ထိုင်းနိုင်ငံသို့ မှောင်ခိုတင်ပို့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဩဂုတ်လဆန်းပိုင်းက ဖမ်းဆီးခဲ့သည့် ပြောင်းကုန်သည်အချို့ကို ပို့ကုန်၊ သွင်းကုန်ဥပဒေနှင့် အရေးယူရန် စီစဉ်နေကြောင်း ကုန်သည်များထံက သိရသည်။
အဖမ်းခံရသည့် ကုန်သည်အနည်းဆုံး ၆ ဦးခန့်ရှိကာ ကုမ္ပဏီအနေနှင့် ၄ ခုခန့် ပါဝင်ကြောင်း၊ ပြောင်းတင်ပို့သည့် ရာသီ ကုန်ခါနီးချိန် အာရှလမ်းမကြီး ပျက်သဖြင့် ရန်ကုန်အပါအဝင် အနယ်နယ်အရပ်ရပ်မှ ပြောင်းများကို မီးရထား၊ ရေကြောင်း စသည်ဖြင့် အချိန်မီရောက်ရှိရန် ပို့ဆောင်စဉ် အဆိုပါပြောင်းကုန်စည်များအား မော်လမြိုင်တွင် လည်ကောင်း၊ အချို့မှာ မြဝတီတွင် လည်ကောင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ပြည်ပ ပြောင်းတင်ပို့နေသည့် လုပ်ငန်းရှင်တဦးက “အခု ထိုင်းဘက်က ပြောင်းဝယ်တာတော့ ရပ်သွားပြီ ပြောင်းအမှုန့် တင်ပို့ဖို့ ထိုင်းနိုင်ငံရဲ့ မူဝါဒကို စောင့်နေတာပေါ့။ အဖမ်းခံရတဲ့ ကုန်သည်တွေကတော့ အမှန်တော့ တရားဝင်လာတဲ့ သူ လည်း ရှိတယ်။ မှောင်ခိုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ လာသူလည်း ရှိတယ်။ ဖြစ်သွားတော့ ကြားညှပ်သွားတာပေါ့။ စရဖ ကနေမှ တဆင့် ရဲဘက်ကို လွဲလိုက်ပြီလို့တော့ သိတယ်။ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဆွဲထားတာ။ လက်ရှိတော့ တချို့လည်း အာမခံနဲ့ ထွက်လာပြီ။ ကျနော်တို့ သိတဲ့၊ ရင်းနှီးတဲ့ကုမ္ပဏီ ၄ ခုလောက် တော့ပါသွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသည့် ပြောင်းကုန်သည်များ ပိုင်ဆိုင်သည့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း ထောင်နှင့်ချီသော ပြောင်း တန်ချိန် ၅၀၀၀ ကျော်ကို စစ်ကောင်စီက သိမ်းဆည်းခဲ့ပြီး ဩဂုတ်လ ၂၅ ရက်နေ့တွင် လေလံတင် ရောင်းချခဲ့ကြောင်း လည်း သိရသည်။
ရန်ကုန်အပါအဝင် အနယ်နယ်အရပ်ရပ်မှ ပြောင်းများကို မီးရထား၊ ရေကြောင်း စသည်ဖြင့် ပို့ဆောင်ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပေးသည့် မျောစာ (QR Code )မပါသဖြင့် ဘူတာရုံနှင့် သင်္ဘောဆိပ်များတွင် ရှောင်တခင်၍ စစ်ဆေး၍ လည်ကောင်း မြဝတီကုန်သွယ်ရေးဇုန်တွင် တန်ပိုတင်သဖြင့် မှောင်ခိုတင်ပို့သည်ဟုဆိုကာ ဖမ်းဆီးခံရခြင်း စသည်တို့ဖြစ်ကြောင်း ကုန်သည်များထံက သိရသည်။
