အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်သည် ယခင် ပိုင်ဆိုင်ထားသည့် ရုပ်ရှင်ထုတ်လုပ်ရေးများအား အမည်ပြောင်းလုပ်ဆောင်လာသလို ၎င်းပါဝင်နေသည့် ဖျော်ဖြေရေး မီဒီယာတချို့လည်း ပြန်လည်လှုပ်ရှားမှုများ ရှိလာကြောင်း သိရသည်။
စက်တင်ဘာ ၂၂ ရက်မှစပြီး ရုံတင်ပြသနေသည့် “အချိန်လွန်မိုး” ရုပ်ရှင်ဇာတ်ကားသည် စစ်ခေါင်းဆောင်သမီး ပိုင်ဆိုင်သော 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်ထားသော ဇာတ်ကားဖြစ်ပြီး SM Winner Production အမည်ဖြင့် ထုတ်လုပ်ရေးအမည်ပြောင်းထားသည်ကို တွေ့ရသည်။
“အချိန်လွန်မိုး” ရုပ်ရှင်ဇာတ်ကားသည် SM Winner ထုတ်လုပ်ရေးနာမည်ဖြင့် ဒုတိယမြောက် ရုံတင်ပြသသည့် ဇာတ် ကားလည်း ဖြစ်သည်။
ကုမ္ပဏီတခုအနေဖြင့် သီးခြားရှိနေခဲ့သည့် SM Winner အား အဆိုပါရုပ်ရှင်များ ရုံတင်ရန် လပိုင်းအလိုကမှ ရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီအဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း SM Winner Entertainment နှင့် နီးစပ်သည့် သတင်း ရင်းမြစ်တဦးက ဧရာဝတီကို ပြောသည်။
ထို့ပြင် 7th Sense ထုတ်လုပ်ရေးအမည်ဖြင့် ရိုက်ခဲ့သည့် “စတုတ္ထမြောက်သွေးကြောမျှင်” ရုပ်ရှင်ဇာတ်ကားကိုလည်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဆုံမှတ်ရုပ်ရှင်ထုတ်လုပ်ရေးအမည်ဖြင့် ရုံတင်ပြသခဲ့သေးသည်။
ထိုသို့ စစ်အုပ်စု၏သားသမီးများ ပါဝင်ပတ်သက်နေသည့် အမည်ပြောင်းရုပ်ရှင်ထုတ်လုပ်ရေးမှ ဇာတ်ကားများအား ပြည်သူလူထုအနေဖြင့် သွားရောက်ကြည့်ရှုခြင်းမပြုဘဲ သပိတ်မှောက်ကြရန် ဒီမိုကရေစီအင်အားစုများက တိုက်တွန်း ထားသည်။
စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူတဦးက “အကြမ်းဖက်စစ်ခေါင်းဆောင်သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ 7th sense ထုတ်လုပ်ရေးကနေ ထုတ်လုပ်ထားတဲ့ရုပ်ရှင်တွေကို ထုတ်လုပ်ရေးနာမည်တွေ ပြောင်းပြီးတော့ ရုံတင်နေတာကိုတွေ့ရတယ်။ ဒါက ပြည်သူကို လူလည်ကျတာ၊ လိမ်တာ၊ နားလှည့်ပါးရိုက်လုပ်ချင်တာလို့ မြင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ အမည်ပြောင်းလုပ်ဆောင်လာမှုများအပြင် စစ်ခေါင်းဆောင်၏သားသမီးများ နောက်ကွယ်မှ ပါဝင်ပတ်သက်နေ သည့် V7 Entertainment၊ Myanmar Cele 7၊ W Entertainment စသည်တို့သည်လည်း အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၂၊ ၂၀၂၃ ခုနှစ်များ၌ ပြန်လည်လှုပ်ရှားမှုများ ရှိလာကြောင်း အနုပညာအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ဆိုသည်။
