စစ်ကောင်စီက မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားရေး အကူအညီပေးနေသည့် အဖွဲ့အစည်းများအား ခရီးသွားလာခွင့်ပိတ်ပင်မှုကြောင့် အခြေအနေ ပိုမိုဆိုးရွားလာနိုင်ပြီး လူထောင်ပေါင်းများ စွာထံ အကူအညီ မရောက်ရှိနိုင်တော့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA-Myanmar) က ယနေ့ ထုတ်ပြန်ပြောဆိုသည်။
UNOCHA က “ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ကူညီနိုင်ခွင့် အခက်အခဲက လက်ရှိ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ကူညီမှုလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နိုင်ဖို့ ထိခိုက်စေပါတယ်” ဟု ပြောထားသည်။
ယင်းပြင် ရခိုင်ပြည်နယ်အတူ ချင်းပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ဒေသများအား လူသားချင်းစာနာမှု အကူ အညီများ နှစ်ပတ်ကြာဖြန့်ဝေရေး အစီအစဉ်မှာလည်း အလားတူဆိုင်းငံ့ခံထားရကြောင်းလည်း UNOCHA က ဆို သည်။
ဇွန်လ ၇ ရက်မှစတင်၍ ခရီးသွားလာခွင့်ပြုထားမှု ရပ်ဆိုင်းထားရန် စစ်ကောင်စီ၏ ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ယမန်နေ့က လက်မှတ်ရေးထိုးကာ ညွှန်ကြားခဲ့ခြင်းဖြစ် သည်။
စစ်ကောင်စီ ကန့်သတ်ချက်နှင့်ပတ်သက်ပြီး စစ်တွေမြို့ခံတဦးက “အများကြီး ထိခိုက်တာပေါ့။ အခုက ဒီမှာ မိုးလည်း ရွာနေပြီ။ နဂိုထဲက အမိုးအကာအောက်ကို မရောက်သေးဘူး။ တာပေါ်လင်ကအစ ဘာမှမရသေးတဲ့သူတွေ အများကြီး အခုအချိန်မှာ ဒီလို ပိတ်ပင်လိုက်တာက စားနပ်ရိက္ခာကအစ အမိုးအကာအကုန်လုံးရဖို့ မလွယ်တော့ဘူးပေါ့ဗျာ။ အလှူ ရှင်တွေကလည်း ဒီလို အခြေအနေမှာ လာဖို့ တွန့်ဆုတ်သွားတာမျိုး ရှိပါတယ်” ဟု ပြောသည်။
လတ်တလော စစ်ကောင်စီ၏ ခရီးသွားခွင့်ပိတ်မှုနှင့် ပတ်သက်ပြီး ဒေသခံအဖွဲ့အစည်းတချို့က ၎င်းတို့ထံ တိုက်ရိုက် ပြောဆိုလာခြင်း မရှိသေးသော်လည်း ကူညီထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရာ၌ အခက်အခဲများစွာ ကြုံ တွေ့နေရပြီး အထူးသဖြင့် စစ်တွေမြို့အထွက် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် ကန့်သတ်စစ်ဆေးမှုများစွာ ပြုလုပ် လျက်ရှိကြောင်း သိရသည်။
ရခိုင်ဒေသတွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတဦးက “ဒေသခံအဖွဲ့အစည်းတွေကို ပိတ်တာလား၊ UN/NGO တွေကို ပိတ်တာလား မသဲကွဲဘူး ဖြစ်နေတယ်။ ဒါပေမယ့် ဒီရက်ပိုင်းပစ္စည်းပို့တဲ့ အပိုင်းကတော့ တော်တော်လေး အခက်အခဲ ရှိတယ်။ အထူးသဖြင့် စစ်တွေကအထွက် ကျောက်တန်းဂိတ်ဆိုတာ ရှိတယ်။ ကျောက်တန်းတံတားနားမှာ၊ စစ်တပ်ထဲမှာ။ အဲဒီဂိတ်ကတော့ အခက်ခဲဆုံးပဲ။ ဘာမှအထူးတလည် စစ်ဆေးစရာမလိုတဲ့ ဆန်တွေက အစပေါ့။ မသယ်ရ ဘာညာဆိုပြီး အခက်အခဲက နှစ်ရက်သုံးရက်ရှိနေပြီ” ဟု ပြောသည်။
