အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ခေါင်းဆောင်များ လွန်ခဲ့သောနှစ်က သဘောတူခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက် နှင့်ပတ်သက်ပြီး တိုးတက်မှု မရှိသလောက် ဖြစ်နေသောကြောင့် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပရန် စီစဉ်ထားသည့် လာမည့် ASEAN နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) နှင့် ဆက်စပ် အစည်းအဝေးများတွင် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဆက်လက် ပိတ်ပင်ထားမည် ဖြစ်သည်။
ဇူလိုင်လ ၆ ရက်နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးနှင့် ASEAN ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ ပရက်ဆိုခွန်းက နိုင်ငံရေးနှင့် ပတ်သက်သော ကိုယ်စားလှယ်တဦးကိုသာ စေလွှတ်ပေးရန် ဖိတ်စာကို ကမ္ဘောဒီးယားနိုင်ငံက မြန်မာသို့ ပေးပို့ထားပြီးဖြစ်ကြောင်း ပြောသည်။
ASEAN ၏ အလှည့်ကျ ဥက္ကဋ္ဌအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသည် ၅၅ ကြိမ်မြောက် ASEAN နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM)၊ ASEAN ဝန်ကြီးများ အစည်းအဝေးလွန် ညီလာခံ (PMC)၊ ၂၃ ကြိမ်မြောက် ASEAN နှင့် ၃ နိုင်ငံပေါင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (23rd APT FMM)၊ ၁၂ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (12th EAS FMM) နှင့် ၂၉ ကြိမ်မြောက် ASEAN ဒေသဆိုင်ရာဖိုရမ် (29th ARF) နှင့် ဆက်စပ် အစည်းအဝေးများကို ဖနွမ်ပင်ရှိ ဆိုခ ဖနွမ်ပင်ဟိုတယ်တွင် ဇူလိုင်လ ၃၁ ရက်နေ့မှ သြဂုတ်လ ၆ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။
စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးသည် ASEAN အစည်းအဝေးများတွင် သံတမန်ရေး ထိုးနှက်ခံရသည်မှာ ယခုတကြိမ်သည် ဒုတိယအကြိမ် ဖြစ်သည်။ ပထမတကြိမ် ဦးဝဏ္ဏမောင်လွင်သည် ဆိုင်ယမ် ရိ ပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပသည့် ASEAN နိုင်ငံခြားရေးဝန်ကြီးများ သီးခြားအစည်းအဝေး (AMM Retreat) သို့ တက်ရောက်ခွင့် ပိတ်ပင်ခံရသည်။ ထိုသို့ ပိတ်ပင်ခံရခြင်းကို စစ်ကောင်စီက ကန့်ကွက်ပြီး နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်ကိုပင် စေလွှတ်ခဲ့ခြင်း မရှိပေ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖြုတ်ချလိုက်ချိန်မှ စတင်ပြီး မြန်မာနိုင်ငံ အခြေအနေသည် ဖရိုဖရဲ ဖြစ်နေသည်။
“လုံလောက်တဲ့ တိုးတက်မှု မရှိမချင်း မြန်မာနိုင်ငံပါဝင်မှုကို နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကိုယ်စားလှယ်အဆင့်ပဲ ထားရှိဖို့ ASEAN ကိုးနိုင်ငံက သဘောတူထားတယ်ဆိုတာ ကျနော် ခင်ဗျားတို့ကို သတိပေးချင်တယ်” ဟုလည်း ပရက်ဆိုခွန်းက ပြောသည်။
စစ်ကောင်စီသည် မစ္စတာ ဆိုခွန်းက တောင်းဆိုသကဲ့သို့ နိုင်ငံရေးနှင့် မပတ်သက်သည့် ကိုယ်စားလှယ်ကို စေလွှတ်မည်၊ မစေလွှတ်မည်ကို ရှင်းလင်းစွာ မသိရပေ။
မစ္စတာ ဆိုခွန်းသည် ASEAN ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် မကြာသေးမီက သွားရောက်ခဲ့သည်။ တနင်္လာနေ့တွင် ပုဂံ၌ကျင်းပသည့် ၇ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးကို ဆက်လက်တက်ရောက်သည်။
