မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေး တိုးတက်လာသည့် လက္ခဏာအဖြစ် တရုတ်နိုင်ငံ တောင်တရုတ်ပင်လယ် နိုင်ငံတကာဆိပ်ကမ်းနှင့် မြန်မာစီးပွားရေးမြို့တော် ရန်ကုန်သို့ ချိတ်ဆက်သော တိုက်ရိုက်သင်္ဘောလမ်းကြောင်း ဖွင့်လှစ်လိုက်သည်။
ကွောင်ရှီပြည်နယ် ဘေဘူပင်လယ်ကွေ့ဆိပ်ကမ်းကို အစွဲပြုအမည်ပေးထားသည့် ဘေဘူပင်လယ်ကွေ့ဆိပ်ကမ်း-မြန်မာ သင်္ဘောလမ်းကြောင်းသစ်ကို လွန်ခဲ့သော သောကြာနေ့က ဖွင့်လှစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ထိုသင်္ဘောလမ်းကြောင်းသစ်ကို အာရှ-ပစိဖိတ်နိုင်ငံများ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ် ဖြစ်သည့် ဒေသတွင်းကျယ်ပြန့်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ဒေသအတွက် လမ်းကြောင်းတခု တိုးချဲ့ခြင်းဖြစ်ကြောင်း သံရုံးက ဖော်ပြသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့သော RCEP သည် တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်နှင့် တောင်ကိုရီးယား အပါအဝင် အာရှမှ အကြီးမားဆုံး စီးပွားရေးများအကြား ပထမဆုံး လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ် ဖြစ်သည်။
မြန်မာသို့ ထိုသင်္ဘောလမ်းကြောင်းသစ်ကို ဘေဘူပင်လယ်ကွေ့ဆိပ်ကမ်းအုပ်စုနှင့် SITC ကုန်သေတ္တာလိုင်း (ရှန်ဟိုင်း) တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည်။ အပတ်စဉ် ထိုလမ်းကြောင်းမှ ကုန်သေတ္တာသင်္ဘော ၄ စီး ပြေးဆွဲမည်ဟု တရုတ်သံရုံးက ဖော်ပြသည်။
ထိုသင်္ဘောများသည် ရန်ကုန်သို့ မဆိုက်ကပ်မီ တရုတ်၊ မလေးရှားနှင့် အင်ဒိုနီးရှားမှ ဆိပ်ကမ်းများတွင် ဆိုက်ကပ်မည်ဖြစ်သည်။
ကုန်ပစ္စည်းများသည် ကွောင်စုမှ ဘေဘူပင်လယ်ကွေ့ဆိပ်ကမ်း ၃ ခုအနက် တခုဖြစ်သော ချင်ကျိုဆိပ်ကမ်းမှ ထွက်ခွာပြီးနောက် ၁၂ ရက်အကြာတွင် ရန်ကုန်သို့ ရောက်မည်ဖြစ်သည်။ SITC က ထိုလမ်းကြောင်းသစ်သည် ၎င်းတို့လုပ်ငန်းအတွက် သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်မှု ကုန်ကျစရိတ်များကို အကြီးအကျယ် လျှော့ချပေးမည်ဖြစ်ကြောင်း ပြောသည်။
ဘေဘူပင်လယ်ကွေ့ဆိပ်ကမ်းနှင့် မြန်မာမှ ရန်ကုန်ဆိပ်ကမ်းတို့သည် ညီအစ်မဆိပ်ကမ်း ဆက်ဆံရေး ထူထောင်ရန် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် သဘောတူစာချုပ် လက်မှတ်ရေးထိုးကြပြီး ဘေဘူပင်လယ်ကွေ့ ကမ်းရိုးတမ်းဒေသမှ ဆိပ်ကမ်းများနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် အခြေအနေများကို ဖန်တီးပေးခဲ့ကြောင်း ချိုင်းနားဒေးလီး သတင်းစာက ၂၀၂၀ တွင် ဖော်ပြဖူးသည်။
