ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတဝိုက် စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်များကြား ဖြစ်ပွား သည့် တိုက်ပွဲများကြောင့် လက်ရှိအချိန်ထိ နယ်စပ်ကုန်သွယ်ရေး ပုံမှန်လည်ပြန်ပတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်က မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ဇုန်အတွင်းရှိ မီးလောင်ပျက်စီးခဲ့သော အဆောက်အအုံတချို့ကို စစ်ကောင်စီဘက်မှ ပြင်ဆင်မှုမလုပ်နိုင်သေးသလို ကုန်သွယ်မှုဆိုင် ရာ လုပ်ငန်းများကို အွန်လိုင်းစနစ်ဖြင့် အဓိထားလုပ်ကိုင်နေကာ ကုန်စည်စစ်ဆေးမှုများကိုလည်း နေ့တပိုင်းဖြင့် အပြီး ဆောင်ရွက်ပေးနေကြောင်း ကုန်သည်များက ဆိုသည်။
လက်ရှိအခြေအနေနှင့်ပတ်သက်၍ မြဝတီမြို့မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးက “နေ့လယ်ပိုင်းထိလောက်ပဲ ကုန် ပစ္စည်းတွေဘာတွေ အစစ်အဆေးအဝင်ရှိတယ်။ ကျန်တာတွေက သူတို့ရုံးတွေမှာပဲ ပြန်ပြီးလုပ်ကြတယ်။ ကုန်သွယ် ရေးပိုင်းကိုကျတော့ အွန်လိုင်းနဲ့ပဲ သုံးပြီးသွားကြတယ်။ တိုက်ပွဲဖြစ်ပြီးတော့ သင်္ကြန်လည်းရှိတော့ ကုန်သွယ်ရေးက ရပ်သွားတာပေါ့။ သင်္ကြန်ပြီးသွားတဲ့နောက်ပိုင်းမှာလည်း ကုန်သွယ်ပြန်စတယ်ဆိုပေမယ့် ကုန်ကားအဝင်အထွက်က တနေ့အစီးရေ ၁၀၀ လောက်ပဲရှိတယ်။ မြဝတီမြို့နဲ့ ၇ မိုင်လောက်၊ ကုန်သွယ်ရေးဇုန်နဲ့ ၃ မိုင်လောက်ဝေးတဲ့နေရာမှာ တိုက်ပွဲကတော့ ဖြစ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။
မြဝတီကုန်သွယ်ရေးဇုန်အတွင်း တိုက်ပွဲမဖြစ်ပွားခင် ပုံမှန်အချိန်တွင် ကုန်ကားအစီးရေ ၃၀၀ ဝန်းကျင် ကုန်သွယ်မှု ရှိခဲ့ပြီး ယခုအခါ အစီးရေ ၁၀၀ ကျော်သာ အဝင်အထွက် ရှိတော့ကြောင်းလည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “သင်္ကြန်မကျခင်က အာရှလမ်းမကြီးမှာ ကုန်ကားတစီး မီးရှို့ခံလိုက်ရတယ်။ ကားတစီးရဲ့တန်ဖိုး၊ ကုန်ရဲ့တန်ဖိုးနဲ့ ကျပ်သိန်းထောင်ကျော်ရှိတော့ ကားတွေက မလာရဲတော့ဘူး။ အဲဒီတော့ ကားခတွေက ဈေးတက်တာ ပေါ့။ ရန်ကုန်-မြဝတီတွဲကားတစီး ကျပ်သိန်း ၄၀ လောက် ဖြစ်သွားတယ်။ အရင်က တွဲကားတစီး ပုံမှန်ဆီဈေးတက် တယ်ဆိုတောင်မှ ကျပ် ၁၅ သိန်းက အများဆုံးပဲ တက်တာပေါ့။ သုံးပုံတပုံက မလာရဲတော့ဘူး။ ဒီမှာရှိတဲ့ကားတွေနဲ့ပဲ အလုပ်လုပ်ရတော့ ကားခတွေက ဈေးတက်သွားတာပေါ့” ဟု ရှင်းပြသည်။
ထို့ပြင် လက်ရှိအချိန်တွင် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတလျှောက်၌ တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနေခြင်း၊ မြဝတီ-အာရှလမ်းမကြီးပေါ် ကုန်ကားများ မီးရှို့ခံရခြင်းများကြောင့် တချို့ကုမ္ပဏီများအနေဖြင့် စစ်ဘေး အာမခံထားကာ သွားလာနေရကြောင်းလည်း ကုန်သည်များထံမှ သိရသည်။
