ကုန်ဈေးနှုန်းကြီးမြင့်လာနေမှုအပေါ် ထိန်းချုပ်မှုအဖြစ် အခြေခံ စားသုံးကုန်ဈေးနှုန်းများအား စစ်ကောင်စီက ဝင်ရောက်သတ်မှတ်ပြီးနောက်ပိုင်း မြန်မာစားသုံးသူများအတွက် မရှိမဖြစ် စားအုန်းဆီမှာ ခွဲတမ်းဖြင့်သာ ဝယ်ယူရရှိနိုင်တော့သည်။
စားသုံးသူဈေးကွက်တွင် တအိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သား သို့မဟုတ် တပိဿာသာ ဝယ်ယူရရှိနိုင်ပြီး လက်လီဖြန့်ဖြူးသူများအတွက် လက်ကားဒိုင်မှ ၅ ပိဿာသာ ရောင်းချပေးနိုင်ကြောင်း ဈေးကွက်တွင်းမှ သိရသည်။
ဈေးနှုန်းများ မြင့်တက်လာသည့် စားအုန်းဆီကို ဈေးနှုန်းတည်ငြိမ်ရေးဟုဆိုကာ စစ်ကောင်စီက ဆီဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှတဆင့် တင်သွင်းသည့် ကုမ္ပဏီများက လက်ကားကုန်သည်များ၊ ဆီဒိုင်များ၊ အရောင်းဆိုင်ကြီးများကို ရည်ညွှန်းဈေးနှင့် ရောင်းချပေးကာ ယင်းဆိုင်များက ၂ ရာခိုင်နှုန်းအမြတ်ယူ၍ ရောင်းချခိုင်းသည်။
ထိုဆိုင်များမှ တဆင့်ပြန်ယူ၍ စားသုံးသူလက်ထဲသို့ တဆင့်ပြန်လည် ရောင်းချသူများအား ကုန်ကျစရိတ်ပေါ် မူတည်ပြီး ၁၀ ရာခိုင်နှုန်း အမြတ်တင် ရောင်းချခိုင်းပြီး ယင်းသို့ လုပ်ဆောင်ခြင်းမရှိသည့် သူများကို ဥပဒေနှင့်အညီအရေးယူသွားမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ ဆီအသင်းက ယခု စက်တင်ဘာလဆန်းပိုင်းက ထပ်မံ အသိပေးထားသည်။
အဆိုပါ စစ်ကောင်စီ၏ ရည်ညွှန်းဈေးမှာ ဩဂုတ်လ ၃၁ ရက်မှ စ၍ ဆီကုန်သည်အသင်းမှ စားအုန်းဆီ လက်လီ/ လက်ကား ဈေးကွက်အတွင်း တပိဿာလျှင် ၄၈၀၀ ကျပ်ဖြင့် ရောင်းချရန် သတ်မှတ်ထားသည်။ ယင်းဈေးနှုန်းဖြင့် လက်လီဆိုင်များက ရောင်းချရာတွင် သယ်ယူပို့ဆောင်စရိတ်၊ ဆီခွဲတမ်းရရှိမှု၊ တန်းဆီ စောင့်ဆိုင်း တိုးရသည့် အခြေအနေများကြောင့် အရှုံးပေါ်သည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
လှိုင်သာယာမြို့နယ်၊ ရပ်ကွက်တခု အတွင်းရှိ လက်လီ အရောင်းဆိုင်ပိုင်ရှင်တဦးက “အခု လက်လီသမားတွေက ၅ ပိဿာ မနက်ထဲက ဘုရင့်နောင်မှာ သွားတိုးရတယ်။ လူတန်းကြီးက အရှည်ကြီး ဆီတိုးပြီးလို့ ပြန်လာရင် ညနေ ၃ နာရီ ၄ နာရီလောက်ဖြစ်သွားပြီ။ အဲ့ဒီတော့ ဘယ်အချိန်သွားရောင်းမလဲ။ ပြီးတော့ တယောက်ကို ၁၀ သားလောက်က ၅၀ သား၊ တပိဿာအထိဝယ်တော့ ဝယ်တာဆိုတော့ ဒီပေးတဲ့ ၅ ပိဿာနဲ့က ဘယ်လိုမှ အဆင်မပြေဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုမရှိသောကြောင့် အခက်အခဲများရှိသလို လက်လီပြန်လည် ရောင်းချရန်အတွက်လည်း ဘုရင့်နောင် ဆီဆိုင်ဒိုင်မှ တန်းစီတိုး၍ ယူလာသည့် ဆီကို အမှန်တကယ်ရောင်းချလား မေးမြန်း စစ်ဆေးခံရခြင်း၊ ရောင်းချရာတွင်လည်း ဓာတ်ပုံ ရိုက်ထား ရခြင်း၊ ဆီအသင်းမှ ရောင်းချပေးသည်ဟု စာကပ်ရခြင်း အစရှိသည့် စစ်ဆေးသည့် အခြေအနေများက အလုပ်ပိုလာစေသည်။
