မြန်မာစစ်ကောင်စီနှင့် ရုရှားတို့ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်းအတွက် အမေရိကန် ပြည်ထောင်စုက စိုးရိမ်ပူပန်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယခုအပတ်အတွင်း ပြောသည်။
“မြန်မာက ဖိနှိပ်တဲ့ စစ်ကောင်စီကို နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ရုပ်ပိုင်းဆိုင်ရာ ထောက်ခံမှု တိုးချဲ့ဖို့ ရုရှားက စိတ်အားထက်သန်နေတာကို ကျနော်တို့ အလေးအနက် စိုးရိမ်ပူပန်ပေမယ့် မအံ့သြဘူး” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက VOA သို့ ပေးပို့သည့် ဖေဖော်ဝါရီလ ၁၄ နေ့ အီးမေးလ်တွင် ဖော်ပြထားသည်။ “ရုရှား၏ လုပ်ရပ်သည် အင်ဒို-ပစိဖိတ်ဒေသတွင် မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များ၊ မဟာမိတ်များနှင့်အတူ ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေးကို အားပေးရန် မိမိတို့၏ လုပ်ဆောင်မှုများကို ခြိမ်းခြောက်နေသည့် အကျပ်အတည်းတခုကို ပိုမိုရှည်ကြာစေသည်” ဟုလည်း ထိုအီးမေးလ်တွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံပိုင် အနုမြူစွမ်းအင် ကော်ပိုရေးရှင်း ROSATOM နှင့် စစ်ကောင်စီတို့သည် နျူကလီးယား စွမ်းအင်အသုံးပြုရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး အစိုးရချင်း သဘောတူညီချက်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။
“ဒီသဘောတူညီချက်ဟာ နျူကလီးယား ဓာတ်အားပေးစက်ရုံ အသေးစားအတွက်သာမက နျူကလီးယား နည်းပညာကို နယ်ပယ်စုံမှာ အသုံးပြုဖို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး နိုင်ငံရဲ့ လူမှုစီးပွားတိုးတက်မှုကို အထောက်အကူပြုမှာ ဖြစ်တယ်” ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က အသစ်ဖွင့်လှစ်လိုက်သည့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာတွင် ပြုလုပ်သည့် အခမ်းအနားတွင် ပြောသည်။
“နှစ်နိုင်ငံ နျူကလီးယား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဟာ ရုရှား-မြန်မာဆက်ဆံရေး သမိုင်းကြောင်းမှာ အခန်းကဏ္ဍသစ်တခုကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်တယ်” ဟု ROSATOM ညွှန်ကြားရေးမှူးချုပ် အလက်ဆီ လီခါချက်ဗ်က ထိုလက်မှတ်ရေးထိုးပွဲတွင် ပြောသည်။ “နျူကလီးယား နည်းပညာ အသုံးပြုခြင်းအားဖြင့် မြန်မာ နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းနဲ့ စီးပွားရေးတို့တွင် များစွာ အကျိုး ဖြစ်ထွန်း စေမယ်” ဟုလည်း သူကပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှု
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရုရှားနှင့် နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုကို အလျင်အမြန် တိုးချဲ့လုပ်ကိုင်သည်။ ရုရှား၏ အကူအညီဖြင့် မြန်မာသည် နျူကလီးယား ဓာတ်ပေါင်းဖို အသေးစားတခု တည်ဆောက်မည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက VOA သို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြောသည်။
ရုရှားနျူကလီးယား ကျွမ်းကျင်သူများ၏ အကူအညီဖြင့် အသေးစား ဓာတ်ပေါင်းဖိုတခု တည်ဆောက်ရန် သင့်တော်သည့် နေရာများကို မြန်မာနျူကလီးယား ကျွမ်းကျင်သူများ ရှာဖွေနေကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက VOA မြန်မာပိုင်းသို့ ပြောသည်။
“နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ တနိုင်ငံလုံးက နေရာအများအပြားမှာ ဖြစ်နိုင်ခြေဆန်းစစ်မှုတွေ လုပ်မယ်။ အခုလောလောဆယ်တော့ နေရာမရွေးရသေးဘူး။ အန္တရာယ်ကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချနိုင်ဖို့ အကောင်းဆုံး အလုံခြုံဆုံး ပတ်ဝန်းကျင်နဲ့ အကောင်းဆုံးနေရာမှ လုပ်မှာဖြစ်တယ်” ဟုလည်း ၎င်းကပြောသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် အရှေ့ဖျား စီးပွားရေးဖိုရမ် တက်ရောက်ရန်အတွက် ယမန်နှစ် စက်တင်ဘာလက ရုရှားသို့ သွားရောက်ခဲ့ပြီး မြန်မာတွင် မိုဂျူလာ ဓာတ်ပေါင်းဖို အသေးစားတခု အကောင်အထည်ဖော်ရန် ဖြစ်နိုင်ခြေအပါအဝင် နျူးကလီးယား ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံကို သဘောတူခဲ့သည်။
ထိုလမ်းပြမြေပုံသည် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ခြင်းကို လမ်းညွှန်ပေးမည်ဖြစ်ကြောင်း ROSATOM က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် နှစ်နိုင်ငံလုံးမှ ကျွမ်းကျင်သူများသည် မြန်မာတွင် ရေသွက်အသုံးပြု နျူကလီးယား ဓာတ်ပေါင်းဖိုတခု တည်ဆောက်ရန်ဖြစ်နိုင်ခြေများကို လေ့လာကြမည်ဟုလည်း ဖော်ပြထားသည်။
၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် ယခင်စစ်အုပ်စုသည် နျူးကလီးယား ဓာတ်ပေါင်းဖို စီမံကိန်းအတွက် ရုရှားနှင့် ညှိနှိုင်းမှုများ စတင်ခဲ့ပြီး ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် နျူကလီးယားသုတေသန ဓာတ်ပေါင်းဖိုတခု တည်ဆောက်မည့် ၎င်းတို့၏ စီမံချက်များကို ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလတွင် အတည်ပြုခဲ့သည်။
အတိတ်က နျူကလီးယား အားထုတ်မှုများ
မြန်မာသည် နျူကလီးယား လက်နက်များရရှိရေးကို အတိတ်က လုပ်ဆောင်ခဲ့ဖူးသည်ဟု သံသယ ရှိခံရသည်။
မြန်မာစစ်ကောင်စီ၏ နျူကလီးယား ဓာတ်ပေါင်းဖို စီမံကိန်းသည် နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ နောက်ဆက်တွဲ စည်းကမ်းချက်များနှင့် ညီ မညီ IAEA သို့ VOA က မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။
မြန်မာနိုင်ငံသည် အဓိကကျသည့် နျူကလီးယား မပြန့်ပွားရေး သဘောတူစာချုပ်တစောင်ဖြစ်သည့် နောက်ဆက်တွဲ စည်းကမ်းချက်များကို ၂၀၁၃ ခုနှစ်တွင် IAEA နှင့် လက်မှတ်ရေးထိုးထားသည်။ ထိုသဘောတူညီချက်အရ IAEA သည် မြန်မာမှ နျူကလီးယားလုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ နေရာများကို သိရှိ၊ သွားရောက်ခွင့်ရှိသည်။
သို့သော် မြန်မာတွင် နျူကလီးယားဓာတ်အားပေး စက်ရုံတရုံကို ဘေးကင်းစွာ လည်ပတ်ရန် လိုအပ်သော လုပ်ထုံးလုပ်နည်းနှင့် စီမံခန့်ခွဲမှုစနစ်များ မရှိသောကြောင့် နိုင်ငံတကာ သုတေသီများ စိုးရိမ်ကြသည်။
“ဒီလို (ရေသွက်သုံး နျူကလီးယား) ဓာတ်ပေါင်းဖိုတွေဟာ စနစ်တကျ တင်းတင်းကျပ်ကျပ် ထိန်းသိမ်းစောင့်ရှောက်မှု မလုပ်နိုင်ရန် အချိန်တခုကြာတဲ့အခါ ယိုစိမ့်မှုဖြစ်စေနိုင်တယ်” ဟု မစ္စစ္စပီတောင်ပိုင်းတက္ကသိုလ်မှ မြန်မာသိပ္ပံပညာရှင် ရူပဗေဒ ပါမောက္ခ ဦးခင်မောင်မောင်က VOA သို့ ပြောသည်။ “စနစ်တကျ ထိန်းသိမ်းမှုက အရေးအကြီးဆုံးပဲ။ ကျနော်သိသလောက်တော့ မြန်မာမှာ ဘယ်စက်ရုံကိုမှ စနစ်တကျ မထိန်းသိမ်းနိုင်သေးဘူး” ဟုလည်း ၎င်းကပြောသည်။
