အာဏာသိမ်း စစ်ကောင်စီ၏ စွပ်စွဲချက်များဖြင့် နေပြည်တော် ထောင်အတွင်း အကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် မနက်ဖြန် ကျရောက်မည့် ၇၅ နှစ်မြောက် အာဇာနည်နေ့အား တက်ရောက်မည် မဟုတ်ဘဲ ထောင် အတွင်းမှ ဖြတ်သန်းရမည် ဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။
စစ်ကောင်စီ စွပ်စွဲထားသည့် အမှုများဖြင့် ထောင် ၁၁ နှစ် ချထားသည့် ဒေါ်အောင်ဆန်းစုကြည်အား ဇွန်လ၂၂ ရက်က စတင်ကာ လျှို့ဝှက်နေအိမ်တခုတွင် အကျယ်ချုပ်ထားရာမှ နေပြည်တော် အချုပ်ထောင်အတွင်းရှိ သီးခြားအခန်း တခု သို့ ပို့ဆောင် ချုပ်နှောင်ခဲ့သည်မှာ တလပြည့်မြောက်တော့မည် ဖြစ်သည်။
နီးစပ်သူတဦးက “အခုက ဘာမှလုပ်ဖို့ အခွင့်အရေးလည်း မရှိတော့ဘူး ထင်ပါတယ်။ ဘာမှပြောတာလည်း မရှိဘူး၊ သူ့ဟာသူပဲ သူ့အဖေအတွက်တော့ ထောင်ထဲမှာပဲ တခုခု ရည်စူးပြီး လုပ်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ယနေ့ နေပြည်တော်ထောင်အတွင်းရှိ သီးသန့်တရားခွင့်၌ ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ် စစ်ဆေးရာ၌လည်း အာဇာနည်နေ့နှင့် ပတ်သက်ပြီး တစုံတရာ ပြောကြား တောင်းဆိုတာမျိုးလည်း မရှိကြောင်း နီးစပ်သူတဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖခင်ဖြစ်သူ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်း ဆောင်ကြီးများ ကျဆုံးခဲ့ရသည့် ဇူလိုင် ၁၉ ရက်တွင် အာဇာနည် အခမ်းအနားသို့ မတက်ရောက်နိုင်ဘဲ စစ်အာဏာရှင် များ၏ ထောင်သွင်း အကျဉ်းချခံနေရသည်မှာ ယခုအကြိမ်သည် ဒုတိယအကြိမ် ဖြစ်သည်။
ပထမအကြိမ်အဖြစ် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ လက်ထက်၂၀၀၉ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အင်းစိန် အကျဉ်းထောင်၌ ချုပ်နှောင်ခံနေခဲ့ရသည်။
သို့သော် အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံထားရစဉ် ၆၂ နှစ်မြောက် ကျရောက်သည့် အာဇာနည်နေ့တွင် ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ထောင်အတွင်းမှ အကျဉ်းသားအချို့သား အစားအသောက်ဖြင့် အလှူဒါနပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
စစ်အာဏာရှင်အစိုးရ အဆက်ဆက် ဖိနှိပ်ချုပ်နှောင်ခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်အကျယ်ချုပ် ကာလများတွင် ဖခင်ဖြစ်သူ ကျဆုံးခဲ့သည့် အာဇာနည်နေ့ရောက်တိုင်း နေအိမ်တွင် ဖခင်နှင့် အာဇာနည်ခေါင်းဆောင် ကြီးများအား ရည်စူးကာ အလှူဒါနပြု လုပ်လေ့ရှိကြောင်းလည်း NLD ပါတီဝင်တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီအစိုးရ ဖွဲ့စည်းသည့် ၂၀၁၆ ခုနှစ် အာဇာနည်နေ့ အခမ်းအနားတွင်မူ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ တွင် ပြုလုပ်သည့် အာဇာနည်နေ့ ဆွမ်းကပ်လှူဒါန်းပွဲအား ယခု အာ ဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့ဖူးသည်။
NLD ပါတီဝင်တဦးက “အရင်ကတော့ သူ့အဖေအတွက် အိမ်မှာ ဘုန်းကြီး ဆွမ်းကပ်တာ၊ အမျှအတန်း ဝေပေးတာတွေ လုပ်တယ်။ အခုကတော့ တောင်ထဲမှာ ဘုန်းကြီး ဆွမ်းကပ်တာတော့ ဘယ်လို လုပ်မလဲ၊ ဘုရားဆွမ်းကပ်၊ အမျှဝေတာ လောက်တော့ ရှိမှာပေါ့။ ဒါနဲ့ပတ်သက်လို့ ဘာမှတောင်းဆိုတာလဲ မရှိဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ၇၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာ ဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ချုပ်နှောင်ခံထားရပြီး နေပြည်တော်ရှိ လျှို့ဝှက်နေရာတခုတွင် ချုပ်နှောင် ခံထားရသည်။