“လက်လီသမားတွေက ဆီလုံလုံလောက်လောက် မရဘူး။ တချို့ ရပ်ကွက် တွေကျတော့လည်း ဆိုင်တွေက သူ့လမ်းနဲ့ သူ နားလည်မှုယူပြီး တိုးပြီး ပြန်လာရောင်းတဲ့သူဆီက ၁ ပိဿာ ၈၀၀၀ ကျပ်နဲ့ ဝယ်၊ ၈၅၀၀ ကျပ်နဲ့ ပြန်ရောင်းတယ်ပေါ့။ အဲ့လိုလဲ ရှိတယ်။ တချို့ကျတော့လည်း ဆီမရောင်းတော့ဘူး။ ဘာလို့လဲ ဆိုတော့ ရည်ညွှန်းဈေးအရ တိုင်နိုင်တယ်လို့ စာ ထုတ်ထားတော့ မလိုတဲ့သူက တိုင်ရင် ကိုယ့်ရှိတဲ့ ပစ္စည်းပါ အသိမ်းခံရနိုင်တော့ မရောင်း တော့တာ။ ကျနော်က ရပ်လိုက်တာ ၁ ပတ် လောက် ရှိပြီ”ဟု လက်လီ အရောင်းဆိုင်ပိုင်ရှင်တဦးက ပြောသည်။
ထို့ကြောင့် ရပ်ကွက်များအတွင်းရှိ လက်လီဆိုင် အများစုမှာ စားအုန်းဆီအစား နေကြာဆီ၊ ပဲဆီ၊ ဟင်းသီးဟင်းရွက်ဆီ အစရှိသည့် ၂၅ ကျပ်သား၊ ၅၀ သား၊ ၁ ပိဿာရှိသည့် ဗူးများကိုသာ ရောင်းချကြပြီး စားအုန်းဆီ ရောင်းချမှုကို ရပ်နားထားခြင်း ဖြစ်သည်။
![](https://burma.irrawaddy.com/wp-content/uploads/2023/09/p7-second-2-1536x1152-1.jpg)
တချိန်တည်းတွင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် လက်လီဆိုင်အချို့တွင် တအိမ်ထောင် ၅၀ ကျပ်သား သို့မဟုတ် တပိဿာ တန်းစီစနစ် ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေသည်။ သို့သော် စားသုံးသူ ဈေးကွက်တွင် စားအုန်းဆီ တပိသာ ဈေးမှာ ၈၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ကျော်အထိ ရှိနေသဖြင့် ဈေးနှုန်းမှာ ကျဆင်းသွားခြင်းမရှိပဲ မှောင်ခိုဈေးပုံစံသာ ပို၍ ကြီးထွားလာနေသည်။
ယင်းနှင့်ပတ်သက်ပြီး လက်လီ ဆိုင်ပိုင်ရှင်တဦးက “စစ်တပ်လုပ်ပုံကိုက စောက်သုံးမကျတာ။ ပြောရမယ်ဆိုရင် ဆီကား လာရောင်းတယ်ဆိုတာလဲ လုံလုံလောက်လောက် လာရောင်းပေးတာ မဟုတ်ဘူး။ ဥပမာ ၁ ရပ်ကွက်မှာ ကားချ ရောင်းတယ်ဆို ၂ ရပ်ကွက်က သူကလည်း လာတိုးတာပဲလေ။ အဲ့ဒီတော့ ဘယ်သူမှ လုံလောက်စွာမရဘူး။ ဒီနေ့ဆို အပြင် ဆီလိုက်တိုးပြီး ရောင်းတဲ့သူက ၁ ပိဿာ ၁ သောင်းဈေး ပေါက်တယ်။ ကျနော်တို့ ဆိုင် လာသွင်းတာ ရှိတယ်။ လာ ရောင်းလို့ ဝယ်တာက ကိစ္စမရှိဘူး။ ပြန်ရောင်းတဲ့အခါ ရည်ညွှန်းဈေးနဲ့ မရောင်းလို့ တိုင်ရင် ကိုယ့်ရှိတာတဲ့ ပစ္စည်းပါ အသိမ်းခံရမှာ၊ ဒါကြောင့် အခု စစ်တပ်လုပ်နေတာက တလွဲတွေချည်းပဲ”ဟု ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။
ယခုကဲ့သို့ စားသုံးဆီ ဈေးကွက်တွင် အခက်အခဲများ ဖြစ်ပေါ်နေသည်မှာ ရန်ကုန်မြို့တွင်သာမက တခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း စားအုန်းဆီမရသဖြင့် လက်လီအရောင်းဆိုင်များ အရောင်းရပ်ထားရသလို ယင်းနှင့် ဆက်စပ်သည့် အကြော်လုပ်ငန်းများ၊ မုန့်လုပ်ငန်းများ စသည့် တနိုင်တပိုင် လုပ်ငန်းများမှာလည်း ရပ်နားထားရသည့်အခြေအနေများ ရှိနေသည်။
စားသုံးသူ တဦးက “ကျနော် နေ့တိုင်းဝယ်စားနေကျ လက်ဖက်ရည်ဆိုင်က မနေ့က ဒီနေ့ အီကြာကွေးမရပါလို့ ရေးထားတယ်။ အဓိကတော့ ကြော်ရမယ့် ဆီဝယ်မရလို့ မရောင်းရတာ”ဟု လက်ရှိဈေးကွက်၏ အခြေအနေကို လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။
