စစ်ကောင်စီသည် ရန်လိုသောမဲဆွယ်မှုများကို သတိပေးဆန့်ကျင်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ သို့သော် လွန်ခဲ့သောအပတ်တွင် စစ်ကောင်စီ လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပါတီဝင်များအား ဝါးရင်းတုတ်များနှင့် ဝါးချွန်များကို နေပြည်တော်တွင် ကျင်းပသည့် အခမ်းအနားတခုတွင် ပေးအပ်ခဲ့သည်။
ကြံ့ဖွံ့ ပါတီဝင်များအား ဝါးရင်းတုတ်လက်နက်တပ်ဆင်ပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပပြီး လယ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်က ဦးဆောင်သည်။
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှ ကြံ့ဖွံ့ပါတီဝင် ၃၀၀ ခန့်သည် ထိုလက်နက်များကို လက်ခံရရှိသည်။ တက်ရောက်လာသူများအား ဦးမြင့်လှိုင်က “လက်နက်တွေကို လာယူကြ။ လွတ်လွတ်လပ်လပ် လာယူကြ။ ဒါတွေက လက်နက်တွေပဲ၊ လက်လုပ်လက်နက်တွေ” ဟု ပြောသည်။
ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်သည် ဦးသိန်းစိန် အရပ်သားအစိုးရအတု လက်ထက်တွင် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးတာဝန် ယူခဲ့သူဖြစ်သည်။ သူသည် လယ်သမားများအနေဖြင့် အစိုးရသို့ စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရေး တနေ့ထမင်းတနပ်သာစားရန် ပြောသောကြောင့် ‘တနပ်စား’ မြင့်လှိုင်အဖြစ်လည်း အမည်ဆိုး ကျော်ကြားသူဖြစ်သည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကျင်းပသည့် အခမ်းအနားတွင် ဦးမြင့်လှိုင်က သူ၏ စစ်ပွဲအတွေ့အကြုံများကို ပြန်လည်ပြောပြပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဝေဖန်တိုက်ခိုက်သည်။
ကြံ့ဖွံ့ ပါတီဝင်များသည် PDF ကို တိုက်ခိုက်ရာတွင် ပျူစောထီးများ၊ စစ်မှုထမ်းဟောင်းများနှင့်အတူ ပါဝင်နေသည်။ ၎င်းတို့၏ တိုင်းနှင့် ပြည်နယ်များတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၌ ပါဝင်ရန် သဘောတူသည့် စစ်ကောင်စီလိုလားသူ အရပ်သားများကို လက်နက်ခဲယမ်း ထောက်ပံ့ရန် စစ်ကောင်စီ၏ မူဝါဒသစ်ကို ကြေညာပြီးနောက် ပါတီဝင်များကို ကြံ့ဖွံ့က ဝါးရင်းတုတ်လက်နက် တပ်ဆင်ခြင်း ဖြစ်သည်။
ကြံ့ဖွံ့ နှင့်အခြားပါတီ တဒါဇင်ခန့်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ လိုအပ်သည့်အတိုင်း စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ပြန်လည်မှတ်ပုံတင်ထားသည်။ ကြံ့ဖွံ့က ပါတီဝင်များကို ဝါးရင်းတုတ်များ တပ်ဆင်ပေးခြင်းနှင့် ပတ်သက်ပြီး ကော်မရှင်က တစုံတရာ ပြောကြားခြင်းမပြုပေ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးမှ ကြံ့ဖွံ့ ပါတီဝင်နှင့် ထောက်ခံသူ ၁,၆၀၀ ကျော် သတ်ဖြတ်ခံရကြောင်း ထိုပါတီက ပြောသည်။ ပါတီဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီသည် တနိုင်ငံလုံးမှ ပါတီရုံးများသို့ သွားသောအခါ NLD ကို ဝေဖန်တိုက်ခိုက်သည်။ လွန်ခဲ့သောနှစ်တွင် သူက ပါတီဝင်များအနေဖြင့် “မျက်ရည်ကိုသုတ်၊ ဓားကိုဆုပ်၊ ရှေ့တလှမ်းတိုးကြပါစို့” ဟူ၍ PDF များကို တိုက်ခိုက်ရန် တိုက်တွန်းခဲ့သည်။
ဝါးရင်းတုတ်များကို ယခင်ကလည်း မြန်မာမှ နိုင်ငံရေးပါတီများက လက်နက်အဖြစ် သုံးခဲ့ဖူးသည်။
‘မျိုးချစ်ပါတီ’ သည် ပြိုင်ဘက် နိုင်ငံရေးအဖွဲ့အစည်းများကို တိုက်ခိုက်ရန် ဝါးရင်းတုတ်များ အသုံးပြုသောကြောင့် ထိုပါတီကို ‘ဝါးရင်းတုတ်ပါတီ’ ဟု ခေါ်ကြသည်။ ၁၉၄၇ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ကို လုပ်ကြံသတ်ဖြတ်သည့် ဂဠုန်ဦးစောက ထိုပါတီကို ဦးဆောင်သည်။
၁၉၃၈ ခုနှစ်တွင် တည်ထောင်သည့် မျိုးချစ်ပါတီကို လူသိများသော်လည်း ဂဠုန်ဦးစော အာဏာရရန် ဖွဲ့စည်းထားခြင်းသာဖြစ်ပြီး ပြည်သူကို အကျိုးပြုခြင်းမရှိပေ။
ဒုတိယကမ္ဘာစစ်အပြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ဖဆပလ) သြဇာကြီးမားလာသောအခါ မျိုးချစ်ပါတီသည် ဘေးရောက်သွားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံသောကြောင့် ဂဠုန်ဦးစောကို ကြိုးပေးပြီးနောက် ထိုပါတီသည် မြန်မာ့နိုင်ငံရေးမှ အမည်ဆိုးဖြင့် ပျောက်ကွယ်သွားခဲ့သည်။
You may also like these stories:
USDP ဥက္ကဋ္ဌက တော်လှန်ရေးကို ချေမှုန်းရန် ကတိပြု
စစ်ကောင်စီနှင့် အစွမ်းကုန်ပူးပေါင်းဆောင်ရွက်ဖို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌသစ် ဦးခင်ရီပြော
စစ်ကောင်စီခေါင်းဆောင် သမ္မတဖြစ်ရေး ကြံ့ခိုင်ရေးပါတီကို အကွက်ရွှေ့
ပွဲလန့်တုန်းဖျာခင်းမယ့် ကြံ့ခိုင်ရေးပါတီ