ကျနော် အပါအဝင် မြန်မာတချို့ ဘုန်းတော်ကြီး ဒလိုင်းလားမားကိုရော ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး ကိုပါ တနာရီကျော်ကြာ တွေ့ခွင့် ရခဲ့သည်။ ဘန်ကောက်က နာမည်ကြီး လေးမျက်နှာ ဘုရားဘေးက ဟိုတယ်ကြီးမှာ။
ဒလိုင်းလားမားက ဘန်ကောက်မြို့တော်ကြီးသို့ ၂၄ နာရီ လာလည်ခွင့် ရရှိသည်ကို ပျော်နေပုံရသည်။ ဒက်စ်မွန် တူးတူး ကမှု သူ့ဘေးတွင် ထိုင်နေရင်း ပြုံးလို့နေသည်။ သူတို့ နှစ်ဦး ရယ်ရယ်မောမောနှင့် အချိန် အကြာကြီး ကွဲကွာပြီးမှ ပြန်ဆုံတွေ့သည့် လူငယ်လေးများအလား နောက်ပြောင်နေသည်ကိုလည်း စကားဝိုင်းတွင် တွေ့မြင်ရသည်။
ထိုအချိန် ကျနော်တို့က နိုင်ငံတကာ အခင်းအကျင်းကို သူငယ်တန်းက စပြီး ကကြီးရေက စတက်ခါစ။
ကျနော်တို့ တွေ့ဆုံပွဲတွင် အမှတ်ရမိသည်က ဆမ် (Sam Kalayani) က ဘေးက စီစဉ်ပေးသူ။ ထိုင်းကျောင်းသား သမဂ္ဂတွင် ဦးဆောင် ပါဝင်ခဲ့သူ။
ထိုင်း-မြန်မာ နယ်စပ်ကို ၁၉၈၈ အရေးအခင်း နောက်ပိုင်း ရောက်ရှိလာသည့် မြန်မာ ကျောင်းသား ကျောင်းသူများကို သွားရောက် တွေ့ဆုံပြီး ကူညီသူ။ မြန်မာ့ အရေး လှုပ်ရှားသူ။
ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့တွင် Images Asia ကို တည်ထောင်ပြီး မြန်မာ့အရေးကို တက်တက်ကြွကြွ ပါဝင် လှုပ်ရှားသူ ထိုင်းလူမျိုး တဦး။ ၂၀၁၀ တွင် ချင်းမိုင်မြို့၌ပင် ဆုံးပါးခဲ့သည်။
သူ့ကိုတော့ ဖီးဆမ် (အစ်ကိုကြီးဆမ်) ဟု ကျနော်တို့က ရင်းရင်းနှီးနှီး ခေါ်သည်။ ဖီးဆမ် ကဲ့သို့ ထိုင်းများ ရှိသည့် အတွက်ကြောင့် ကျနော်တို့ တတွေ အသက်ရှုပေါက် ချောင်ခဲ့ရသည်ဟု ဆိုရမည်။
ထို တွေ့ဆုံပွဲတွင် ဘန်ကောက်ရောက် မြန်မာ ကျောင်းသား လူငယ်တချို့ ပါဝင်သလို နယ်စပ်က မြန်မာ ဒုက္ခသည်များကို ကူညီပေးသည့် အဖွဲ့အစည်း Thailand – Burma Border Consortium (TBBC) မှ Jack Dunford လည်း ပါဝင်သည်ကို တွေ့ရသည်။
နိုဗယ်ဆုရှင်များနှင့် တွေ့ဆုံပွဲ စကားဝိုင်းတွင် ဘေးကနေ ကျနော်တို့ကို အားမလို အားမရ ကူညီသူကတော့ ထိုင်းပရော်ဖက်ဆာ Vitit Muntarbhorn ပဲ ဖြစ်သည်။ သူက အောက်စ်ဖို့ဒ် (Oxford) တက္ကသိုလ်ဆင်း ရှေ့နေ၊ လူ့အခွင့်အရေး နိုင်ငံတကာ ဥပဒေနှင့် လူသားချင်း စာနာမှု ဆိုင်ရာ ဥပဒေများဖြင့် ဒေါက်တာဘွဲ့ ရခဲ့သူ။
သူ အင်္ဂလိပ်လို ပြောပါက လူအများက အံ့သြပြီး နားထောင်ရလောက်အောင် အထက်တန်းကျသော အင်္ဂလိပ် စကားကို ပြောနိုင်သူ။ သူနှင့် စကားပြောရမှာ ရှက်သည်ဟု အနောက်နိုင်ငံ သံတမန် တချို့က ပြောဖူးသည်ကို အမှတ်ရသည်။ သူတို့၏ အသံထွက်များက Vitit Muntarbhorn လောက် မကောင်း၍ ဖြစ်သည်။