UNOCHA-Myanmar ၏ ဇွန် ၂ ရက်ထုတ် အစီအရင်ခံစာတွင်လည်း လတ်တလောခွင့်ပြုချက်အရ အကူအညီ ထောက်ပံ့မှုများ ပေးနေသော်လည်း လိုအပ်ချက်များစွာရှိနေပြီး နိုင်ငံတွင်းရှိ သိုလှောင်ရုံများနှင့် နိုင်ငံပြင်ပမှ ထောက်ပံ့ ရေးပစ္စည်းများအား သယ်ယူပို့ဆောင်ရေးနှင့် ရခိုင်၊ ချင်းပြည်နယ်သို့ အကူအညီပစ္စည်းများ ဖြန့်ဝေရေးအတွက် ခရီး သွားခွင့်ပြုမိန့်များ စောင့်ဆိုင်းနေရဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းသို့ အခြေအနေတွင် စစ်ကောင်စီ၏ ခရီးသွားလာခွင့် ကန့်သတ်မှုသည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နှင့် ၂ ရက်တို့ တွင် ရက္ခိုင့်တပ်တော် (AA) ပါဝင်သည့် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် မိုင်းလားတွင် တွေ့ဆုံ ဆွေးနွေးပြီး နောက် ထင်သာမြင်သာ သဘောတူညီချက် တစုံတရာ မရရှိမှုအပေါ်တွင် နိုင်ငံရေးအရ လက်ဦးမှုယူ တိုက်ခိုက်သည့် သဘော သက်ရောက်နေကြောင်းလည်း လေ့လာသူတဦးက သုံးသပ်သည်။
တရုတ်၏စီစဉ်မှုဖြင့် ကျင်းပသည့် အဆိုပါ မိုင်းလားတွေ့ဆုံပွဲတွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဘက်က မုန် တိုင်းဒဏ်သင့် ရခိုင်ဒေသအား အကူအညီများရရှိရေးလမ်းကြောင်းဖွင့်ပေးရန်နှင့် မသက်ဆိုင်သည့်နေရာ မသွား ရောက်ရန် ဆွေးနွေးပြောဆိုခဲ့သော်လည်း စစ်ကောင်စီက မူလခွင့်ပြုထားသည့် ခရီးသွားလာခွင့်ကိုပါ ရပ်ဆိုင်းကာ ပိုမို တင်းကျပ်လာခြင်းလည်း ဖြစ်သည်။
ရခိုင်ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသူတဦးက “မိုင်းလားဆွေးနွေးပွဲမှာ စစ်တပ်က သူတို့လိုချင်တဲ့ အတိုင်း ပုံဖော်လို့မရတဲ့အတွက် MNDAA ကို တိုက်တယ်။ အခု ရခိုင်ကိုလည်း တခုခု တိုက်ခိုက်ဖို့အတွက် ကြိုးစား တယ်လို့ မြင်ပါတယ်။ စစ်တပ်က ရခိုင်ပြည်နယ်ထဲမှာ စစ်ရေးအရ လက်ဦးမှုရယူဖို့၊ နောက်တခုက နိုင်ငံရေးအရပေါ့ နော်။ အဲဒီနှစ်ခုကို ရည်ရွယ်ပြီးတော့ သူတို့လုပ်နေတယ်လို့ပဲ ယူဆပါတယ်” ဟု ပြောသည်။
ယင်းပြင် စစ်ကောင်စီအနေဖြင့် မြေပြင်တွင် အမှန်တကယ်ဖြစ်ပျက်နေသည့် သတင်းအချက်များကို ဖုံးဖိလိုသည့် သဘောဖြင့် နိုင်ငံတကာအဖွဲ့အစည်းများအား လွတ်လပ်စွာသွားလာကူညီခွင့် မပေးဘဲ ထိန်းချုပ်ကန့်သတ်နေခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းက ပြောသည်။
မုန်တိုင်းဒဏ်မခံရခင်ကတည်းက လူမျိုးရေးနှင့် စစ်ရေးပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်တွင် ဒုက္ခသည်ဦးရေ သိန်း နှင့်ချီ ရှိနေပြီးသည့်အပြင်၊ ယခုမုန်တိုင်းဒဏ်ကြောင့် သေကြေမှုနှင့် တပြည်နယ်လုံး အတိုင်းအတာ ပျက်စီးဆုံးရှုံးမှု များပြားသည့် ရခိုင်ပြည်နယ်အား ကူညီထောက်ပံ့ရေး ခရီးသွားလာခွင့်များ ကန့်သတ်မှုမှာ မဖြစ်သင့်ကြောင်း၊ နိုင်ငံ ရေး၊ စစ်ရေးအတွက် ဒုက္ခရောက်နေသည့် ပြည်သူများအား ပိုအကျပ်အတည်းတွေ့ ဒုက္ခရောက်စေရန် မလုပ်သင့် ကြောင်း ရခိုင်နိုင်ငံရေးသမားတဦးဖြစ်သူ ဦးဖေသန်းက ဝေဖန်ထားသည်။