“စစ်ခေါင်းဆောင်တွေက နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ရည်မှန်းချက်နဲ့ ဆန္ဒရှိတယ်ဆိုတာ သံသယ ဖြစ်စရာ မလိုဘူး။ ဘယ်လောက်ပဲသေးတဲ့ ဓာတ်ပေါင်းဖိုဖြစ်ဖြစ် ရရှိဖို့က အဲဒီဘက်ကိုသွားမယ့် ခြေလှမ်းတခုပဲ” ဟု ပါမောက္ခ ဦးခင်မောင်မောင်က ပြောသည်။
ROSATOM က ၎င်းတို့သည် မြန်မာသို့ သန့်စင်ပြီး ယူရေနီယမ် ၁၀ တန်ပေးမည်ဟု ပြောကြားခဲ့ပြီး ထိုပမာဏသည် နျူကလီးယားလက်နက်တခု ထုတ်လုပ်ရန် လုံလောက်သော ပမာဏာဖြစ်ကြောင်း ပါမောက္ခ ဦးခင်မောင်မောင်က ပြောသည်။ မြန်မာသည် ယူရေနီယံကို လက်နက်အဆင့် ပစ္စည်းထုတ်လုပ်ရန် နည်းပညာအဆင့် မရှိသေးသော်လည်း ဓာတ်ရောင်ခြည်ကြွဗုံး ပုံစံမျိုး ထုတ်လုပ်နိုင်ဖွယ်ရှိနေသည်။
“ဒီလောက်များတဲ့ နျူကလီးယားလောင်စာတွေ ရသွားရင် သန့်စင်ပြီး လက်နက်ထုတ်ဖို့တောင် မလိုတော့ဘူး။ မြန်မာစစ်တပ်နဲ့ ပတ်သက်လာရင် ဖြစ်နိုင်ခြေအားလုံးကို ဂရုတစိုက် စဉ်းစားသုံးသပ်ဖို့လိုတယ်” ဟုလည်း သူကပြောသည်။
ရုရှားများ မြန်မာသို့လာရောက်
လွန်ခဲ့သော ဒီဇင်ဘာလတွင် ဗိုလ်မှူးကြီးချုပ် ကင် အလက်ဆီ ရိုစတီဆလာဗိုဗစ် ဦးဆောင်ပြီး အဆင့်မြင့် စစ်အရာရှိ တဒါဇင်ခန့်ပါသော ရုရှားကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ လာရောက်ခဲ့သည်။ မြန်မာနိုင်ငံပိုင် သတင်းမီဒီယာက ထိုကိုယ်စားလှယ်များနှင့် စစ်ကောင်စီသည် စစ်တပ် နှစ်ခုအကြား ကာကွယ်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြီး ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း ဖော်ပြသည်။
သို့သော် ရုရှားသည် ယူကရိန်းကို ကျူးကျော်ခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေပြီး မြန်မာစစ်တပ်သည် အာဏာသိမ်းခြင်းနှင့် အရပ်သားများကို သွေးချောင်းစီး နှိမ်နင်းခြင်းဖြင့် နိုင်ငံမှ ဒီမိုကရေစီစနစ်ကို ဖယ်ရှားပစ်ခဲ့သည်။
“မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာစစ်ကောင်စီက ကျူးလွန်နိုင်စေမည့်” လက်နက်များကို ရုရှားက မြန်မာစစ်ကောင်စီကို ထောက်ပံ့နေသည် ဆိုသည့် ခိုင်လုံသော သတင်းများရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
“ရုရှားက စစ်ကောင်စီကို ထောက်ခံနေခြင်းသည် ပိုမိုကျယ်ပြန့်သော ဒေသတွင်းတွင်ပါ တည်ငြိမ်မှုကို ထိခိုက်စေသည်” ဟုလည်း VOA သို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့သည့် အီးလ်မေးတွင် ဖော်ပြထားသည်။ “စစ်အာဏာသိမ်းမှုနှင့် မြန်မာစစ်ကောင်စီကို ထောက်ခံ လက်နက်ထောက်ပံ့နေသူများ အပါအဝင် စက်ဆုတ်ဖွယ် အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို အရေးယူရန် အမေရိကန် ပြည်ထောင်စုသည် နိုင်ငံတကာ အသိုက်အဝန်းနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်” ဟုလည်း ထိုအီးမေးလ်တွင် ဖော်ပြထားသည်။
(VOA သတင်း US Worried by Myanmar Junta, Russia Expanding Nuclear Cooperation ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာစစ်တပ်၏ နျူကလီးယား ရည်မှန်းချက်မှတ်တမ်း
ယခင်စစ်အုပ်စုကဲ့သို့ စစ်ကောင်စီလည်း နျူလက်နက် ပိုင်ဆိုင်လို
နျူလက်နက် တားဆီးရေး စာချုပ်တွင် မြန်မာလက်မှတ်ရေးထိုး
ဆာဂေးလက်ဗရော့၏ နေပြည်တော် ကြွတော်မူခန်း
ရုရှားနှင့် မြန်မာ စီးပွားရေးအရှိန်မြှင့်ရန် ကြိုးပမ်းနေဟု ICG ပြော