သူက ကျနော့်အနားကို ကပ်လာပြီး “မင်းတို့ ပြောရမှာက မြန်မာ့အရေးကို UNSC မှာ ဆွေးနွေးဖို့ တိုက်တွန်းရမှာ…”။
ပရော်ဖက်ဆာ Vitit Muntarbhorn ကို ချူလာလောင်ကွန်း တက္ကသိုလ်က သူ့ အခန်းတွင် သွားတွေ့ဖူးသည်။ စာအုပ်ပုံများ ဘေးမှာ။
“မင်းတို့ ဒီမှာ နေရတာ အဆင်ပြေရဲ့လား” ဟု မေးသည်။ သူက စိုးရိမ်နေပုံရသည်။
ထိုင်း အစိုးရက ဘန်ကောက်ရောက် ၁၉၈၈ က မြန်မာ ကျောင်းသား ကျောင်းသူ တချို့ကို ပြန်ပို့ခဲ့သည့် ဖြစ်ရပ်က လတ်လတ် ဆတ်ဆတ်။
နောက်တခေါက် သူစာသင်နေသည့် အခန်းထဲခေါ်သွားပြီး သူ့တပည့်များနှင့် အတူ ထိုင်ခိုင်းသည်။ သူ့ Lecture ကို နားထောင် ရသည်။
သူ့မျက်နှာသည် နိုဗယ်ဆုရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို အားမလို အားမရ ဖြစ်ပုံ ပေါ်နေသည်။ ကျနော်တို့ ညံ့လို့ပေါ့ ဟု ဆိုရမည်လား။
နောက်နေ့ နံနက်ခင်းတွင် ဘုန်းတော်ကြီး ဒလိုင်းလားမားကို ထိုင်းနိုင်ငံ၏ နာမည်ကြီး နိုင်ငံခြား သတင်းထောက် များကလပ် FCCT (Foreign Correspondents’ Club of Thailand’s)ကဖိတ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်သည်။
ထိုအချိန်က FCCT သည် ဘန်ကောက်မြို့ စီးလုံ (Silom) လမ်းမကြီးပေါ်ရှိ ဒူးဇစ် ဌာနီ (Dusit Thani) ဟိုတယ်ကြီး၏ အပေါ်ဆုံးထပ်၌ ရှိသည်။ ကျနော့် အတွက်တော့ သတင်းစာ ပညာကို ထိုနေရာတွင်လည်း ဆည်းပူးရသည်။
ထိုအချိန်က FCCT သည် ဒေသတွင်း ရေးရာ ကျွမ်းကျင်သူများလည်း ပါသည်။ အရှေ့တောင် အာရှရှိ အာဏာရှင်များ၏ ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများ၊ သံတမန်များကိုလည်း ဖိတ်ပြီး စကား ပြောခိုင်းသည်။ ဘန်ကောက် မြန်မာ သံရုံးက ဘယ်တော့မှ မတက်။
“ကျနော်တို့က ဖိတ်ပါတယ်၊ သူတို့က မလာရဲတာပါ၊ ထပ်ပြီး ဖိတ်ကြားပါတယ်” ဆိုပြီး နိုင်ငံခြား သတင်းစာ ဆရာများ စင်ပေါ်က ရိသဲ့သဲ့ ပြောလေ့ရှိသည်ကို အမှတ်ရမိသည်။ မြန်မာက လူတော မတိုး၊ လူရာမဝင်။
မြန်မာတွင်လည်း နိုင်ငံခြား သတင်းထောက်များ အသင်း Foreign Correspondents’ Club of Myanmar (FCCM) ရှိသည်။
FCCM ကို အိပ်ပျော်နေသော ကလပ် ဟု သရော် ခေါင်းစဉ်နှင့် ဘန်ကောက် FCCT ၏ လစဉ်ထုတ် စာစောင်တွင် ရေးသည်ကို ဖတ်ရဖူးသည်။
FCCT မှာတော့ ညနေခင်း ဘီယာသောက်ပြီး ထိုစဉ်က ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံ သတင်းများကို ရေးသားသူ ထိတ်ထိတ်ကြဲ ဒေါင်ဒေါင်မြည် သတင်းစာ ဆရာကြီးများနှင့် ရင်းနှီးခွင့်ရသည်။ သူတို့ဆီက ပညာသင်ရသည်။