ယခု ဧပြီ ၁၈ ရက်မှ ၂၁ ရက်ထိလည်း ကရင်ပြည်နယ်၊ မြဝတီမြို့အနောက်တောင်ဘက် မဲကနယ်ရွာဝန်းကျင်၌ ကရင် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း စစ်ရေးတင်းမာနေကာ မဲကနယ်ရွာ အပါအဝင် ကျေးရွာပေါင်း ၇ ရွာမှ ဒေသခံ ၃၀၀၀ နီးပါး စစ်ဘေးရှောင်နေရသည်။
ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့နေသည့် ကုန်သည်တဦးက “ကားခတွေက တက်တယ်။ အရင်ကတော့ မရှိဘူး။ အခုက တော့ စစ်ဘေးအတွက် အာမခံပေါ့နော်။ အဲဒီလိုထားပြီး သွားကြရတယ်။ တချို့ကျတော့ မထားဘဲသွားကြတယ်။ ပုဂ္ဂလိက ကားတွေကတော့ ရိုးရိုးပဲသွားကြတာပေါ့။ ဒါပေမဲ့ ပုံမှန်ကားတွေသွားပေမယ့် တန်ဆာခတော့ တက်တာ ရှိတယ်။ စက်သုံးဆီဈေးကြောင့်လည်းပါတယ်။ အဝယ်ရခက်တော့ တက်တာပေါ့” ဟု ပြောသည်။
စစ်အာဏာသိမ်းမှုမဖြစ်ခင် ယခုလို ထိုင်းနိုင်ငံသို့ ပြောင်းတင်ပိုသည့်ရာသီ၌ နေ့စဉ်ပြောင်းကား အစီးရေ ၃၀၀ မှ ၅၀၀ ဝန်းကျင် တင်ပို့လေ့ရှိသော်လည်း လက်ရှိတွင် နယ်မြေမတည်ငြိမ်မှုများ အပါအဝင် စစ်ကောင်စီ၏ ပို့ကုန်သမားများ အပေါ် တင်းကျပ်ထားသည့် ကုန်ဖိုးရငွေ ၁၀၀ ရာခိုင်နှုန်း ပေးသွင်းပြီးမှသာ တင်ပို့ခွင့်ပြုခြင်း၊ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင် နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေး ၂၁၀၀ ကျပ်နှင့် ဖြတ်ယူနေခြင်းများကြောင့် တင်ပို့မှုလျော့ကျကာ နေ့စဉ်ကားအစီး ရေ ၁၀၀ ဝန်းကျင်သာ သွားနေကြောင်း ၎င်းက ဆိုသည်။
ထိုင်း-မြန်မာ မြဝတီနယ်စပ်ကုန်သွယ်ရေးအနေဖြင့် မြန်မာဘက်မှ ဆန်၊ ဆန်ကွဲ၊ ဆန်မှုန့်အများဆုံး တင်ပို့သလို ငရုတ် သီး၊ ငရုတ်သီးစိမ်း၊ ရာဘာ စသည့် ရာသီထွက်ကုန်စိုက်ပျိုးရေးသီးနှံများလည်း တင်ပို့ပြီး ထိုင်းဘက်မှစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များ၊ စက်ရုံသုံးကုန်ကြမ်းပစ္စည်း၊ ယာဉ်ယန္တရားများ တင်သွင်းလျက်ရှိသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီထိ မြဝတီနယ်စပ်ကုန်သွယ်ရေးမှ အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၈၉၆ ဒသမ ၃၉၄ သန်း ကုန်သွယ်မှု ပြုလုပ်ထားကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
You may also like these stories:
မြဝတီ- ကော့ကရိတ် အာရှလမ်းမ ပြန်ပွင့်နေပြီဟုဆို
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိုးကျနေ
တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်း ရပ်သွား
တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ ကုန်သွယ်ရေး ပြန်မလည်ပတ်နိုင်သေး
ကော့ကရိတ်တွင် တိုက်ပွဲဆက်ဖြစ်၊ အာရှလမ်းတလျှောက် စစ်ရေး တင်းမာနေ