ရွာအထက်ဘက်ကို လှမ်းပြီးထုနေတယ်။ အန္တရာယ်ကြား ရောက်နေ သလိုပဲ။စားစရာတွေလည်း မရှိ ရွာတွေမှာ စစ်ဘေးရှောင်တွေအတွက် စုထားတဲ့ ဆန်အိတ်တွေကိုလည်း စစ်သား တွေက အကုန်မီးရှို့သွားတယ်။ ကျမတို့ တောထဲမှာ စားစရာတွေလည်း မရှိကြဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ကန်ပက်လက်မှ CDF စခန်းများကို တိုက်ရန် မင်းတပ်နှင့် ကန်ပက်လက်မြို့တွင်းရှိ စစ်ကောင်စီတပ်များက အင်အားရာချီစုကာ ထိုးစစ်ဆင်တိုက်နေကြောင်း သိရသည်။
You may also like these stories:
ကန်ပက်လက်တွင် စစ်ကောင်စီတပ်နှင့် CDF တို့ တိုက်ပွဲပြင်းထန်နေ
တိုက်ပွဲပြင်းထန်နေသည့် ကန်ပက်လက်တွင် စစ်ရှောင်များ အရေးပေါ် အကူအညီလိုနေ