ထိုအချိန်က ထိုင်းမှာ သတင်းစာ လွတ်လပ်ခွင့်က အရှေ့တောင် အာရှမှာ အတော့်ကို လွတ်လွတ်လပ်လပ် ရေးသားခွင့် ရသည်ဟု ဆိုရမည်။
ထိုစဉ်က ဟောင်ကောင်နှင့် ထိုင်းမှာ နိုင်ငံခြား သတင်းထောက်များ အခြေစိုက် စုဝေးကြသည်။ ဟောင်ကောင်နှင့် ထိုင်း နိုင်ငံခြား သတင်းထောက် ကလပ် ၂ ခုကို နှိုင်းယှဉ်မည် ဆိုပါက ထိုင်းက ထိုအချိန်က ပိုသာသည်။
လှုပ်ရှား တက်ကြွပြီး စီးဆင်းနေသည့် ငြင်းခုံသံများ၊ ဗုဒ္ဓဟူးနေ့ ညတိုင်း ပြုလုပ်သော Burma Night မှာ လူစည်သည်။ ဟောင်ကောင် ကလပ်ကတော့ အရက်စုသောက်သည့် နေရာ။
၂၀၀၈ ခုနှစ်တွင် ကျနော် East West Centre က ဖိတ်တော့ ဟောင်ကောင် ကလပ်ကို သွားလည် ခဲ့သည်။ ဘန်ကောက် FCCT နှင့်တော့ မတူ။
စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှာ သတင်းစာ ဆရာများ ကျီးနှင့် ဖုတ်ဖုတ်။
ဒလိုင်းလားမားကတာ့ ၂၄ နာရီ ဗီဇာ မကုန်ခင် သူလုပ်စရာ ရှိသည်များကို လုပ်ရခြင်းပင်။
ဧည့်သည် တိဗက် ဘုန်းတော်ကြီး သတင်းစာ ရှင်းလင်းပွဲက ပရိသတ်များ ပြည့်နေသည်။ ဒူးဇစ် ဌာနီ ၏ အပေါ်ထပ်က အခန်းများကို ထပ်ဖွင့်ပေးရသည်။ အားလုံးက စိတ်လှုပ်ရှားနေကြသည်။ တချို့ကတော့ ပျော်ရွှင်နေကြသည်။
ကျနော်နှင့် ခင်မင်ရသော ထိုင်းနှင့် နိုင်ငံခြားသား သတင်းစာ ဆရာများ၊ သတင်းထောက်များ သတင်းဦးရရန် အလုအယက်။ ဓာတ်ပုံဆရာများက ကျော်နင်းခွ၊ ဘယ်ထောင့်က ရိုက်လျှင် အကောင်းဆုံးလဲ၊ အကောင်းဆုံးပုံ ရမလဲ။
FCCT ရုက္ခစိုး ဓာတ်ပုံ ဆရာကြီးများ၊ Asiaweek က Dominic Faulder အပါအဝင် နေရာယူ၊ နေရာ လုရတဲ့ ပွဲ။
ဒလိုင်းလားမားက တရုတ် ဆန့်ကျင်ရေး မပြော။ သူနှင့် သူ၏ မိတ်ဆွေ ဖြစ်သူများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ရောက်ရှိနေခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
နောက်အရေးကြီးသည့် အချက်ကတော့ သူသည် ထိုင်းကို လာလည်ပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများကြား ပြဿနာ ဖန်တီးရန် မဟုတ်ဟု ပြောကြားလိုကြောင်း၊ သူသည် ထိုင်းသာသနာပိုင် ဆရာတော်၏ ဧည့်သည်တော် အဖြစ် လာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း ပြောကြားသွားပါသည်။