ထို့ပြင် တချို့ စားအုန်းဆီများမှာ အလေးချိန်ခွင် မပြည့်သည့် ပြဿနာများလည်း ရှိသည့်အပြင် စားအုန်းဆီနှင့် တခြား အနံ့ပါသည့် ဆီ တမျိုးမျိုးရော၍ ပဲရောဆီ၊ ပဲနှမ်းဆီ အစရှိသည်ဖြင့် ဈေးတင်၍ ရောင်းချသည်များလည်း ဈေးကွက်တွင် ဖြစ်ပေါ်နေသည်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စက်တင်ဘာလ ၁၉ ရက်တွင် စားဆီ တင်သွင်းသည့် ကုမ္ပဏီ ၁၅ ခုနှင့် ရန်ကုန်မြို့တွင်း ရောင်းချပေးသည့် လက်လီ/ လက်ကား အရောင်းဆိုင် ၁၅၁ ဆိုင်တို့တွင် လက်ကား ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးမည်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ရန်ကုန်မြို့အပါအဝင် တနိုင်ငံလုံး၏ စားအုန်းဆီ ဖြန့်ဖြူးရေးကို မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းက အဓိက ကိုင်တွယ်ဆောင်ရွက်နေပြီး အဓိကအားဖြင့် ၎င်းတို့၏ အသင်းဝင်များကို ဆီခွဲတမ်း ထုတ်ပေးကြောင်း သိရသည်။
တင်သွင်းနေသည့် ကုမ္ပဏီများမှာ Six Winner Brother ကုမ္ပဏီ၊ Ayeyar Hinthar ကုမ္ပဏီ၊ Golbal Myanmar ကုမ္ပဏီ၊ Diamond Dragon ကုမ္ပဏီအစရှိသည့်ဖြင့် ကုမ္ပဏီ ၁၅ ခုရှိကာ စစ်အုပ်စုနှင့် နီးစပ်သည့် ကုမ္ပဏီကြီးများ အများစု ပါဝင်သည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ဖွဲ့စည်းထားသည့် စားသုံးဆီဈေးနှုန်း တည်ငြိမ်စေရေး လုပ်ငန်းအဖွဲ့က ပြည်တွင်း၌ တင်သွင်းထားပြီးဖြစ်သော စားအုန်းဆီ လက်ကျန် တန်ချိန် ၆၀၀၀ ဝန်းကျင်ကို ဈေးကွက်အတွင်း ရောင်းချရန် စီစဉ် နေကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်က ထုတ်ပြန်ထားသည်။
ပြည်တွင်း၌ စားအုန်းဆီ လိုအပ်ချက်မှာ နှစ်စဉ် ၁ သန်း ခန့် လိုအပ်လျက်ရှိပြီး နှစ်စဉ် တန်ချိန် ၆ သိန်းမှ ၇ သိန်း ကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တင်သွင်းလျက်ရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားငွေ ရှားပါးလာမှုကြောင့် ဆီတင်သွင်းရာတွင် အခက်အခဲများ ရှိနေသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ စားအုန်းဆီအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀၀ ခန့် သုံးစွဲနေရသည်ဟု ပြီးခဲ့သည့် ၎င်းတို့၏ အစည်းအဝေးတခုတွင် ပြောဆိုထားသည်။
နိုင်ငံခြားငွေ သုံးစွဲမှုလျှော့ချနိုင်ရေးအတွက် စားဆီ အပါအဝင် အခြားသွင်းကုန်ပစ္စည်းများ လျှော့ချရန် စစ်ကောင်စီက ပြုလုပ်လျက်ရှိပြီး ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းက ဝိသမ လောဘသမားများကြောင့် ဖြစ်သည်ဟု ပြောဆိုထားသည်။
You may also like these stories:
စစ်ကောင်စီက ဆန်ဈေးသတ်မှတ်လိုက်ပြီးနောက် မှောင်ခိုဈေးကွက်ပေါ်လာ
မြန်မာဘီယာကို စစ်ကောင်စီ သေနတ်ထောက်ရောင်းလာ
ဆန်စပါး နယ်ကျော် သယ်ယူရောင်းချမှု စစ်ကောင်စီ ကန့်သတ်
မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော
မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော
ဒေါ်လာရောင်းဝယ်သူများကို အသွင်ယူ ဖမ်းဆီးနေမှုကြောင့် ပြင်ပဈေးကွက်ရပ်ဆိုင်း