စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးသည် နိုင်ငံတကာအသိုက်အဝန်းက မမျှတ မလွတ်လပ်ဟု သတ်မှတ်ထားသည့် ရွေးကောက်ပွဲကို လေ့လာရန် တနင်္ဂနွေနေ့တွင် ဖနွမ်းပင်သို့ ရောက်နေသည်။
ထိုဗိုလ်ချုပ်ဟောင်းသည် ကမ္ဘောဒီးယားရွေးကောက်ပွဲ ကော်မရှင်က ဖိတ်သည့် ၇ ကြိမ်မြောက် ရွေးကောက်ပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ရန် သောကြာနေ့က ကမ္ဘောဒီးယားသို့သွားကြောင်း စစ်ကောင်စီမီဒီယာက ဖေါ်ပြသည်။
ဦးသိန်းစိုးနှင့်အဖွဲ့သည် ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲပေးခြင်းနှင့် မဲရေတွက်ခြင်းကို လေ့လာရန် သွားသည်ဟု စစ်ကောင်စီ မီဒီယာက ဖေါ်ပြသည်။
အတိုက်အခံများအား ဖယ်ထုတ်ထားသည့် တနင်္ဂနွေနေ့က ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟွန်ဆန်၏ ကမ္ဘောဒီးယား ပြည်သူ့ပါတီက တောင်ပြိုကမ်းပြိုနိုင်သည်ဟု ဆိုသည်။
အာရှတွင် သက်တမ်းအရင့်ဆုံး ရွေးကောက်ခံခေါင်းဆောင် ဟွန်ဆန် အာဏာရနေသည်မှာ နှစ်ပေါင်း ၄၀ နီးပါးရှိပြီဖြစ်သည်။ လွန်ခဲ့သောနှစ် ဇန်နဝါရီလတွင် သူသည် တကမ္ဘာလုံးမှ ကန့်ကွက်နေသည့် ကြားမှ မြန်မာစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို တွေ့ဆုံရန် မြန်မာနိုင်ငံသို့ သွားရောက်သည်။

ဟွန်ဆန်သည် ၁၉၉၇ ခုနှစ်တွင် တွဲဖက်ဝန်ကြီးချုပ် ထံမှ အာဏာသိမ်းပြီးနောက် အာဏာသိမ်းခေါင်းဆောင်အဖြစ် စွပ်စွဲခံရသူဖြစ်သည်။ သူသည် နိုင်ငံရေးအတိုက်အခံများကို ချေမှုန်းရာတွင် ကျော်ကြားပြီး သြစတြေးလျအပါအဝင် အခြားနိုင်ငံများရှိ ကမ္ဘောဒီးယား ဒုက္ခသည် မိသားစုများနှင့် ကလေးများကိုပင် ကမ္ဘောဒီးယားပြည်သူ့ပါတီနှင့် ပတ်သက်သူများက ခြိမ်းခြောက်နေသည်ဟု စွပ်စွဲခံရသည်။
တနင်္လာနေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မက်သရူးမေးလားက အမေရိကန်ပြည်ထောင်စုသည် ဇူလိုင်လ ၂၃ ရက် ကမ္ဘောဒီးယားရွေးကောက်ပွဲများ မမျှတ မလွတ်လပ်သောကြောင့် စိတ်ပျက်ကြောင်းပြောသည်။
ရွေးကောက်ပွဲမတိုင်မီကာလတွင် အာဏာပိုင်များသည် နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို အားနည်းစေရန်နှင့် ကမ္ဘောဒီးယား၏ နိုင်ငံတကာ ကတိကဝတ်များကို ချိနဲ့စေရန် အတိုက်အခံ နိုင်ငံရေးပါတီများ၊ မီဒီယာများနှင့် လူမှုအဖွဲ့အစည်းများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု မေးလ်လားက ရှုတ်ချသည်။ ထိုလုပ်ရပ်များသည် ကမ္ဘောဒီးယား ပြည်သူများ၏ ဆန္ဒအစစ်အမှန်ကို ကွယ်ပျောက်စေပြီး နိုင်ငံအနာဂတ်ကို ရွေးချယ်ရန်အခွင့်အလမ်း ကင်းမဲ့စေသည်ဟု ဆိုသည်။
တနင်္ဂနွေနေ့ ရွေးကောက်ပွဲမတိုင်မီတွင် အတိုက်အခံ ထောက်ခံသူများသည် တပါတီတည်း ရွေးကောက်ခံသည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံရသည်။ အင်တာနက် ဝန်ဆောင်မှုပေးသူများသည်လည်း လွတ်လပ်သော သတင်းဌာနများကို ဖတ်ရှုခွင့်မပေးရန် ညွန်ကြားခံရသည်။ ရွေးကောက်ပွဲကို နှောက်ယှက်ခြင်း သပိတ်မှောက်ခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်သည်။
ဦးသိန်းစိုးသည်လည်း စစ်အာဏာသိမ်းအပြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ တောင်ပြိုကမ်းပြိုအနိုင်ရသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ပြီး ထိုရွေးကောက်ပွဲသည် မလွတ်လပ် မမျှတကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဥပဒေနှင့် မကိုက်ညီကြောင်းပြောသည်။
ဦးသိန်းစိုးသည် ယခင် ဦးသန်းရွှေစစ်အုပ်စုလက်ထက် ၂၀၁၀ ခုနှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲကို ကြီးကြပ်ခဲ့ပြီး စစ်တပ်က ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် မဲ အကြီးအကျယ်လိမ်ပေးခဲ့သည်။
ယခုအခါ ဦးသိန်းစိုးသည် အဓိက ဒီမိုကရေစီပါတီများဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ကို ဖျက်သိမ်းသည်။ လာမည့်ရွေးကောက်ပွဲသည် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တခုတည်း ပြိုင်သည့် ရွေးကောက်ပွဲဖြစ်စေရန် အချိုးကျ ကိုယ်စားပြု စနစ်ကို စတင်ပြဋ္ဌာန်းသည်။ သူ၏ရွေးကောက်ပွဲကော်မရှင်သည် ပါတီငယ်များ နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲများတွင် မပါဝင်စေရန် ထိရောက်သော ဥပဒေတခု ပြဋ္ဌာန်းသည်။
သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးကောက်ပွဲများကျင်းပပြီး အနိုင်ရသည့် ပါတီကို အာဏာလွှဲမည်ဟု မကြာခဏပြောသော်လည်း ရွေးကောက်ပွဲနေ့ကို ကြေညာနိုင်ခြင်း မရှိသေးပေ။
You may also like these stories:
ကမ္ဘောဒီးယားမှ ပြိုင်ဘက်မရှိ ရွေးကောက်ပွဲတွင် အကြောက်တရားနှင့် မဲပေးမည်
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်က ဖိတ်ထားသလား
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း ဘယ်ပျောက်နေလဲ
ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်