လိမ္မာပါးနပ်စွာ ပြောကြားသွားခြင်း ဖြစ်သည်။ သူက ပြုံးပြုံးနှင့် ပြော၊ ဘာသာပြန်က ချွေးပြန်။ အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ သမ္မတ များနှင့် တွေ့ဆုံဖူးသူ တိဗက် ဘုန်းတော်ကြီးက FCCT ၏ သတင်းစာ ရှင်းလင်းပွဲကို ထိန်းကျောင်း နိုင်ခဲ့ပါသည်။
ယခု ခရီးစဉ် အားလုံးကို ထိုအချိန်က စီစဉ်သူကတော့ ကနေဒါ နိုင်ငံက ဆိုရှယ် ဒီမိုကရက် လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်သည့် John Edward “Ed” Broadbent ပဲ ဖြစ်သည်။
ဘုန်းတော်ကြီး ဒက်စမွန် တူးတူး တို့ကတော့ ထိုင်း-မြန်မာ နယ်စပ်ကို ဆင်းခွင့်ရသည်။ ဒုက္ခသည်များနှင့် တွေ့သည်။ ထို့နောက် ဘန်ကောက် နန်းတော်၌ ထိုင်းဘုရင်မင်းမြတ်နှင့် တွေ့ဆုံခွင့် ရကြသည်။ ထိုင်းနိုင်ငံ သာသနာပိုင် ဆရာတော်နှင့်လည်း တွေ့သည်။
ထိုင်းဘုရင် မင်းမြတ်နှင့် တွေ့ဆုံ ဆွေးနွေးမှုကိုတော့ သတင်းစာများတွင် ရေးသား ဖော်ပြသည်ကို မတွေ့ရှိရပေ။
ဒလိုင်းလားမားက ကျနော်တို့နှင့် ရင်းနှီးသည့် မိတ်ဆွေကြီး ထိုအချိန်က FCCT ဥက္ကဋ္ဌ ဘာတေးလ် လင့်တ်နာ (Bertil lintner) ကို တွေ့စဉ်တုန်းက ၁၉၈၄ မှာ ဖြစ်သည်။ သူ တိဗက်က ထွက်ပြေးတော့ အိန္ဒိယ မဟုတ်ဘဲ မြန်မာပြည်ကိုလည်း သွားပြီး ခိုလှုံနေထိုင်ရန် စဉ်းစားဖူးသည်ဟု ပြောဖူးသည်။
ထိုအချိန်က မြန်မာပြည် အခြေအနေကို သိရှိရန် လူလွှတ်ပြီး စုံစမ်းခိုင်းသည်ဟုလည်း ဒလိုင်းလားမားက ဘာတေးလ် လင့်တ်နာကို ပြောဖူးသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ဆူရင် ပစ်ဆူဝမ် ဒုတိယအကြိမ် ရောက်သည့် အချိန်တွင် ထိုင်းနိုင်ငံသည် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်ခဲ့သည်။
အနောက်အုပ်စု ခေါင်းဆောင်များက ဆူရင် ပစ်ဆူဝမ်ကို သဘောကျ ထောက်ခံကြသည်။
ထိုင်း၏ နိုင်ငံခြားရေး မူဝါဒက အနောက်ကို ယိမ်းသည်ဟု ဆိုရမည်။ ထိုင်းနိုင်ငံသည် အနောက်အုပ်စုက ပေးသည့် အထောက်အပံ့ အကူအညီများကလည်း ကြီးကြီးမားမား ရရှိခဲ့သည်။ ထိုအချိန်က အနောက်၏ သြဇာကလည်း အတော်ကို သက်ရောက်မှု ရှိသည်။
တရုတ်၊ ရုရှားတို့နှင့် ဆက်ဆံရေးကိုလည်း မပျက်အောင် ချိန်ခွင်လျှာ ညီရန် အတွက် ထိန်းသိမ်း နိုင်ခဲ့သည်ကို တွေ့ရသည်။
၁၉၉၇ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းများသည် အမေရိကန်နှင့် အီးယူ တို့၏ ပေတံ စံနှုန်းများထဲတွင် ဝင်ခဲ့သည်ဟု ပြောရမည်။
ဆူရင် ပစ်ဆူဝမ်ကတော့ ကမ္ဘာလှည့် နိုင်ငံခြားရေး ဝန်ကြီး ဘဝဖြင့် ထိုင်း၏ ပုံရိပ်ကို မြှင့်တင်ခဲ့သည်ဟု မှတ်ချက် ချရမည်။