စစ်ကောင်စီအနေဖြင့် ၇၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား တက်ရောက်ခွင့် မပေးခဲ့ဘဲ ရန်ကုန် စည်ပင်သာယာရေး ကော်မတီမှ ဒေါက်တာ တိုးအောင် ဆိုသူက ဗိုလ်ချုပ်အောင်ဆန်း မိသားစု ကိုယ်စား လွမ်းသူ့ပန်းခွေ ချခဲ့သည်။
ယင်း အခမ်းအနားတွင် အခြားသော အာဇာနည် ခေါင်းဆောင်ကြီးအချို့၏ မိသားစုဝင်များလည်း တက်ရောက်ခြင်းမရှိ ခဲ့ပေ။ ထိုအချိန်တွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းအနေဖြင့် အပြင်းအထန် ဖြစ်ပွားနေချိန် ဖြစ်ပြီး ရန်ကုန်မြို့တွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကြောင့် လူရာချီ သေဆုံးခဲ့သည်။
စစ်ကောင်စီအနေဖြင့်လည်း ယမန်နှစ်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာဇာနည်နေ့ အခမ်းအနား အကန့်အသတ် များဖြင့် ကျင်းပခဲ့သည့်အပြင် အတွင်းဝန်ရုံးနှင့် ဗိုလ်ချုပ် ပြတိုက်တို့အား ပိတ်ထားခဲ့သော်လည်း ယခုနှစ်တွင် ပြည် သူများ ကြည့်ရှုလေ့လာရန် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကြေညာထားသည်။
တဖက်တွင်လည်း ယခုနှစ် အာဇာနည်နေ့ အခမ်းအနားအား အာဏာသိမ်း စစ်ကောင်စီအား ခုခံတော်လှန်နေသည့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အနေဖြင့်လည်း အွန်လိုင်းစနစ်ဖြင့် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ်တဦးက “NUG က ကျင်းပမယ့် အာဇာနည်နေ့ အခမ်း အနားအတွက် ဖိတ်စာ ပို့ထားတယ်။ လက်ရှိကတော့ အွန်လိုင်း စနစ်ပဲပေါ့။ ကျနော်လည်း တက်မယ်၊ စစ်ကောင်စီ ကိုက ကျနော်တို့က လုံးဝ အသိအမှတ် မပြုဘူး။ သူတို့က တရားမဝင်တဲ့ သူတွေပဲ၊ အဲဒီတော့ သူတို့ ဘာတွေ စီစဉ် ထားသလဲ စိတ်ကို မဝင်စားဘူး” ဟု ပြောသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီအား ပြည်သူလူထု၏ ခုခံတော်လှန်မှုမှာ ဆက်လက်အားကောင်းနေဆဲ ဖြစ် သည့်အပြင် တော်လှန်ရေးအတွင်း အသက်ပေးခဲ့သည့် တော်လှန်ရေး တပ်ဖွဲ့ဝင်များကိုလည်း အာဇာနည်သူရဲကောင်း များအဖြစ် အသိအမှတ်ပြု ထုတ်ဖော်ပြောကြားလျက် ရှိကြသည်။
မန္တလေး လူငယ်သပိတ် ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက “မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ဖခင်ကြီးတွေရဲ့ လမ်း စဉ်အတိုင်း အာဇာနည်စိတ်ဓာတ်၊ အာဇာနည်ဝိဉာဉ်တွေကို ထုံကူးရယူပြီး ဒီနေ့ ၂၁ ရာစု ပြည်သူ့တော်လှန်ရေး ကြီးကို ဆင်နွှဲနေကြခြင်း ဖြစ်တယ်။ ဒီအာဇာနည် ၉ ဦးအပါအဝင် နွေဦးတော်လှန်ရေးရဲ့ အာဇာနည်ပုဂ္ဂိုလ်တွေ အား လုံးကလည်း အာဇာနည်မျိုး သေရိုးမရှိ ဆိုတဲ့အတိုင်းမျိုးပဲ လူသေသော်လည်း သမိုင်းဝိဉာဉ်တွေက မသေဘူးဆိုတာ အဓိ က ပြောလိုပါတယ်” ဟု ပြောသည်။
ယင်းပြင် ယနေ့ စစ်အာဏာရှင်အား ခုခံတော်လှန်နေကြသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း အာဇာ နည်ဆန်သည့် စိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်နေကြခြင်း ဖြစ်သကဲ့သို့ အာဇာနည်နေ့အား အသိအမှတ်ပြုသည့်အနေဖြင့် အာဇာနည်ဆန်သည့် လုပ်ရပ်များအား ကြိုးစားပမ်းစား ဆက်လက် လုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်းလည်း မြန်မာ့ တော်ဝင်နဂါး တပ်တော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် အကျယ်ချုပ်နေခဲ့သူများအား ခြံအမှတ် ၅၄ သို့ ပြောင်းရွှေ့
ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်ခေါင်းဆောင်၏ အာဃာတ
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှပြန်ရွှေ့ပေးမည် မဟုတ်ဟု စစ်ကောင်စီဆို