Myanmar Cele 7 သည် ၂၀၂၁ ဖေဖော်ဝါရီလမှစတင်ကာ မည်သည့်ပို့စ်မျှမတင်တော့ဘဲ ရပ်တန့်နေခဲ့ရာမှ ၂၀၂၃ ဇူလိုင်တွင် အနုပညာရှင်များ၏ အင်တာဗျူးများဖြင့် ပြန်လည်လှုပ်ရှားလာသလို V7 Entertainment သည်လည်း ယခုနှစ် ဇန်နဝါရီ၌ 7th Sense ဖြင့် စာချုပ်ချုပ်ဆိုထားသော အဆိုတော်ရွှေထူး၏ သီချင်းဗီဒီယိုတပုဒ်ဖြင့် ပြန်လည် ပေါ်ထွက်လာခဲ့ပြီး Followers ပေါင်း ၁ သန်းကျော်ရှိကြောင်း တွေ့ရသည်။
ထို့ပြင် W Entertainment သည်လည်း ၂၀၂၂ တွင် 7th Sense ဖြင့် စာချုပ်ချုပ်ဆိုထားသည့် ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ရိုက်ကူးသော ရုပ်သံဇာတ်လမ်းတွဲဖြင့် ပေါ်လာခဲ့ပြီးနောက် ယင်းဇာတ်လမ်းတွဲအား Fortune TV ၌ ထုတ်လွှင့်ပြသခဲ့ သည်။
၂၀၂၁ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း စစ်အုပ်စုနှင့် ၎င်းတို့၏ မိတ်ဖက်လုပ်ငန်းများအား ပြည်သူလူထုက ပြင်းပြင်း ထန်ထန် သပိတ်မှောက်မှု (Boycott) နှင့် စစ်ခေါင်းဆောင် သား၊ သမီးများ ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများအား အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူတို့ကြောင့် အမည်မခံဝံ့ဘဲ ပြောင်းလဲလုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ဧရာ ဝတီက မေးမြန်းခဲ့သည့် သပိတ်အင်အားစုများ၊ အနုပညာအသိုင်းအဝိုင်းနှင့် နီးစပ်သူတချို့က သုံးသပ်ပြောဆိုသည်။
အချိန်လွန်မိုး ရုပ်ရှင်ဇာတ်ကားတွင် အာဏာသိမ်းခေါင်းသမီး၏ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုထားသည့် မင်းသား နေတိုး အပြင် မိုးဟေကို၊ အောင်မင်းခန့်၊ ခြူးလေး တို့က အဓိက ပါဝင်ထားကြသည်။
အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသည့် ဒါရိုက်တာဏကြီးက “မင်းအောင်လှိုင်သမီး ထောင်ထားတဲ့ထုတ်လုပ် ရေးက ထွက်လာတဲ့ ရုပ်ရှင်ကားတွေ၊ တီဗီဇာတ်လမ်းတွဲတွေ ဒါတွေကိုမကြည့်ဘဲနဲ့ Boycott လုပ်ရမယ်။ ဒီလိုလုပ်ခြင်း ဖြင့် နောက်ဆုံးနည်းနဲ့ တော်လှန်ရေးထဲ ပါဝင်လာခဲ့လို့ရတယ်။ အာဏာရှင်ကတော့ သူတို့ရှေ့ဆက်သွားဖို့အတွက် ငွေကြေးအမြောက်အမြား အသုံးချပြီးတော့ ပုံမှန်လိုလုပ်နေမှာပါ။ ဒါကို ပြည်သူတွေက လုံးဝမပါဝင်ဘဲ Boycott လုပ် ခြင်းဖြင့်ပါဝင်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် စစ်အုပ်နောက်ခံ ဖျော်ဖြေရေးမီဒီယာတချို့ကလည်း စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်လာချိန်တွင် နိုင်ငံတဝန်း အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသော စစ်ကောင်စီ၏လုပ်ရပ်များကို ဖုံးလွှမ်းသွားစေရန်ရည်ရွယ်၍ ဇာတ်လမ်းတွဲအမျိုးမျိုးနှင့် အနုပညာရှင်များ၏ လူမှုရေးကိစ္စရပ်များအား ပုံကြီးချဲ့မေး မြန်းထားသည့် ရုပ်သံများဖြင့် လူထုကို အာရုံလွှဲနေခြင်း ဖြစ်သည်ဟုလည်း သပိတ်အင်အားစုများက ဆိုသည်။
