ရခိုင်ပြည်နယ်တွင် အဆက်မပြတ်ရွာခဲ့သည့် မိုးကြောင့် ရေကြီးရေလျှံမှု ဖြစ်ခဲ့ရာ စပါးစိုက်ဧက ၅သောင်းကျော် ထိခိုက် ပျက်စီးခဲ့ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ကောက်ယူ ထားသည့်စာရင်းများအရ သိရသည်။
ယခုလ ဒုတိယပတ်အတွင်း မိုးသည်းထန်စွာ ရွာခဲ့ရာ ကျောက်တော်မြို့နယ်၌ လယ်ဧက ၁၅,၀၀၀ ကျော်၊ မြောက်ဦးမြို့နယ်၌ ၁၂,၀၀၀ ကျော်၊ မင်းပြားမြို့နယ်၌ ၂၄,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့သည်။
ရခိုင်ပြည်နယ်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက “စပါးခင်းတွေ ပျက်စီးသွားတာက နှစ်ပိုင်းရှိတာ ပေါ့။ လုံးဝ နွံဖုံးလွှမ်းသွားတာက လယ်ဧက ၅၀,၀၀၀ ကျော်လောက် ရှိတယ်။ နောက်တပိုင်းကတော့ လယ်ကွင်းထဲကို ရေ လွှမ်းမိုးပြီးတော့ စပါးပင်လေးတွေသေသွားတာရှိတယ်။ အဲဒါကတော့ တချို့ပြန်ရှင်လာနိုင်သေးတယ်။ ဒါပေမယ့် ငွေအား လူအား စိုက်ပြီးတော့ ပြန်လည်ပျိုးရမယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ လယ်ယာပျက်စီးဆုံးရှုံးသွားရသည့် လယ်သမားများအနေဖြင့် ပြန်လည်စိုက်ပျိုးရန် မျိုးစပါးရှာမရခြင်း၊ အရင်းအနှီး အတွက် ငွေကြေးမတတ်နိုင်ခြင်း စသည့် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်။
မြောက်ဦး မြို့နယ် တိမ်ညိုကျေးရွာမှ ကိုစိုးနိုင်က “ကျနော်တို့ဆီမှာတော့ အဓိက နွံဖုံးသွားတာဗျ။ လေးမြို့ မြစ်ကမ်းဘေး ဒေသရွာတွေနဲ့ သရီချောင်းဒေသက ရွာတွေတော်တော်များများ ခံကြရတယ်။ ပြန်လည်ထွန်ယက်စိုက်ပျိုးဖို့ အခု စက်မှု လယ်ယာဌာနနဲ့ ချိတ်ဆက်နေတယ်။ ဒါပေမယ့် ဒီဇယ်ဖိုးကုန်ကျစရိတ်၊ ထွန်ယက်စိုက်ပျိုးစရိတ်တွေနဲ့ ပြန်ကာမိမှာ လားဆိုတာ ကျနော်တို့အားလုံး စဉ်းစားနေကြ ရတယ်” ဟု ပြောသည်။
အလားတူ ကျောက်တော်မြို့နယ်တွင်လည်း ကုလားတန်မြစ်ကမ်းဘေးကျေးရွာများနှင့် ယိုးချောင်းဒေသရှိကျေးရွာများမှ လယ်ကွင်းများ ရေလွှမ်းနစ်မြုပ်သည့်အတွက် စပါးပင်များသေဆုံးခြင်း၊ လယ်ကွင်းတခုလုံး နွံဖုံးသွားသဖြင့် စပါးခင်းများ လုံးဝပျက်စီးသွားခြင်းတို့ ကြုံနေရကြောင်း ကျောက်တော်မြို့နယ် ကံစောက်ကျေးရွာတောင်သူများထံမှ သိရသည်။
ကံစောက်ကျေးရွာမှ တောင်သူတဦးဖြစ်သူ ကိုဖြူသီးက “စပါးခင်းတွေက ထွက်ခါစမှာရေလွှမ်းသွားတော့ အကုန်သေကုန် တယ်။ အများစုလယ်ကွင်းတွေကတော့ နွံဖုံးသွားတာ။ အခု လယ်ပြင်တွေကို ကြည့်လိုက်ရင် စပါးပင်တပင်မှကို မရှိတော့ တာ။ သမံတလင်းခင်းထားသလို နွံတွေနဲ့ပြောင်လက်နေတယ်။ ဘယ်လိုလုပ်ရမှန်းလည်းမသိတော့ တချို့ကတော့ မျိုးစပါးရှာ မရတော့ ရှိတဲ့စပါး ရေစိမ်ပြီး ပြန်လည်စိုက်ပျိုးဖို့လုပ်နေကြတယ်” ဟု ပြောသည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့ နယ်အပြင် ရသေ့တောင်နှင့် ပေါက်တောမြို့နယ်တို့ တွင်လည်း လယ်ကွင်းများနွံဖုံးခြင်း၊ ဆားငန်ရေဝင်ရောက်ခြင်းတို့ကြောင့် စပါးခင်းများထိခိုက်ပျက်စီးမှုရှိနေပြီး လက်ရှိ၌ ကွင်းဆင်းစာရင်းပြုစုနေဆဲဖြစ်ကြောင်း ဦးကျော်ဇံက ဆိုသည်။