သူ့မိတ်ဆွေကြီး ကဝီ ကလည်း လစ်ဘရယ် (Liberal) အကျဆုံး နိုင်ငံခြားရေး မူဝါဒများ ရှိခဲ့သည်၊ ကျင့်သုံးခဲ့သည်ဟု ရေးသားခဲ့ဖူးပါသည်။
ထိုကာလများသည် ဘန်ကောက်၏ အတက်ကာလများ ဖြစ်သည်။
ထိုင်း၏ အနောက်စံနှုန်းနှင့် လစ်ဘရယ် ဒီမိုကရေစီ (Liberal Democracy) ကျင့်သုံးလာသည့် နိုင်ငံခြားရေး မူဝါဒကို အားလုံးက လက်ခုပ်တီး ကြိုဆို ကြသည်တော့ မဟုတ်။
တရုတ် အပါအဝင် အိမ်နီးချင်း မြန်မာနိုင်ငံတို့က နှစ်သက်လက်ခံခြင်း မရှိသည်ကို တွေ့ရပါသည်။ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား တို့ကလည်း ခပ်စိမ်းစိမ်းပဲ နေကြသည်ကို တွေ့ရသည်။ မြေပြင်၏ လက်တွေ့ အနေအထားပဲ ဖြစ်သည်။
ထိုင်းနိုင်ငံတွင်း နေထိုင်ကြသည့် မြန်မာ့အရေး လှုပ်ရှားသူများကတော့ အသက်ရှု ချောင်ခဲ့ရပါသည်။
ဆူရင် ပစ်ဆူဝမ်ပြောသည့် ဆွေးနွေပွဲ စကားဝိုင်းများ၊ ညစာစားပွဲ မိန့်ခွန်းများကို ကျနော် တက်ရောက် နားထောင်ဖူးသည်။ အရပ် ရှည်ရှည်၊ ယောက်ျား ပီသသော ထိုင်း-မလေး ရုပ်ရည်နှင့် အပြုံးကို အမြဲ ဝတ်ဆင်ထားတတ်သူ။ ယုံကြည်မှု အပြည့်နှင့် လှုပ်ရှား သွားလာ တတ်သူ။
တခါတုန်းက East West Centre ၏ ဘန်ကောက်က ကွန်ဖရင့်မှာ သူက Arthur Miller ၏ ပြောဆိုချက်အား ကိုးကား ပြောဆိုသည်ကို နားထောင်ရသည်။
“A good newspaper, I suppose, is a nation talking to itself ”
သတင်းစာ လွတ်လပ်ခွင့်နှင့် တန်ဖိုးကို သူက အလေးထားပြောဆိုသည်။ ထို့အတွက်လည်း သူ့ကို လေးစားကြသည်ကို တွေ့ရသည်။ စကားပြော ကောင်းသည်။ နိုင်ငံတကာတွင် ဝင်ဆံ့သည့်။
အင်္ဂလိပ်စကား ပြောရာတွင် သေသေသပ်သပ် နိုင်နိုင်နင်းနင်းဖြင့် သံတမန်ကဲ့သို့ ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်သည်။ သူ၏အပြုံးက မျက်နှာပေါ်တွင် အမြဲတွဲခိုနေတတ်သည်။ ထိုင်းနိုင်ငံ၏ နိုင်ငံတကာတွင် ပုံရိပ်ကောင်း (Positive image) ရှိသူ ဟု ဆိုရမည် ဖြစ်သည်။ မြန်မာ၏ ဦးသန့်တော့ မဟုတ်။
ဆူရင် ပစ်ဆူဝမ် နှင့် UN
တကယ်တော့ ဆူရင်ကို UN (ကုလသမဂ္ဂ) အထွေထွေ အတွင်းရေးမှူးချုပ် နေရာ အမည်စာရင်းသွင်းရန် အတွက် နိုင်ငံတကာ မိတ်ဆွေများ ရှိကြသည်။
ဆူရင့်ကို ထိုအချိန်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မက်ဒလင်း အောလ်ဘရိုက် (Madeleine Albright) နှင့် ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Roland Dumas တို့က UN ရာထူးအတွက် ထောက်ခံခဲ့ကြသူများ ဖြစ်သည်။ ၂၀၀၁ ဝန်းကျင် ဖြစ်သည်။
ထိုအချိန်က UNSG (ကုလသမဂ္ဂ အထွေထွေ အတွင်းအရေးမှူးချုပ် ရာထူး) အတွက် အာရှက အလှည့်ကျသည်။