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) အတွက်အရေးပါသည့် တရုတ် ကျောထောက်နောက်ခံပြု ဓာတ်အားပေးစက်ရုံ တရုံကို မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် လွန်ခဲ့သောလက ဖွင့်လှစ်ပြီးနောက် ယခု သင်္ဘောလမ်းကြောင်းသစ်ကို ဖွင့်လှစ်ခြင်းဖြစ်ပြီး စစ်အာဏာသိမ်းမှုအလွန် ပဋိပက္ခ ဖြစ်ပွားနေသာ မြန်မာမှ စီမံကိန်းများကို ဘေဂျင်းက ဆက်လက်လုပ်ဆောင်နေသည့် နောက်ထပ် လက္ခဏာတခုလည်း ဖြစ်သည်။
တရုတ်သည် မြန်မာတွင် အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး အိန္ဒိယ သမုဒ္ဒရာသို့ တရုတ်ကို လမ်းဖွင့်ပေးမည့် စီမံကိန်းအများအပြားကို အဓိကထားဆောင်ရွက်နေသည်။ ဘေဂျင်း၏ ရပ်ဝန်းနှင့် လမ်းမအစီအစဉ်အတွက် အဓိကကျသည့် အစိတ်အပိုင်းဖြစ်ပြီး ကီလိုမီတာ ၁,၇၀၀ ကျော်ရှည်လျားသည့် CMEC သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မြို့တော် ကူမင်းနှင့် မြန်မာမှ အဓိကကျသည့် စီးပွားအချက်အခြာများကို ဆက်သွယ်ပေးမည်ဖြစ်သည်။ ထိုစင်္ကြံသည် ပထမတွင် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးနှင့် ဆက်သွယ်ပြီးနောက် အရှေ့ဘက်တွင် ရန်ကုန်နှင့် အနောက်ဘက်တွင် ရခိုင်ပြည်နယ်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန်များနှင့် ဆက်သွယ်မည်ဖြစ်သည်။
မြန်မာမှ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ရှုတ်ချသော အခြားနိုင်ငံများနှင့်မတူဘဲ တရုတ်နိုင်ငံက ထိုအာဏာသိမ်းမှုသည် အစိုးရအဖွဲ့ အပြောင်းအလဲမျှသာ ဖြစ်သည်ဟု သတ်မှတ်သည်။ ရုရှားနှင့်အတူ တရုတ်နိုင်ငံသည် ကုလသမဂ္ဂတွင် စစ်ကောင်စီကို ထောက်ခံပြီး လက်ရှိအချိန်အထိ လူ ၂,၄၀၀ ကျော်ကို သတ်ဖြတ်ထားသည့် စစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးမယူနိုင်စေရန် လုပ်ဆောင်သည်။
ယခုနှစ် ဧပြီလက တရုတ်နိုင်ငံသို့ သွားရောက်စဉ် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက နွေးထွေးစွာ ကြိုဆိုသည်။ အခြေအနေမည်သို့ ပြောင်းလဲသွားသည်ဖြစ်စေ တရုတ်သည် မြန်မာ၏ အချုပ်အခြာအာဏာပိုင်မှု၊ လွတ်လပ်ရေးနှင့် နယ်မြေတည်တံ့ရေးကို ကူညီကာကွယ် သွားမည်ဖြစ်ကြောင်း ဘေဂျင်းက ပြောကြားထားသည်။
You may also like these stories:
စစ်အာဏာသိမ်းပြီးနောက် တရုတ်နယ်စပ်တွင် မြေရှားသတ္တု တရားမဝင်တူးဖေါ်မှုများ တိုးလာ
မြန်မာရှိ တရုတ်၏ အဓိက အခြေခံအဆောက်အအုံ စီမံကိန်း ၃ ခု
သွေးဆာနေသော အပယ်ခံ စစ်ကောင်စီကို တရုတ် ဝမ်းမြောက်ဝမ်းသာ ထောက်ခံနေ
မြန်မာဗိုလ်ချုပ်များကို နွေးထွေးလာသော တရုတ်နိုင်ငံ
ရုရှားက ဝယ်မယ့် ရေနံတွေနဲ့ မန္တလေး လာမယ့် တရုတ်ရထား