Move Forward ပါတီခေါင်းဆောင် ဖိထာလင်မ်ဂျာရွန်ရတ်က ယခင်အာဏာသိမ်းမှုမှ ထွက်ပေါ်လာသော အထက်လွှတ်တော်အမတ်များ၏ အတိုက်အခံများကို မကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ဖွေ့ထိုင်းပါတီ၏ ထိပ်တန်းခေါင်းဆောင် အိမ်ခြံမြေလုပ်ငန်းစုတခု၏ CEO ဖြစ်သူ အသက် ၆၀ နှစ်အရွယ် ဆက်ထာ သာဗီဆင်သည် ထိုင်းနိုင်ငံ၏ နောက်လာမည့် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း ဖြစ်လာသည်။
ဖွေ့ထိုင်းပါတီသည် သြဂုတ်လ ၄ ရက် သောကြာနေ့တွင် ကျင်းပမည့် ပါလီမန် ၂ ရပ်ပေါင်းမဲဆန္ဒပေးပွဲအတွက် ဆက်ထာအား ၎င်း၏ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း မနေ့က တရားဝင်ကြေငြာခဲ့သည်။ ဖွေ့ထိုင်းပါတီသည် Move Forward ပါတီမပါဘဲ ညွန့်ပေါင်းအသစ်ဖွဲ့ရန် ကြိုးပမ်းနေသည်ဟုလည်း ပါတီက ပြောကြားခဲ့သည်။ ဖွေထိုင်းပါတီသည် တော်ဝင်မိသားစုကို ကာကွယ်သည့် ဥပဒေအား မည်သည့်ပြောင်းလဲမှုမဆိုကို ခိုင်ခိုင်မာမာ ဆန့်ကျင်ကြောင်းလည်း ပြောသည်။
ဆက်ထာသည် လစ်ဘရယ်နိုင်ငံရေး အယူအဆများကို ယုံကြည်သက်ဝင်သော်လည်း လွန်ကဲခြင်း မရှိပေ။ အုပ်ချုပ်မှုအတွေ့အကြုံရှိပြီး ကျယ်ပြန့်သောအမြင်ရှိကာ မျိုးဆက်သစ်လူငယ်များအပါအဝင် အများပြည်သူနှင့် ရှင်းရှင်းလင်းလင်း ပြောဆိုဆက်ဆံနိုင်သူဖြစ်သည်။ စီးပွားရေးနှင့် လူမှုရေး မညီမျှမှု ပြဿနာများကို ဖြေရှင်းရန် အရေးကြီးကြောင်း ၎င်းက အလေးအနက် ပြောဖူးသည်။
ထိုင်းနိုင်ငံသည် လူငယ်များအတွက် မျှော်လင့်ချက်နှင့် ရည်မှန်းချက်များ ဖန်တီးပေးရမည်ဖြစ်ကြောင်း ထိုင်းသည် မိမိတို့၏အနာဂတ်ဖြစ်သည်ဟု ခေါင်းစဉ်တပ်ထားသည့် အောက်တိုဘာလ ၂၃ ရက်နေ့ထုတ် Matichon သတင်းစာပါ သူ၏ ဆောင်းပါးတွင် ဖေါ်ပြထားသည်။
“နိုင်ငံသားတယောက်အနေနဲ့ ထိုင်းနိုင်ငံဟာ လူငယ်တွေအတွက် မျှော်လင့်ချက်နဲ့ ရည်မှန်းချက်တွေ မြှင့်တင်ဖို့ အခွင့်အရေးနဲ့ လွတ်လပ်မှုရှိတဲ့ နေရာဖြစ်စေချင်တယ်။ ဘာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံဟာ ကျနော်တို့အားလုံးရဲ့အနာဂတ်ပဲ” ဟု သူရေးသားသည်။
ဆက်ထာ ဘယ်သူလဲ
ဆက်ထာ သာဗီဆင်ကို ၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ Claremont Graduate School မှ ဘဏ္ဍာရေးဆိုင်ရာ မဟာဘွဲ့ကို ရရှိခဲ့သည်။
သူသည် သက်ကြီး ကျန်းမာရေး စောင့်ရှောက်မှု အထူးကု ဆရာဝန် ဒေါက်တာ ပတ်ပီလိုင် သာဗစ်ဆင်နှင့် အိမ်ထောင်သက် ၃၄ နှစ် ကျော်ပြီ ဖြစ်သည်။ ဒေါက်တာ ပတ်ပီလိုင်သည် Bumrungrad ဆေးရုံရှိ VitalLife တွင် အလုပ်လုပ်သည်။ သူတို့တွင် သားသမီးသုံးယောက်ရှိသည်။

ဆက်ထာသည် Procter & Gamble ကုမ္ပဏီတွင် ထုတ်လုပ်မှုလက်ထောက်အဖြစ် ၁၉၈၆ ခုနှစ်တွင် စတင်ပြီး လေးနှစ်ကြာ လုပ်ကိုင်ခဲ့သည်။ ထို့နောက် သူသည် ၎င်း၏အစ်ကိုဝမ်းကွဲ အပီချတ် ချူတြာကူးလ် ပိုင်ဆိုင်သော ကုမ္ပဏီ San Samran သို့ ပြောင်းရွှေ့ခဲ့သည်။ နောက်ပိုင်းတွင် ကုမ္ပဏီအမည်ကို Sansiri ဟု ပြောင်းလဲခဲ့သည်။ နောက်နှစ်များတွင် ဆက်ထာသည် ကုမ္ပဏီ၏ CEO (အမှုဆောင်အရာရှိချုပ်) ရာထူးကို ထမ်းဆောင်ခဲ့သည်။