ထိုင်းနိုင်ငံမှာ အစိုးရက ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) အစိုးရ ဖြစ်သည်။ သူတို့ အစိုးရက ဆူရင် ပစ်ဆူဝမ်၏ အမည်ကို မတင်သွင်းပါ။
ဆူရာကီရတ် (Surakiart Sathirathai) ကို တင်သွင်းခဲ့သည်။ မြန်မာများလည်း သူ့ကိုတော့ မှတ်မိနိုင်သည်။
သူက ၂၀၀၁ ကနေ ၂၀၀၅ အထိ ဝန်ကြီးချုပ် သက်ဆင် အစိုးရ လက်ထက်မှာ နိုင်ငံခြားရေး ဝန်ကြီး တာဝန် ထမ်းဆောင် ခဲ့သည်။ နောက်ပိုင်းတွင်တော့ ဒု ဝန်ကြီးချုပ် ဖြစ်သွားသည်။
မြန်မာနိုင်ငံ ရိုဟင်ဂျာ အရေးတွင် ဒေါ်အောင်ဆန်းစုကြည် လက်ထက်က အကြံပေးအဖြစ် ပါဝင် ဆောင်ရွက်ခဲ့ဖူးသည်။
ဆူရင် ပစ်ဆူဝမ် တယောက် UN က အမြင့်ဆုံး ရာထူးနှင့် လွဲခဲ့သည်။ ထိုနေရာကို တောင်ကိုရီးယားက ဘန်ကီမွန်း ရသွားသည်။ ဆူရာကီရတ် (Surakiart Sathirathai) လည်း အရွေး မခံရပါ။
တကယ့်ကို Dynamic ဖြစ်သည့် ဆူရင် ပစ်ဆူဝမ်သာ ထိုရာထူးကို ရခဲ့မည် ဆိုလျှင် သူ၏ နိုင်ငံတကာ ပဋိပက္ခများကို ရင်ဆိုင် ဖြေရှင်းပုံများက စိတ်ဝင်စားဖွယ် ကောင်းပါလိမ့်မည်။ UN ၏ ပုံရိပ် ပိုပြီး ခန့်ထည်စေနိုင်သည်။
ဘန်ကီမွန်းသည် ခေါင်းဆောင် တယောက်၏ အရည်အချင်းများ ရှားပါးသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်။ ပျင်းစရာ အလွန်ကောင်းသော သံတမန် တဦးသာ ဖြစ်ပါသည်။ ကျနော့် စိတ်ထဲတွင် သူ၏ သက်တမ်း (၂၀၀၇-၂၀၁၆) သည် စိတ်ပျက်စရာ ကောင်းလှသည်ဟု ထင်မိသည်။
ဆူရင် ပစ်ဆူဝမ် နှင့် အာဆီယံ
၂၀၀၇ ခုနှစ်တွင်မူ ဆူရင် ပစ်ဆူဝမ်အား အာဆီယံ အတွင်းရေးမှူးချုပ် ရာထူးအတွက် ထိုစဉ်က ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း Surayud Chulanont က (ယခု ဘုရင့်သက်တော်ရှည် အမတ်) အချိန် မဆိုင်းဘဲ တင်သွင်းခဲ့ပါသည်။
အာဆီယံ၏ ရွေးချယ်ရေး ကော်မတီအဖွဲ့က ဆူရင် ပစ်ဆူဝမ်အား သတ်မှတ် အရည်အသွေးများ (Capacity and Intellect) ပြည့်စုံသဖြင့် အာဆီယံကို ဦးဆောင်နိုင်မည့်သူဟု တညီတညွတ်တည်း သဘောတူပြီး ရွေးချယ်ခဲ့ပါသည်။
ဆူရင်သည် အာဆီယံ အကြီးအကဲ အဖြစ် ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ တာဝန် ထမ်းဆောင်သွားခဲ့သည်။
(ဆက်လက် ဖော်ပြပါမည်)
(အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)
You may also like these stories:
ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ
ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၂)