ထိုကဲ့သို့အလုပ်သဘော သွားရောက်ခြင်းသည် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး တိုးတက်မှု ရှိစေရန် ရွေးချယ်ပြီး အထူးသဖြင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရေးနှင့် ပူးတွဲကာကွယ်ဆေး အစီအစဉ်ကို အကောင်အထည်ဖော်ရန်၊ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများအတွက် အခြေအနေများ ဖန်တီးရန် ရည်ရွယ်သည်။ ထိုအစီအစဉ်များကို မေလ ၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်တွင် ကျင်းပသည့် မြန်မာနိုင်ငံဆိုင်ရာ ASEAN လူသားချင်းစာနာမှု အကူအညီ ညှိနှိုင်းအစည်းအဝေးက သဘောတူထားသည်။
ထိုခရီးစဉ် ပထမနေ့တွင် မစ္စတာ ဆိုခွန်းသည် နေပြည်တော်၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး အဓိက အချက်အလက်များ အကောင်အထည်ဖော်ရာတွင် နောက်ဆုံးအခြေအနေနှင့် စိန်ခေါ်မှုများကို အမြင်ချင်း ဖလှယ်ပြီး ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အကြား ယခင် ၃ ကြိမ် ဆွေးနွေးမှု နောက်ဆက်တွဲများ၊ မြန်မာနှင့် ပတ်သက်သည့် ASEAN လူသားချင်းစာနာမှု အကူအညီ ညှိနှိုင်း အစည်းအဝေး ရလဒ်များကိုလည်း ဆွေးနွေးသည်။
ထို့နောက်သူသည် ASEAN ရေးရာများကို ဦးဝဏ္ဏမောင်လွင်နှင့် ဆွေးနွေးသည်။ မစ္စတာ ဆိုခွန်းက သေဒဏ်ချမှတ်ထားမှုများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်တွင် ဖမ်းဆီးထားရာမှ နေအိမ်သို့ ပြန်ပို့ရေးတို့ကို ဆွေးနွေးခဲ့သည်။
သူက အကြမ်းဖက်မှု ရပ်ဆိုင်းရန် ထပ်လောင်း တောင်းဆိုပြီး ခက်ခဲသော ဒေသများသို့ လူသားချင်းစာနာမှု အကူအညီများ ဘေးကင်းလုံခြုံစွာ အချိန်မီ ဘက်မလိုက်ဘဲ ရောက်ရှိရေးကို စစ်ကောင်စီက ထောက်ခံရန်၊ အကျဉ်းသားများ လွှတ်ပေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်းကတော် ဒေါ်စုစုလွင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် တဦးအပါအဝင် စစ်ကောင်စီနှင့် မပတ်သက်သူများနှင့် တွေ့ခွင့်ပေးရန် ၎င်းက တောင်းဆိုသည်။
ဒေါ်စုစုလွင်သည် ကျန်းမာရေး မကောင်းသောကြောင့် သူ့ကိုမတွေ့နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် တရားစီရင်မှု မပြီးသေးသောကြောင့် တွေ့ခွင့်မပေးနိုင်ကြောင်း သူ့ကို အကြောင်းပြန်သည်ဟု မစ္စတာ ဆိုခွန်းကပြောသည်။
ဇူလိုင်လ ၆ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဆိုခွန်းက သူ၏ မကြာမီက မြန်မာခရီးစဉ်တွင် ထူးခြားသော တိုးတက်မှုများ ရခဲ့ကြောင်းပြောသည်။
“ဒီခရီးစဉ်ရဲ့ ရလဒ်တွေက တစုံတရာ အပြုသဘောဆောင်တယ်။ ကျနော်ကတော့ အကောင်းမြင်ပြီး ထူးခြားတဲ့ တိုးတက်မှုရတယ်လို့ ကျနော်ပြောရဲတယ်” ဟု သူကပြောသည်။ “ပထမအချက်က ကျနော်တို့ဟာ သက်ဆိုင်သူတွေနဲ့ တွေ့ခဲ့ပြီး အကြောင်းအရာ ပိုမိုများပြားစွာ ပြောနိုင်ခဲ့ပြီး နိုင်ငံရေးညှိနှိုင်းမှု လမ်းကြောင်းသစ် ဖွင့်ခဲ့တယ်” ဟုလည်း ၎င်းကဆက်ပြောသည်။
ထိုခရီးစဉ်အတွင်း မစ္စတာ ဆိုခွန်းသည် မြန်မာမှ နိုင်ငံရေးပါတီ ၇ ခု၊ စစ်ကောင်စီနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။
သို့သော် မစ္စတာ ဆိုခွန်းက သူသည် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအပါဝင် နိုင်ငံရေးပါတီ ၄ ခု၊ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၃ ခုနှင့် တွေ့ခွင့် မရခဲ့ကြောင်း ပြောသည်။
ကိုးကား။ ။ Khmer Times သတင်း Barred again: Myanmar Junta FM not allowed to attend upcoming Asean meetings
You may also like these stories :
မြန်မာ့အခြေအနေ ပိုဆိုးလာ၊ အားထုတ် လုပ်ကိုင်ရန် လိုကြောင်း ကုလသမဂ္ဂနှင့် ASEAN ပြော
စစ်ကောင်စီမှတဆင့် အကူအညီပေးမည့် အာဆီယံအစီအစဉ် ပြည်တွင်းပြည်ပအဖွဲ့များ ကန့်ကွက်
ASEAN အစီအစဉ် စစ်ကောင်စီ လေးစားရန် ကမ္ဘောဒီးယားနှင့် ဂျပန်ခေါင်းဆောင်များ တိုက်တွန်း
မြန်မာအကျပ်အတည်းက အာဆီယံကို စိန်ခေါ်နေ