၎င်းက “အခုချိန်ထိ လေဘေးသင့်ပြည်သူတွေက အမိုးအကာအောက်တောင် မရောက်သေးဘူး။ စားဝတ်နေရေး နပ်မှန်အောင် မစားနိုင်တဲ့ အခြေအနေ၊ ကုန်ဈေးနှုန်းလည်း တအားကြီးတယ်ဆိုတော့ အခက်အခဲမျိုးစုံဖြစ်နေတဲ့ ကာလမျိုးမှာ နိုင်ငံတကာအကူအညီတွေကိုလည်း အများကြီး မျှော်လင့်နေရတယ်။ ပြည်တွင်း စေတနာရှင်တွေရဲ့ အကူအညီတွေနဲ့လည်း ရပ်တည်နေရတယ်။ အဲဒီမှာ စစ်ကောင်စီဘက်က ဒီလိုပိတ်ပင်တယ်ဆိုတာက မဖြစ်သင့်တဲ့ လုပ်ရပ်၊ ဒီအကျိုးဆက်ကြောင့် ဒုက္ခသည်တွေ ဒုက္ခထပ်ရောက်ကြဦးမှာပါ။ ကိုယ်ချင်းစာတရား အားနည်းတယ်လို့ပဲ မှတ်ချက် ပြုချင်ပါတယ်” ဟု ပြောသည်။
မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အပါအဝင် ပြည်သူ ၅ ဒသမ ၄ သန်းခန့် ထိခိုက်ခံစားခဲ့ရကြောင်း UNOCHA က ခန့်မှန်းထားသည်။
မုန်တိုင်းသင့် ဒေသခံပြည်သူများအတွက် အမိုအကာများရရှိရေး၊ စားနပ်ရိက္ခာနှင့် သန့်ရှင်းသည့်သောက်သုံးရေ လိုအပ်ချက်များစွာ ရှိနေသော်လည်း မုန်တိုင်းဝင်ရောက်အပြီး တလနီးပါးကြာသည်အထိ အစိုးရတရပ်အဖြစ် ခံယူ ထားသည့် စစ်ကောင်စီ၏ကူညီထောက်ပံ့မှုများမှာ ထိရောက်မှု မရှိကြောင်း ရခိုင်ပြည်သူတဦးက ပြောသည်။
၎င်းက “ကျနော့်အမြင်ကတော့ ပေးတာတော့ ပေးနေတာပဲ။ ထိရောက်တဲ့အကူအညီတော့ မထင်ဘူး။ ဥပမာ လူအား လုံးကို ပေးတယ်ဆိုတာမျိုးပဲ လုပ်နေတဲ့ပုံစံရှိတယ်။ တအိမ်ထောင်ကို ကြက်ဥတလုံးနဲ့ ဆန်နှစ်ပြည်ဆိုတာမျိုးက တကယ်တမ်းကျတော့ ရယ်စရာလို ဖြစ်နေတာပေါ့။ သူတို့က အကုန်လုံးကို ပေးလိုက်ပြီဆိုတာမျိုးလုပ်ချင်နေတော့ မလုံမလောက်နဲ့ ရယ်စရာဟာမျိုးလိုဖြစ်နေတဲ့ အကူအညီတွေ ရနေတာပေါ့” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ၁၄၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီး လူနေအိမ် ၁၈၂၅၉၈ လုံးအပြင် စာသင် ကျောင်းများ၊ ဘာသာရေး အဆောက်အုံများ၊ ဆေးရုံဆေးခန်းများနှင့် အခြားအဆောက်အအုံ စုစုပေါင်း ၁၈၇၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း စစ်ကောင်စီက မေလ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။
You may also like these stories :
မုန်တိုင်းဒဏ်ခံရသူများ စားနပ်ရိက္ခာလိုအပ်၊ ကုလက သွားခွင့်ရရန် ညှိနှိုင်းနေဆဲ
မုန်တိုင်း ကယ်ဆယ်ရေး အကူအညီ ရခိုင်လူနည်းစုများ မရ
မုန်တိုင်းအလွန် ပြန်ရုန်းထဖို့ ကြိုးစားနေရတဲ့ ရသေ့တောင်မြို့နယ်က ဒုံးပိုက်ရွာ
မြန်မာတွင် မုန်တိုင်း ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂက ဒေါ်လာ ၃၃၃ သန်း တောင်းထား
ရခိုင်ဒေသသို့ နိုင်ငံတကာ အကူအညီ စစ်ကောင်စီ ခွင့်မပြု