ပြီးခဲ့သည့်မေလအတွင်းက ဝင်ရောက်တိုက်ခတ်သွားသော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့်မြို့နယ်များတွင် နေအိမ်များထိခိုက်ပျက်စီးမှုအပြင် မျိုးစပါးထားရှိရာ စပါးကျီ များ ပျက်စီးခြင်း၊ ခိုင်းကျွဲ/နွားများသေဆုံးခြင်း၊ လယ်ယာသုံးစက်ပစ္စည်းများ ပျက်စီးခြင်းကြောင့် တောင်သူလယ်သမားများ အနေဖြင့် လယ်မြေများအား အပြည့်အဝလုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်းလည်း သိရ သည်။
ဦးကျော်ဇံက “လယ်သမားတွေ နစ်နာချက်ကတော့ အများကြီးပါပဲ။ မိုခါမုန်တိုင်းကြောင့်လည်း မျိုးစပါးတွေ၊ လယ်ထွန်စက် တွေ၊ ကျွဲ/နွားတွေ အကုန်ပျက်စီးခဲ့ရတယ်။ အခုတခါရေကြီးပြန်တော့ စပါးခင်းတွေပါ ပျက်စီးသွားတယ်ဆိုတော့ ပြန်လည် ရင်းနှီးမြှုပ်နှံဖို့ ငွေအားမရှိကြတော့ပြန်ဘူး။ သက်ဆိုင်ရာ သို့မဟုတ် နိုင်ငံတကာအဖွဲ့တွေက ကူညီပံ့ပိုးမှုရှိမှပဲ လယ် သမားတွေ အသက်ရှင်နိုင်မယ့်အနေအထားကို ရောက်သွားပြီ” ဟု ဆိုသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေးဘဏ်က လယ်တဧက ကျပ် ၁၅၀,၀၀၀ နှုန်းဖြင့် ထုတ်ချေးသည့် စိုက်ပျိုးစရိတ် ချေးငွေမှာလည်း ၂၀၂၀ နောက်ပိုင်းကတည်းက စစ်ပွဲဒဏ်၊ ကိုဗစ်-၁၉ ဒဏ်ကြောင့် တောင်သူ ၈၀ ရာခိုင်နှုန်းကျော်ထိ ပြန်လည်မပေးသွင်းနိုင်သဖြင့် စိုက်ပျိုးစရိတ်ချေးငွေမရှိတော့ဘဲ နာမည်ပျက်စာရင်း သွင်းခံထားရကြောင်းလည်း လယ်သမားများထံမှ သိရသည်။
ဦးကျော်ဇံကလည်း ရခိုင်ပြည်နယ်အတွင်း တနှစ်ထက်တနှစ် စပါးစိုက်ဧကလျော့နည်းလာမှုနှင့်အတူ စပါးအထွက်နှုန်း တဖြည်းဖြည်းကျဆင်းလာနေချိန် ယခုကဲ့သို့ မိုခါမုန်တိုင်းနှင့် ရေကြီးရေလျှံ ဖြစ်ပွားခြင်းတို့ကြောင့် စပါးအထွက်နှုန်း ထပ်မံ ကျဆင်းလာနိုင်သလို ဝမ်းစာဖူလုံရေးအတွက်ပါ ထိခိုက်လာနိုင်သည့် အခြေအနေရှိနေကြောင်း သုံးသပ်ပြောဆိုသည်။
သက်ဆိုင်ရာဌာနများက ရခိုင်ပြည်နယ်အတွင်း စပါးစိုက်ဧက ၁,၀၄၀,၀၀၀ ကျော်ရှိကာ စပါးအထွက်နှုန်း တင်းသိန်းပေါင်း ၇၀၀ ကျော်ထွက်ရှိကြောင်း စာရင်းပြုစုထားသော်လည်း အမှန်တကယ် မြေပြင်ကွင်းဆင်းပြုစုချက်အရ စပါးစိုက်ဧက ၈၅၀,၀၀၀ ကျော်သာရှိပြီး စပါးအထွက်နှုန်းမှာလည်း တင်းသိန်းပေါင်း ၄၀၀ အောက်အထိ လျော့ကျနေကြောင်း ရခိုင်ပြည် နယ်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။
You may also like these stories:
မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသတွင် လယ်ယာစိုက်ပျိုးရေးများစတင်ရန် အခက်ကြုံနေ
မိုခါမုန်တိုင်းအပြီး တလအကြာ ရခိုင်ပြည်နယ်ကို အငတ်ဘေးနှင့် ပျက်ဆီးမှုများ ခြိမ်းခြောက်နေ
ရခိုင်နှင့်ဒေသတချို့ မိုးကြီးခြင်း၊ ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ဟု မိုး/ဇလ သတိပေး
နိုင်ငံတကာအဖွဲ့များ ရခိုင်သို့ သွားလာခွင့်ပိတ်မှု မုန်တိုင်းသင့်ပြည်သူများ အခြေအနေပိုဆိုးနိုင်