နှစ်နိုင်ငံသဘောတူညီမှုစာချုပ် (MoU) ဖြင့် မြဝတီ-မဲဆောက်လမ်းကြောင်းမှ လုပ်သားစေလွှတ်မှုအား ဒီဇင်ဘာ ၁၉ ရက်မှစတင်ကာ ယာယီရပ်ဆိုင်းလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
ထိုသို့ ရပ်ဆိုင်းလိုက်သည့်အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများတွင် ပို့ဆောင်မည့် လုပ်သားအရေ အတွက် များစွာကျန်ရှိနေကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) က ဆိုသည်။
MOEAF မှ တာဝန်ရှိသူတဦးက “ပို့လို့မရတော့ဘူးဆိုတော့ ကျနော်တို့တွေ တိုင်ပတ်ပြီပေါ့။ တဖက်ကကျ စီးပွားရေး၊ တဖက်ကကျ အလုပ်သမားရေး။ ထိုင်းနိုင်ငံကသူဌေးတွေနဲ့က စာချုပ်တွေရှိတယ်။ ဘယ်နေ့အရောက် ပေးရမယ်ပေါ့။ သူတို့ အလုပ်လိုတဲ့အချိန်မှာ ရောက်အောင်ပို့ပေးရမယ်။ အလုပ်သမားတွေကိုကျတော့လည်း ဘယ်နေ့ဘယ်ရက်မှာ ပို့ပေးပါမယ်ဆိုတာတွေလည်းရှိတယ်။ ဒီလိုလမ်းကြောင်းပိတ်သွားတော့ ဒုက္ခရောက်ရပြီ” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြဝတီ-မဲဆောက်လမ်းကြောင်းသည် လမ်းခရီးအခြေအနေအရ လက်ရှိတွင် လုပ်သားစေလွှတ်၍မရသည့်အတွက် ယခုကဲ့သို့ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ် ပြီး ကော့သောင်း-ရနောင်းလမ်းကြောင်းမှ စေလွှတ်ရန်တင်ပြခြင်းအား ပုံမှန်အတိုင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
ကော့သောင်း-ရနောင်းလမ်းကြောင်းသည် ယခင်ကတည်းက လေကြောင်းလိုင်းဖြင့်သာ စေလွှတ်ရခြင်းဖြစ်သည့် အတွက် MoU လုပ်သားတဦးချင်းစီ၏ ကုန်ကျစရိတ်များသဖြင့် မြဝတီ-မဲဆောက်လမ်းကြောင်းမှသာ အများဆုံး စေလွှတ်ကြခြင်း ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်မထုတ်မီအထိ အလုပ်သမားစေလွှတ်ရန် ၅,၀၀၀ ကျော် ကျန်ရှိနေကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ထံမှ သိရသည်။
MOEAF မှ တာဝန်ရှိသူတဦးက “ဒီဇင်ဘာ ၁၉ ရက်မတိုင်ခင် အလုပ်သမားပို့ဖို့ လူဦးရေ ၅,၀၀၀ ကျော်လောက် ကျန်သေးတယ်။ မလွှတ်ရသေးဘူး။ ပထမတော့ တိုက်ပွဲတွေဖြစ်နေလို့ လမ်းကြောင်းက အာရှလမ်းမကြီးက သွားလို့ မရဘူး။ ထော့ကိုကိုးလမ်းကနေ သွားလို့ရတာတော့ရှိတယ်။ ဒီဘက်ကအေဂျင်စီကလည်း ဂရုစိုက်ပြီးသွားရတာပေါ့။ ကုန်ကျစရိတ်တွေ အများကြီးတက်လာတယ်။ ကားအကြီးနဲ့သွားလို့မရလို့ အန်စာတုံးကားနဲ့သွားရတယ်” ဟု ပြောသည်။

ထော့ကိုကိုးလမ်းမှ စေလွှတ်ရာတွင် ကားအကြီးများကို သွားလာခွင့်မပြုထားဘဲ အိမ်စီးကားအသေးကိုသာ သွားလာ ခွင့်ပေးထားသည့်အတွက် အန်စာတုံးကားများဖြင့် တစီးလျှင် MoU လုပ်သား ၁၅ ဦးခန့် တင်ဆောင်၍ သွားနေကြောင်း MOEAF ထံမှ သိရသည်။
အမည်မဖော်လိုသည့် အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက “ကော့သောင်း-ရနောင်းကကျ ထိုင်းတောင်ပိုင်းက စက်ရုံ၊ အလုပ်ရုံတွေနဲ့ ပိုနီးတာပေါ့။ အဲဒီဘက်ဆိုရင် အဆင်ပြေတယ်။ မြဝတီကကျ ပိုဈေးသက်သာတယ်။ ကော့သောင်းက တော့ လေယာဉ်စရိတ်တွေဈေးကြီးတယ်။ အရင်က ၁ သိန်းခွဲလောက်ကနေ ၄ သိန်းခွဲလောက်ထိဖြစ်နေပြီ။ လက်မှတ် ကလည်း ဝယ်ချင်တိုင်းဝယ်လို့မရဘူး။ ပို့ရမယ့်အချိန်မှာမှမရောက်ရင် အလုပ်ရှင်အနေနဲ့ကလည်း လုပ်ငန်းလိုအပ်တဲ့ အချိန်ပဲ အလုပ်သမားခေါ်မှာဆိုတော့ အချိန်မီမရောက်ရင် အလုပ်တွေပျက်သွားနိုင်တယ်” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် အဓိကလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ်အာရှလမ်းသစ်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ထိုင်းနိုင်ငံသို့ MoU လုပ်သားစေလွှတ်မှုကို ပြီးခဲ့သည့် ၂၀၂၂ မေလမှစတင်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားနှင့် ကော့သောင်း-ရနောင်းတို့မှတဆင့် ပို့ဆောင်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၄ သန်းခန့်ရှိပြီး ထိုထဲတွင် MoU လုပ်သား ၁၅ သိန်းခန့်ရှိကြောင်း ထိုင်းအစိုးရ၏ ဖော်ပြချက်များအရ သိရသည်။
You may also like these stories:
MoU စနစ်ဖြင့် မြန်မာလုပ်သား ၂၈၀ ကျော် ထိုင်းနိုင်ငံမှ ပြန်လည်ခေါ်ယူ
၆ နှစ်ပြည့် ထိုင်းရောက် MoU လုပ်သားများ မြန်မာသို့ပြန် သက်တမ်းတိုးရမည်
MoU အလုပ်သမားများ နယ်စပ်တွင် သက်တမ်းတိုးခွင့်ပြု
ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ
MoU လုပ်သား ၁၉ ဦး စာချုပ်ပါအခွင့်အရေးများ ချိုးဖောက်ခံနေရ