ဒါရိုက်တာဏကြီးက “အနုပညာလောကဆိုတာ မီဒီယာမှာရှေ့အထွက်ဆုံး၊ အားလုံးကို မြင်နေရတာပေါ့။ အနုပညာ သမားဆိုတာလည်း ပရိသတ်ကို အနည်းနဲ့အများ လွှမ်းမိုးနိုင်တယ်။ ဒီအပေါ်မှာကစားတာပေါ့။ အနုပညာသမားတွေ တောင်မှ ပုံမှန်အတိုင်းလည်ပတ်နေကြပြီ။ ရိုက်နေကြပြီ။ တော်လှန်ရေးဆိုတာ အရေးမကြီးတော့ဘူး။ ပြီးသွားပြီဆိုပြီး ပုံမှန်လုပ်ချင်နေတာပေါ့။ အဓိကက သူတို့အသက်ဆက်ဖို့အတွက် တော်လှန်ရေးဆိုတာကို မေ့သွားအောင် ပြည်သူလူ ထုကို အာရုံလွှဲတယ်လို့ထင်တယ်” ဟု မှတ်ချက်ပြုသည်။
“အချိန်လွန်မိုး” ဇာတ်ကားကို စစ်ခေါင်းဆောင်သမီးပိုင်သည့် 7th Sense က ၂၀၁၉ အတွင်း၌ ဇာတ်ညွှန်းရေးဆရာ စံကို၊ ဒါရိုက်တာ နေဟိန်းက ရိုက်ကူးခဲ့သည့် ‘ကျွန်တော့်ရဲ့သူ’ ဇာတ်လမ်းကို အမည်ပြောင်းထားခြင်းဖြစ်ပြီး ဇာတ်ညွှန်း ရေးဆရာ ‘စံကို’ သည် 7th Sense ကုမ္ပဏီ၏ ဒါရိုက်တာ စံကိုကိုတင့်စန်း ဖြစ်သည်။
အဆိုပါ ‘အချိန်လွန်မိုး’ ဇာတ်ကားကို ကြော်ငြာနေသည့် Facebook စာမျက်နှာသည် 7th Sense ကုမ္ပဏီက ထုတ် လုပ်ခဲ့သော နာမည်ရဇာတ်ကားတကားဖြစ်သည့် “မုန်းစွဲ” Facebook စာမျက်နှာကို အမည်ပြောင်းလဲထားခြင်းလည်း ဖြစ်သည်။
ထို့ပြင် စစ်ခေါင်းဆောင်သမီး ပိုင်ဆိုင်သည့် 7th Sense ထုတ်လုပ်ရေးအနေဖြင့် ရိုက်ကူးခဲ့သော ဇာတ်လမ်းတွဲများ ဖြစ်သည့် ရင်ထဲကဒဏ္ဍာရီ၊ အိပ်မက်ထဲကအိပ်မက်၊ Only You တို့ကို ထုတ်လုပ်ရေးအမည်မဖော်ပြဘဲ TV ချန်နယ် များ၌ ရုပ်သံလိုင်းများက ရိုက်ကူးထားသကဲ့သို့ ပြသခဲ့သည်။
ထိုသို့ စစ်အုပ်စုအနေဖြင့် ဖျော်ဖြေရေးလုပ်ငန်းများအသုံးပြုပြီး တိုင်းပြည်အခြေအနေ ပုံမှန်အတိုင်းဖြစ်နေသယောင် ပုံဖော်နေသည်ကို ပြည်သူများအနေဖြင့် မပူးပေါင်းဘဲ သပိတ်မှောက်ရန်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် တော်လှန်ရေးအင်အားစုများနှင့် အနုပညာရှင်များက တောင်းဆိုတိုက်တွန်းထားသည်။
You may also like these stories:
“ရှောင်လာရတဲ့ အနုပညာရှင်တွေ အနုပညာ ဆက်လက်ဖန်တီးနိုင်ရမယ်”
စစ်အာဏာသိမ်းမှုအောက်က တော်လှန်အနုပညာရှင်များ
မြန်မာ့ရုပ်ရှင်လောကကို သရော်ထားတဲ့ “ခြေလေးချောင်း” ရုပ်ရှင် ဒါရိုက်တာနှင့် မေးမြန်းခြင်း