နေပြည်တော်အနီးရှိ စစ်ကောင်စီစခန်းများကို မကြာသေးမီက တိုက်ခိုက်မှုများ ဖြစ်လာပြီးနောက် စစ်ကောင်စီသည် အလားအလာရှိသည့် နောက်ထပ် တိုက်ခိုက်မှုများအတွက် ဒေသခံများ၏ ထောက်ခံမှုရရန် စည်းရုံးလှုပ်ရှားနေသည်။
နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင် ဦးဆောင်သည့် အဖွဲ့တဖွဲ့သည် ဩဂုတ်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင် နေပြည်တော်မှ ပျဉ်းမနားမြို့နယ်ရှိ ကျေးရွာများ၌ အစားအသောက်များ ဝေငှကာ နိုင်ငံသား စိစစ်ရေးကတ်များ ထုတ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပေးသည်။
ပျဉ်းမနား ဒေသခံတဦးက မြို့နယ်အတွင်းမှ ဒေသခံများကို စစ်အရာရှိများပေးသည့် ပြင်းထန်သော သတိပေးချက်များကို ပြောပြသည်။
“PDF တွေက ကျမတို့ကို အချိန်မရွေး လာတိုက်နိုင်တယ်လို့ သူတို့ ပြောတယ်။ ပြည်သူတွေကို ခြိမ်းခြောက်တယ်။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ကျမတို့ကို လာစည်းရုံးတာ” ဟု ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။ “နောက်တနေ့ကျတော့ ပစ္စည်းတွေ လာလှူပြီး တခုခုဖြစ်တော့မယ်ဆိုရင် သူတို့ကို ကြိုတင်သတင်းပေးဖို့ ပြောတယ်” ဟုလည်း ပြောသည်။
စစ်ကောင်စီ မီဒီယာများက ဖော်ပြသည့် သတင်းမှာ တမျိုးတဖုံဖြစ်သည်။ ထိုအရာရှိများအဖွဲ့သည် ဒေသ တည်ငြိမ်ရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တိုးတက်ရေး အဆင်ပြေစေရန် ရည်ရွယ်သည်ဟု ဖော်ပြသည်။
စစ်ကောင်စီအရာရှိများ သွားရောက်သည့် ရွာများတွင် စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့မိသားစုများ နေထိုင်သည့် ရွာများ ပါဝင်သည်။ မြဲမြိုကျေးရွာတွင် ထိုအဖွဲ့က ငွေ၊ ဖုန်းငွေဖြည့်ကတ်နှင့် အစားအသောက်များကို ဒေသခံ ခါးပိုက်ဆောင်တပ်များအား ပေးသည်။
PDFs များ တိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကို သတိပေးပြီး စစ်ကောင်စီအရာရှိများက အဖျက်သမားများကို တားဆီးရန် အစိုးရ၊ စစ်တပ်နှင့် ပြည်သူအကြား သွေးစည်းချစ်ကြည်ရန် တောင်းဆိုသည်။ ထိုစကားလုံးသည် ယခင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) အတွက်သာသုံးသည့် စကားလုံးဖြစ်ပြီး ယခုအခါ EAOs အတွက်သာမက PDFs ဟု ခေါ်သည့် ခုခံတော်လှန်ရေး အင်အားစုများအတွက်ပါ သုံးလာသည်။
ဂမုန်းတောင်ကျေးရွာတွင် စစ်ကောင်စီအရာရှိများက ဒေသခံများအနေဖြင့် ဒေသ တိုးတက်တည်ငြိမ်ရေးအတွက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် အဖျက်သမား ခြိမ်းခြောက်မှုကို တိုက်ထုတ်ရန် တောင်းဆိုသည်။
နေပြည်တော်တွင် ခုခံတော်လှန်ရေး အင်အားစုများက တိုက်ခိုက်မှုများ ပြုလုပ်ကြောင်း သြဂုတ်လ ၂၂ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီက ဝန်ခံပြီးနောက် နေပြည်တော်မှ အရပ်သားများထံမှ ထောက်ခံမှုရရန် လှုပ်ရှားမှု စတင်ခြင်းဖြစ်သည်။
နေပြည်တော်တွင် ဗုံးခွဲတိုက်ခိုက်မှုများ၊ ရဲစခန်းများနှင့် စစ်ဆေးရေးစခန်းများကို တိုက်ခိုက်မှုများသည် အသစ်အဆန်း မဟုတ်ပေ။ သို့သော် စစ်ကောင်စီသည် ယခုလ အစောပိုင်းတွင် ပျဉ်းမနားမြို့နယ်မှ တောင်ထိပ် စခန်းတခုကို ခုခံတော်လှန်ရေး အင်အားစုများထံမှ ပြန်လည်သိမ်းယူရန် ကြိုးစားသောအခါ လေကြောင်းပစ်ကူ ခေါ်ရသည်။ ထိုစခန်းသည် နေပြည်တော်မှ မိုင် ၄၀ ကျော်သာ ဝေးသည်။
ခုခံတော်လှန်ရေး အင်အားစုများသည် နေပြည်တော်ကို ပိုမို ပစ်မှတ်ထားလာပြီး ပျဉ်းမနားမြို့အနီးမှ စစ်ကောင်စီစခန်း တခုကို ခုခံတော်လှန်ရေး အင်အားစုက မကြာသေးမီက တိုက်ခိုက်သောအခါ စစ်ကောင်စီဘက်မှ လက်နက်များလည်း ဆုံးရှုံးသည်။
အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော် ကြာသောအခါ စစ်ကောင်စီသည် နိုင်ငံကို မထိန်းချုပ်နိုင်သေးဘဲ တနိုင်ငံလုံးမှ PDFs နှင့် EAOs တို့၏ ကျယ်ပြန့်သော ခုခံတော်လှန်ရေး လှုပ်ရှားမှုကို ရင်ဆိုင်တိုက်ခိုက်နေရသည်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းများနှင့် ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှ မြို့နယ်များတွင် စစ်အုပ်ချုပ်ရေး ကြေညာထားဆဲ ဖြစ်သည်။
ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် မင်းအောင်လှိုင်က EAOs နှင့် PDFs များထံ ဆုံးရှုံးသွားသည့် နယ်မြေများ ပြန်ရရန် မည်သည့်အရာမဆို လုပ်မည်ဟု ပြောသည်။
ယခုအခါ သူသည် နေပြည်တော် လုံခြုံရေး တိုးမြှင့်နေရသည်။
You may also like these stories:
စစ်ကောင်စီ၏ နောက်ဆုံးခံတပ် သို့မဟုတ် နေပြည်တော်
အာဏာသိမ်း စစ်ကောင်စီ တပ်ကို အနီးကပ် တိုက်ခိုက်နေတဲ့ နေပြည်တော် PDF (ရုပ်/သံ)
PDF ဆီက စစ်ကောင်စီ လက်နက်ပြန်ဝယ်နေတာလား
နေပြည်တော်က စစ်ခေါင်းဆောင် ထောက်ခံပွဲ လူစုနေစဉ် ဗုံးခွဲတိုက်ခိုက်ခံရ
ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