ထိုင်းနိုင်ငံသို့ မှောင်ခိုတင်ပို့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဩဂုတ်လဆန်းပိုင်းက ပြောင်းကုန်သည်အချို့ကို စစ်ကောင်စီမှ ဖမ်းဆီးပြီး ကုန်ပစ္စည်းများကို သိမ်းဆည်းကာ လေလံပစ်ရန် လုပ်ဆောင်နေကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
ဖမ်းဆီးခံရသည့် ကုန်သည်များမှာ အနည်းဆုံး ၆ ဦးခန့် ရှိပြီး ပြောင်းတင်ပို့သည့် ရာသီကုန်ခါနီးချိန် အာရှလမ်းမကြီး ပျက်သဖြင့် ရန်ကုန်အပါအဝင် အနယ်နယ်အရပ်ရပ်မှ ပြောင်းများကို မီးရထား၊ ရေကြောင်းစသည်ဖြင့် အလျင်အမြန်ရောက်ရန် ပို့ဆောင်ရာတွင် တချို့မှာ မော်လမြိုင်တွင်လည်ကောင်း တချို့အား မြဝတီတွင်လည်ကောင်း ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
ပို့ကုန်လုပ်ငန်းရှင် တဦးက “အခုပြောင်းတွေကို ဖမ်းတာ မီးရထားတွဲနဲ့ တင်လာလို့၊ ရေလမ်းကနေ သယ်လာလို့ ဖမ်းတာတွေပါ။ ဖမ်းတာကတော့ QR ကုဒ်မပါလို့ ဖမ်းတာပေါ့။ QR ကုဒ်က ကားနဲ့သယ်တာပဲပေးတယ်။ အဲ့ဒီတော့ ရထားနဲ့သယ်တာ ဧရာဝတီမြစ်ရိုးတလျှောက် သင်္ဘောနဲ့ မန္တလေးကနေ ရန်ကုန်သယ်တာတွေ ဘာတွေကျ QR ကုဒ် မရှိဘူး။ အဲ့လိုဖြစ်တာ။ သူတို့ (စကစ)က လုပ်ငန်းရှင်တွေနဲ့ တွေ့လို့ပြောရင် မီးရထားတို့ ဘာတို့နဲ့ ကုန်ပစ္စည်းတွေသယ်ရင် စရိတ်သက်သာတယ်။ သယ်လို့ရတယ်ပြောတယ်။ ဒါပေမယ့် အခု မီးရထားနဲ့သယ်တော့ တရားမဝင်ဆို ဖမ်းတာ။ ကျနော်တို့ဘက်က ဖြေရှင်းလို့မရဘူး။ တခါထဲ ပစ္စည်းတွေ သိမ်းလိုက်တယ်”ဟု ပြောသည်။
ဘူတာရုံနှင့် သင်္ဘောဆိပ်များတွင် ရှောင်တခင် စစ်ဆေးဖမ်းဆီးကာ ပိုင်ရှင်များကိုပါ ခေါ်ယူစစ်ဆေးပြီးနောက် တရားမဝင် ကုန်စည်များအဖြစ် သိမ်းဆည်းပြီး ကုန်သည်ကိုပါ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများနှင့် အဆက်အသွယ်မရသည်မှာ နှစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
၎င်းက ဆက်လက်၍ “ဖုန်းစစ်တယ်။ ဟိုလူတွေ ဒီလူတွေ အကုန်လုံးလိုက်ပြီးတော့ စစ်ဆေးပြီးတော့ တရားမဝင် မှောင်ခို ရောင်းကြပါတယ်ဆိုပြီး ပြည်တွင်းမှာစိုက်တဲ့ ကောက်ပဲသီးနှံတမျိုးကို ပြည်တွင်းမှာပဲ ရှိနေတဲ့အချိန်၊ နယ်စပ်ဂိတ်ကို ဖြတ်ကျော်တာလည်း မဟုတ်ဘဲ အကုန်လုံး သိမ်းသွားတာ”ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးခံရသည့် ကုန်ချိန်နှင့် ကုန်ပစ္စည်းတန်ဖိုးကို လတ်တလော မသိရသေးသော်လည်း ကုန်သည်များ၏ ဆုံးရှုံးမှု ပမာဏမှာ ကြီးမားနိုင်ကြောင်း၊ ဖမ်းဆီးထားသည့် ပြောင်းများကို လေလံပစ်ရန် ပြုလုပ်နေကြောင်းသိရသည်။
ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မျှောစာအစား ၂.၀ ကုဒ် ထုတ်ထားပြီး ယင်းကို မော်တော်ယာဉ်အတွက်သာ သတ်မှတ်၍ QR Code လျှောက်ထားရာ၌ ယာဉ်မောင်းလိုင်စင်၊ ကားနံပါတ်များနှင့် လျှောက်ကာ တမြို့မှ တမြို့သို့ သယ်ယူပို့ဆောင်ရာလမ်းရှိ စစ်ဆေးရေးဂိတ်များတွင် အဆိုပါ QR Code ပြသ၍ အစစ်ဆေးခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သင်္ဘောနှင့် မီးရထားများဖြင့် ကုန်စည် သယ်ဆောင်ရန်အတွက် လက်ရှိအချိန်ထိ QR Code ထုတ်ပေးထားခြင်း မရှိပေ။
မြို့တမြို့နှင့် တမြို့ သယ်ယူရာတွင် ကုန်ကျစရိတ်သက်သာသည့် မီးရထားနှင့် ရေလမ်းကြောင်းများ အသုံးပြု၍ တဖြတ် သယ်ယူပြီးနောက် နယ်စပ်ကုန်သွယ်ရေးဇုန်သို့ ကားဖြင့် သယ်ယူရန် အဆင့်ဆင့် လုပ်ဆောင်ခဲ့ရာမှ မီးရထားဖြင့် သယ်ယူရာ၌ မျှောစာမပါသဖြင့် ဖြေရှင်းခွင့်မပေးဘဲ ကုန်စည်များကို သိမ်း၍ ပိုင်ရှင်များကို ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ကုန်သည်များထံက သိရသည်။
ပုံမှန်အားဖြင့် မြဝတီနယ်စပ်တင်ပို့မည့် ပြောင်းသီးနှံများကိုလည်း ကားဖြင့်သယ်ယူပါက စစ်ဆေးရေးဂိတ်များ ဖြစ်သည့် ညောင်ခါးရှည်၊ မရမ်းချောင်၊ စစ်တောင်းတံတားထိပ်၊ တံတားကျိုးဂိတ်နှင့် ဇုန်သတ်မှတ်ထားသည့် စုပေါင်းရုံးတို့တွင် QR Code ပြ၍ အစစ်ဆေးခံရသည်။
အထက်ပါကုန်သည်က “စစ်လိုက်ရင် ဒီကားမှာ ပြောင်းတွေ သယ်လာတယ်၊ ခွင့်ပြုချက် လိုင်စင် လျှောက်ပြီးကြောင်းပေါ့။ လိုင်စင်တစောင် ၅၀၀၀ ကျပ်၊ ဒါက တရားဝင် ပြတယ်။ အဲဒီလို စစ်ဆေးတာတွေလည်းရှိတယ်။ အခုကတော့ ဘာမှန်းကို မသိဘူး။ တန်ပိုလို့ ဖမ်းတာရော၊ မီးရထားနဲ့သယ်လို့ သင်္ဘောနဲ့ သယ်လို့ ဖမ်းတာရော ရှင်းပြလို့လည်း မရဘူး”ဟု လက်ရှိ အခြေအနေကို ပြောသည်။
မီးရထားဖြင့် သယ်ဆောင်ခြင်းမှာ တန်ဆာခ သက်သာသည့်အပြင် လမ်းခရီး ပိတ်ဆို့ခြင်းကိုလည်း ရှောင်ကွင်းနိုင်သဖြင့် ထိုင်းနိုင်ငံသို့ မတင်ပို့မီ ပြည်တွင်း၌ လမ်းခရီးတဝက်သို့ မီးရထားဖြင့် သယ်ဆောင်ကြခြင်းဖြစ်ကြောင်း၊ ထို့နောက် မွန်ပြည်နယ် ပေါင်၊ မုပ္ပလင်၊ သထုံ ဘူတာများမှတဆင့် မြဝတီကုန်သွယ်ရေးဇုန်သို့ ကုန်ကားဖြင့် သယ်ယူရန် ကုန်တဖြတ်ချစဉ် အဆိုပါပြောင်းများကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့မှ ပို့ကုန်လုပ်ငန်းရှင်တဦးက “ကောက်ပဲသီးနှံတွေက တရားဝင်သွားတာ များပါတယ်။ ဖမ်းတဲ့လူတွေက တရားမဝင်သွားတယ်လို့ ပြောပေမယ့် ခိုင်လုံတဲ့ အကြောင်းပြချက် သူတို့မှာ မရှိဘူး။ ဖြေရှင်းချက်လည်း မပေးဘူး။ ဒီပုံစံမျိုးနဲ့ အကုန်လုံး အသိမ်းခံရပါတယ်။ အဲ့ဒါတွေ အားလုံး ဥပဒေနဲ့ အညီလို့ သူတို့ အော်နေပေမယ့် ဥပဒေနဲ့ မညီပါဘူး။ ဖမ်းပြီး လေလံပစ်ဖို့ လုပ်တာက အဓိက သူတို့ ပိုက်ဆံလိုချင်လို့လုပ်တာပါ”ဟု မှတ်ချက်ပြုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များ စစ်ဆေးသည့် အထက်ပါ ဂိတ်ကြီး ၅ ခု၌ အများစုက တရားဝင် သယ်ယူသည့် ကုန်စည်များဖြစ်သည့်တိုင်အောင် ပေးကမ်း၍ သွားရသည့် အခြေအနေရှိကြောင်း ကုန်သွယ်နေသည့် လုပ်ငန်းရှင်များ ထံက သိရသည်။
၎င်းက “သူတို့က တရားဥပဒေနဲ့အညီ လုပ်နေတယ်။ တောင်းတဲ့ဂိတ်တွေ တိုင်ကြားလို့ရတယ်ဆိုပြီး ဖုန်းတွေ ကြေညာ ထားပေမယ့် တိုင်လိုက်လို့ တိုင်တဲ့သူပါ အရေးယူခံရတဲ့ သာဓကတွေလည်း ကျနော်တို့မှာ ရှိတယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ခွင့် သတ်မှတ်ကာလမှာ နှစ်စဉ် ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်ထိသာ ဖြစ်သောကြောင့် လက်ရှိတွင် တင်ပို့ခွင့်ကာလလည်း ကုန်ဆုံးပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြောင်းကို ရှမ်းပြည်နယ်၌ အများဆုံး စိုက်ပျိုးကြပြီး ထိုင်းနှင့်တရုတ်နိုင်ငံများက နယ်စပ်ကုန်သွယ်ရေးမှ တဆင့် ဝယ်ယူနေသလို ဖိလစ်ပိုင်၊ ဗီယက်နမ် နှင့် အိန္ဒိယနိုင်ငံတို့ကလည်း ပင်လယ်ရေကြောင်းမှတဆင့် ဝယ်ယူနေခြင်းဖြစ်ကာ ဆန်တင်ပို့မှုပြီးပါက ပြောင်းသည် ပို့ကုန်ဝင်ငွေ ဒုတိယအများဆုံး ရရှိသော စိုက်ပျိုးရေးသီးနှံတခု ဖြစ်သည်။
မြန်မာ့ပြောင်းကို ပင်လယ်ရေကြောင်း တင်ပို့ရာတွင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ တင်ပို့ပြီး စင်ကာပူ မှတဆင့် ဗီယမ်နမ်နှင့် အခြားနိုင်ငံများသို့ ဆက်လက် တင်ပို့သည်များလည်းရှိရာ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်( ယာယီ)တွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ ကန်ဒေါ်လာ ၂၄၃ ဒသမ ၄၂၈ သန်း တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနစာရင်းအရ သိရသည်။
You may also like these stories:
တင်းကျပ်သည့် ပို့ကုန်မူဝါဒကြောင့် ပြောင်းတင်ပို့မှု ကျဆင်းလာနေ
ပြည်ပသို့ ပြောင်းတင်ပို့မှု ရပ်တော့မလား
နိုင်ငံခြားငွေကြေး သတ်မှတ်ချက်ကြောင့် ပို့ကုန်သီးနှံဈေးကွက် မတည်ငြိမ်