မြန်မာနိုင်ငံအတွင်း ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မျှောစာ အစား ၂.၀ ကုဒ် ထုတ်ထားပြီး ယင်းကို မော်တော်ယာဉ်အတွက်သာ သတ်မှတ်၍ QR Code လျှောက်ထားရာ၌ ယာဉ် မောင်းလိုင်စင်၊ ကားနံပါတ်များနှင့် လျှောက်ကာ တမြို့မှ တမြို့သို့ သယ်ယူပို့ဆောင်ရာလမ်းရှိ စစ်ဆေးရေးဂိတ် များတွင် အဆိုပါ QR Code ပြသ၍ အစစ်ဆေးခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သင်္ဘောနှင့် မီးရထားများဖြင့် ကုန်စည် သယ်ဆောင်ရန်အတွက် လက်ရှိအချိန်ထိ QR Code ထုတ်ပေးထားခြင်း မရှိပေ။
ဖမ်းဆီးပြီးနောက် ကုန်စည်ပိုင်ရှင်များကို စစ်ကောင်စီမှ ခေါ်ယူကာ စစ်ဆေးမေးမြန်းရာတွင် ကုန်သည်များ၏ ဖုန်းများကိုပါ စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း၊ ထိုသို့စစ်ဆေးရာတွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များအား ငွေကြေးထောက်ပံ့မှုရှိ မရှိ စသည်တို့ အဓိကထား စစ်ဆေးခဲ့ကြောင်း သိရသည်။
ပို့ကုန်သွင်းကုန် ဥပဒေ တားမြစ်ချက်များတွင် မည်သူမျှ ကန့်သတ်တားမြစ်ထားသော ကုန်ပစ္စည်းများကို တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်း မပြုရ၊ မည်သူမျှ ခွင့်ပြုချက် ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက် ရယူခြင်း မရှိဘဲ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းမပြုရနှင့် မည်သည့် ခွင့်ပြုချက်ရရှိသူမှ ခွင့်ပြုချက်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း မပြုရဟု သတ်မှတ်ထားပြီးယင်းစည်းကမ်းချက်များကို ဖောက်ဖျက် ကျူးလွန်၍ ပြစ်မှု ထင်ရှားပါက ထိုသူအား ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထား သည်။
ပြောင်းကုန်စည်သည် နယ်စပ်ကုန်သွယ်ရေးမှ တရားဝင် တင်ပို့နိုင်သည့် ကုန်စည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ နယ်စပ်မှ အများဆုံး တင်ပို့လေ့ရှိသည်။ ပြောင်းတင်ပို့ခွင့်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဘက်မှ နှစ်စဉ် ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်ထိ အခွန်ကင်းလွတ်ခွင့် ပြုထားသောကြောင့် လက်ရှိတွင် တင်ပို့ခွင့်ကာလ ကုန်ဆုံးသွားပြီ ဖြစ်သည်။
မန္တလေးမြို့မှ ပို့ကုန်လုပ်ငန်းရှင်တဦးက “ကောက်ပဲသီးနှံတွေက တရားဝင်သွားတာ များပါတယ်။ ဖမ်းတဲ့လူတွေက တရား မဝင်သွားတယ်လို့ ပြောပေမယ့် ခိုင်လုံတဲ့ အကြောင်းပြချက် သူတို့မှာ မရှိဘူး။ ဖြေရှင်းချက်လည်း မပေးဘူး။ ဖုန်းတွေစစ်၊ အကုန်လုံးသိမ်း၊ ဒီပုံစံမျိုးနဲ့ အကုန်လုံး အသိမ်းခံရပါတယ်။ အဲ့ဒါတွေ အားလုံး ဥပဒေနဲ့ အညီလို့ သူတို့ အော်နေပေမယ့် ဥပဒေနဲ့ မညီပါဘူး။ အဓိက သူတို့ ပိုက်ဆံလိုချင်လို့လုပ်တာပါ”ဟု ဧရာဝတီသို့ မှတ်ချက်ပြု ပြောဆိုထားသည်။
ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့သည့် ယခုနှစ်ရာသီတွင် တိုက်ပွဲများ ဖြစ်ပွားသဖြင့် ကုန်သွယ်ရေး ရပ်ဆိုင်းခြင်း၊ သဘာဝဘေး အန္တရာယ်ကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်း၊ စစ်ကောင်စီ၏လက်အောက်ခံ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ မှုဝါဒအမျိုးမျိုးပြောင်းလဲခြင်း၊ ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်ရာခိုင်နှုန်းကို ၁ ဒေါ်လာ ၂,၁၀၀ ကျပ်နှင့် ဖြတ်ယူသလို ကျန် ၅၀ ရာခိုင်နှုန်းကိုလည်း ၁ ဒေါ်လာလျှင် ၂,၉၀၀ ကျပ်ကျော်နှင့် ဖြတ်ယူခြင်း အစရှိသည့် အခက်အခဲများကြောင့် ပြောင်းတင်ပို့မှုမှာ ယခင်နှစ်များကထက် တန်ချိန် ၃ သိန်းကျော်ခန့် လျော့ကျခဲ့ကြောင်း ပြောင်းကုန်သည်များက သုံးသပ်ပြောသည်။
ပြောင်းကုန်သည် တဦးက “သတ်မှတ်ချက်ထက် နည်းနည်း ကျသွားတာပေါ့။ တင်ပို့မှုကတော့ ခန့်မှန်းခြေ တန်ချိန် ၃ သိန်းလောက် နည်းသွားတယ်လို့ ခန့်မှန်းရတယ်။ အခုကတော့ ထိုင်းရဲ့ မူဝါဒကို တချက်စောင့်နေတာပေါ့။ ပြောင်း အမှုန့် ထိုင်းကိုတင်ပို့ ဖို့၊ မရရင်တော့ ပြန်သယ်သင့်တာ သယ်ပြီး ဗီယမ်နမ်တို့၊ ဖိလစ်ပိုင်တို့လို တခြား ဝယ်လက်ကို စောင့်ရမှာ ပေါ့”ဟု လက်ရှိအခြေအနေကို ပြောသည်။
မြန်မာနိုင်ငံတွင် ပြောင်းကို ရှမ်းပြည်နယ်၌ အများဆုံး စိုက်ပျိုးကြပြီး ထိုင်းနှင့်တရုတ်နိုင်ငံများက နယ်စပ် ကုန်သွယ်ရေးမှ တဆင့် ဝယ်ယူနေသလို ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့ကလည်း ပင်လယ်ရေကြောင်းမှ တဆင့် ဝယ်ယူနေခြင်းဖြစ်ကာ ဆန်တင်ပို့မှုပြီးပါက ပြောင်းသည် ပို့ကုန်ဝင်ငွေ ဒုတိယအများဆုံး ရရှိသော စိုက်ပျိုးရေးသီးနှံတခု ဖြစ်သည်။
မြန်မာ့ပြောင်းကို ပင်လယ်ရေကြောင်း တင်ပို့ရာတွင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ တင်ပို့ပြီး စင်ကာပူ မှတဆင့် ဗီယမ်နမ်နှင့် အခြားနိုင်ငံများသို့ ဆက်လက် တင်ပို့သည်များလည်းရှိရာ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်( ယာယီ)တွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ ကန်ဒေါ်လာ ၂၄၃ ဒသမ ၄၂၈ သန်း တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနစာရင်းအရ သိရသည်။
You may also like these stories:
မှောင်ခိုတင်ပို့သည်ဆိုကာ ပြောင်းကုန်သည်အချို့ ဖမ်းဆီး စစ်ဆေးခံနေရ
တင်းကျပ်သည့် ပို့ကုန်မူဝါဒကြောင့် ပြောင်းတင်ပို့မှု ကျဆင်းလာနေ
ထိုင်းသို့ ပြောင်းတင်ပို့မှု ရုတ်တရက် ပိတ်လိုက်သဖြင့် ကုန်သည်များ အခက်ကြုံ
ပြည်ပသို့ ပြောင်းတင်ပို့မှု ရပ်တော့မလား
နိုင်ငံခြားငွေကြေး သတ်မှတ်ချက်ကြောင့် ပို့ကုန်သီးနှံဈေးကွက် မတည်ငြိမ်