မြန်မာနယ်စပ်မြို့ မြဝတီအခြေစိုက် ရက်စက်ကြမ်းကြုတ်သော ငွေကြေးလိမ်လည်မှုဂိုဏ်းတွင် ပါဝင်ပြီး ထိုင်းနိုင်ငံသားများကို ထောင်ဖမ်းသည့် စွပ်စွဲချက်ဖြင့် တရုတ်နိုင်ငံသား တဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
အသက် ၃၃ နှစ်အရွယ် ဟွောင်ဖျောင်ယုံကို တနင်္ဂနွေနေ့က ဘန်ကောက်ရှိ ဘန်ခန်ခရိုင် ရန်အင်ထရာလမ်းမှ ကားရပ်နားသည့် နေရာတွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဗဟိုစုံစမ်းထောက်လှမ်းရေးဗျူရို အကြီးအကဲ ရဲ ဒုဗိုလ်ချုပ်ကြီး ဂျီရက်ဘ်ဟော့ ဘူရီဒက် က တနင်္လာနေ့တွင် ဘန်ကောက်ပို့စ်သတင်းစာသို့ ပြောသည်။
ဟွောင်သည် ပတ္တရားမှ Ayong အယုန် လက်ဝှေ့အားကစားရုံ ပိုင်ရှင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
သူသည် ထိုင်းနိုင်ငံသားများကို မဲဆောက်တဘက်ကမ်း မြဝတီမှ လုပ်ငန်းတခုတွင် အလုပ်လျှောက်ထားရန် ဖျားယောင်းသွေးဆောင်သည့် တရုတ်၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် မြန်မာမှ သံသယရှိသူ ၁၉ ဦးပါဝင်သော ဂိုဏ်းမှ တဦး ဖြစ်သည်။ ထိုလုပ်ငန်းသည် လူများကို ဖမ်းဆီးချုပ်နှောင်ကာ ငွေကြေးလိမ်လည်ခိုင်းသည့် ဂိုဏ်း တခုဖြစ်သည်။
“သူတို့က မဲဆောက်ခရိုင် နယ်စပ်မှ အလုပ်လျှောက်ဖို့ အင်တာနက်မှာ ကြေညာတယ်။ ပြီးတော့ အလုပ်လျှောက်တဲ့သူတွေကို နယ်စပ်တောလမ်းတွေကနေ မြန်မာကို ခေါ်သွားပြီး မြဝတီက JinXin Holdings Company မှာ ငွေကြေးလိမ်လည်သူတွေအဖြစ် ခိုင်းစေတယ်။ အဲဒီလို ခေါ်သွားခံရသူတွေက လူမှုကွန်ရက်ကနေ သူတို့ရဲ့ ဒစ်ဂျစ်တယ်ငွေကြေးမှာ အခြားသူတွေ ရင်းနှီးမြှုပ်နှံဖို့ လိမ်ခိုင်းတယ်” ဟု ရဲ ဒု ဗိုလ်ချုပ်ကြီး ဂျီရက်ဘ်ဟော့ ပြောသည်။
ထိုသို့ဖမ်းဆီးထားခံရသူများကို လူကုန်ကူးဂိုဏ်းက ပရိုဖိုင်းအတုများပြုလုပ်စေပြီး အလုပ်လျှောက်ထားသူများကို Tinder, Badoo, Blumboo, Jaumo Dating တို့မှ ဆွဲဆောင်စေကြောင်း၊ ထိုနောက်တွင် ငွေကြေးလိမ်လည်မှုများ ပြုလုပ်ရန် စေခိုင်းကြောင်း၊ ထိုသို့ငွေကြေးလိမ်လည်ခံရမည့်သူများနှင့် အဆက်အသွယ်ရသောအခါ ထိုသူများ၏ အကောင့်အသေးစိတ်များကို မလေးရှားနှင့် ဖိလစ်ပိုင်မှ ဂိုဏ်းဝင်များထံပို့ဆောင်ကာ နောက်ယောင်ခံလိုက်စေကြောင်း ယခင်က ကယ်ဆယ်ထားသူ ၇ ဦးကပြောသည်ဟု လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနခွဲမှူး ရဲ ဗိုလ်ချုပ် ဆာရူတီ ခါဝမ်ဆိုဖ ပြောသည်။
ထိုသို့ဖမ်းဆီးခံထားရသူများသည် တနေ့လျှင် ၁၂ နာရီဖြင့် နားရက်မရှိ အလုပ်လုပ်ရပြီး ၎င်းတို့အတွက် သတ်မှတ်ပေးထားသည့် ငွေကြေးပမာဏပြည့်အောင်ရှာဖွေပေးရသည်ဟုလည်း သူပြောသည်။
သတ်မှတ်ထားသော ပမာဏ ပြည့်မှီအောင်မရှာနိုင်သူများကို ချုပ်နှောင်ခြင်း၊ ကတုံးတုံးခြင်း၊ လျှပ်စစ် ရှော့တိုက်ခြင်းတို့ ပြုလုပ်သည်ဟုလည်း သူပြောသည်။ နေရပ်ပြန်လိုသူများသည် ဂိုဏ်းသို့ ဘတ် ၅ သောင်းပေးရသည်။ ထို့ကြောင့် ဖမ်းဆီးခံရသူများ၏ ဆွေမျိုးများသည် ၎င်းတို့လွတ်မြောက်စေရန် ငွေချေးငှား ပေးဆောင်ခဲ့ရသည်ဟုလည်း အထက်ပါ ရဲဗိုလ်ချုပ်ပြောသည်။
ဟွောင်ကို တနင်္ဂနွေနေ့တွင် မဖမ်းဆီးမီကပင် ရဲအဖွဲ့သည် အခြားဂိုဏ်းဝင် ၇ ဦးကို ဖမ်းဆီးထားပြီး ဖြစ်သည်။
ဟွောင်သည် မေလတွင် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့သူဖြစ်သည်။ ထိုင်းတွင် သူ့ကို အယုန် ဟုလည်း ခေါ်ကြပြီး အယုန်လက်ဝှေ့အားကစားရုံလုပ်ငန်း လုပ်ကိုင်ပြီး တနိုင်ငံလုံးတွင် လက်ဝှေ့ပွဲများကိုလည်း စီစဉ်ပေးသည်။
သူ့ကို လူကုန်ကူးမှုနှင့် အတင်းအကျပ်လုပ်အားခိုင်းစေမှုများဖြင့် စွဲချက်တင်ထားသည်။
ကိုးကား။ ။ ဘန်ကောက်ပို့စ်မှ Chinese boxing promoter arrested for call-scam slavery
You may also like these stories:
အွန်လိုင်းငွေလိမ်မှုများ အရှေ့တောင်အာရှ သံတမန်ရေး ထိခိုက်နိုင်ကြောင်း မလေးရှား သတိပေး
ရွှေကုက္ကိုလ်စီမံကိန်း တရုတ်လုပ်ငန်းရှင် ထိုင်းဖမ်းဆီး၊ စီမံကိန်းထိခိုက်မည်မဟုတ်ဟု BGF ပြော
အိန္ဒိယ လူကုန်ကူးခံရသူများပြောသည့် မြဝတီမှ ‘ရေထောင်’
စစ်အာဏာသိမ်းမှုကြားက မြန်မာလူကုန်ကူးမှု တရုတ် ဘယ်လိုတုံ့ပြန်မလဲ