Sansiri သည် ထိုင်းနိုင်ငံမှ အကြီးမားဆုံးအိမ်ခြံမြေတည်ဆောက်ရေးလုပ်ငန်းများအနက် တခုဖြစ်ပြီး လွန်ခဲ့သောနှစ်က ဝင်ငွေ ဘတ် ၂၉.၇ ဘီလီယံရှိပြီး အမြတ် ဘတ် ၂ ဘီလီယံကျော်ရှိသည်။ နိုင်ငံတဝှမ်း ခရိုင် ၂၀ တွင် စီမံကိန်း ၄၀၀ ကျော်ရှိသည်။
၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် ဆက်ထာသည် ဖွေ့ထိုင်းပါတီဝင်အဖြစ် နိုင်ငံရေးလောကသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် CEO ရာထူးမှ တရားဝင်နှုတ်ထွက်ခဲ့သည်။ သူသည် ဖွေ့ထိုင်းပါတီ၏ စီးပွားရေးမူဝါဒအား အဓိကထား ထောက်ခံပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ဖိထာကို ဝန်ကြီးချုပ်ဖြစ်မလာစေရေး အထက်လွှတ်တော်နှင့် ကွန်ဆာဗေးတစ် အောက်လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းဝန်းပိတ်ဆို့ပြီးနောက် ဝန်ကြီးချုပ်ဖြစ်လာရန် အခွင့်အလမ်းသည် စီးပွားရေးအသိုင်းအဝိုင်းက လှိုက်လှိုက်လှဲလှဲကြိုဆိုသော ဆက်ထာထံ ကူးပြောင်းလာခဲ့သည်။ ထိုင်းစတော့ဈေးကွက် အညွှန်းကိန်းတွင်လည်း သူ့အား ကြိုဆိုကြောင်း ထင်ဟပ်နေသည်။ ဇူလိုင်လ ၁၃ ရက်နေ့တွင် ပထမအကျော့ မဲပေးမှုတွင် ဖိထာ ရှုံးနိမ့်ပြီးနောက် စတော့ရှယ်ယာအညွှန်းကိန်းသည် ဆက်လက်မြင့်တက်နေခဲ့သည်။
လေးစားခံရသော စီးပွားရေး ခေါင်းဆောင်
သူ့ကို ထောက်ခံသူများအတွက် ဆက်ထာသည် အစိုးရမူဝါဒများကို အထူးသဖြင့် လူမှုမညီမျှမှုကို ဝေဖန်ရန် သတ္တိရှိသည့် လေးစားစရာကောင်းသော စီးပွားရေး လုပ်ငန်းခေါင်းဆောင်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ စီးပွားရေး အခြေအနေကို အခိုင်အမာ နားလည်သည့် ဝါရင် စီးပွားရေးလုပ်ငန်းအမှုဆောင်အဖြစ် သူ့ကို အသိအမှတ်ပြုကြသည်။

မညီမျှမှုကို လျှော့ချခြင်းသည် လူမှုရေးနှင့် ဝင်ငွေကွာဟမှုကို ကျဉ်းမြောင်းစေရန် အမျိုးသားရေး အစီအစဉ်ဖြစ်သင့်သည်ဟု ဆက်ထာ တခါက ပြောခဲ့ဖူးသည်။
ပါတီခေါင်းဆောင် တဦးဖြစ်သော ပေတုန်တန် ရှင်နာဝပ်က ဆက်ထာကို လုံးဝ ထောက်ခံကြောင်း ဇူလိုင် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
သို့သော် ဖွေ့ထိုင်းပါတီသည် ညွန့်ပေါင်းအသစ်ဖွဲ့စည်းရန်နှင့် ညွန့်ပေါင်းအသစ်ဖွဲ့စည်းရန် ရှစ်ပါတီညွန့်ပေါင်းကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်သောကြောင့် ပါတီ ထောက်ခံသူများရော ဒီမိုကရေစီလိုလားသူများ၏ ကန့်ကွက်ဆန္ဒပြမှုနှင့် ရင်ဆိုင်နေရသည်။ ဖွေ့ထိုင်းပါတီအနေဖြင့် စစ်တပ်လိုလားသော ပါတီများကိုပါ ညွန့်ပေါင်းသစ်ဖွဲ့ရာတွင် ထည့်သွင်းလာပါက ပြုပြင်ပြောင်းလဲရေး လုပ်ရန် ရွေးကောက်ပွဲ မဲဆွယ်ရာ၌ ပေးထားသည့် ကတိကဝတ်များ ချိုးဖျက်သည်ဟု ပါတီထောက်ခံသူများအကြား မြင်လာနိုင်သည်။
ကိုးကား။ ။ Khaosod နှင့် Thai PBS
You may also like these stories:
ဝန်ကြီးချုပ် မဲရရန် ဖွေ့ထိုင်းက Move Forward နှင့် လမ်းခွဲ
ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ
ဖိထာ ရှုံးလည်း အပြောင်းအလဲကို ထိုင်း ရှောင်လွှဲမရ
ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၃)
ကမ္ဘောဒီးယား ဝန်ကြီးချုပ်လောင်း ဟွန်မနက် ဘယ်သူလဲ














