ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)နှင့် ကချင်ဒေသ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (KPDF) ပူးပေါင်းတပ်တို့က အဖိုးတန် ပယင်းနှင့် ရွှေထွက်ရာ တနိုင်းမြို့အနောက်ဘက်ခြမ်းအား ပြန်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေရာ ဧပြီ ၁၇ရက်က စစ်တပ်စခန်း နှစ်ခု အား သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ဧရာဝတီသို့ ပြောသည်။
ထိုဒေသမှာ ယခင် KIA တပ်မဟာ ၂ ၊ တပ်ရင်း ၁၄ လှုပ်ရှားနယ်မြေဖြစ်ပြီး ၂၀၁၅ ခု စစ်တပ်ထိုးစစ်ကြောင့် လက်လွှတ် ခဲ့ရသည့် စခန်းများဖြစ်ကာ ပြီးခဲ့သည့် မတ်လက နမ့်ကောန်စခန်းကို သိမ်းပြီးနောက် ဧပြီ ၁၇ ရက်တွင် တနိုင်း အနောက် ဘက် ၁၄ မိုင်ခန့်အကွာရှိ ခလရ-၂၉၇ ရှေ့တန်းစခန်း နွယ်ဂျယ်ဘွမ့်(ခ) ပယင်းတောင် တပ်စခန်းကို ထပ်မံသိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
ဗိုလ်မှူးကြီးနော်ဘူက“ အဲဒီဘက်မှာ ရွှေမှော်တွေရှိတယ်၊ ပယင်းမှော်တွေရှိတယ်၊ စစ်တပ်ရဲ့ ဝင်ငွေအတွက် အရေးပါတဲ့ စခန်းတွေ ဖြစ်တယ်။ လွန်ခဲ့တဲ့လကလည်း အဲဒီနားက နမ့်ကောန်စခန်းကိုသိမ်းတယ်၊ အဲဒါလည်း ရွှေမှော်တို့၊ ပယင်း မှော်တို့ပဲ၊ သူတို့အတွက် ဝင်ငွေရတဲ့စခန်းဖြစ်သလို ကျနော် KIO ရဲ့ ဝင်ငွေကိုဖြတ်တောက်ထားချင်တဲ့ စခန်းတွေလည်း ဖြစ်တယ်။ နယ်မြေစိုးမိုးရေးအတွက်တော့ အရေးပါတဲ့စခန်းတွေ ဖြစ်တယ်” ဟု ပြောသည်။
နွယ်ဂျယ်ဘွမ့်တပ်စခန်းတွင် စစ်တပ်အင်အား ၃၀ ခန့် တပ်စွဲထားပြီး စခန်းသိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှုနှင့် လက်နက်ခဲယမ်းသိမ်းပိုက်ရရှိမှု အသေးစိတ်အား မသိရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
နွယ်ဂျယ်ဘွမ့်စခန်းသည် ဒေသတွင်း ရွှေနှင့်ပယင်းမှော်များအား စိုးမိုးထိန်းချုပ်ထားသည့် အရေးပါသောစခန်းများထဲမှ တခုဖြစ်ပြီး KIA ပူးပေါင်းတပ်အနေဖြင့် တနိုင်းမြို့အနောက်ဘက်ရှိ ကျန်တပ်စခန်းအချို့ကိုလည်း နယ်မြေစိုးမိုးမှု ရရှိစေရန် ဆက်လက်တိုက်ခိုက်မည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထိုဒေသ၌ ယခုသိမ်းပိုက်လိုက်သည့် တပ်စခန်းများအပြင် လပူခမှော်နှင့် အင်ဂါးဂါးရွာတို့တွင် စစ်တပ်စခန်းများရှိပြီး KIA အနေဖြင့် အဓိကငွေဝင်ရသည့် ရွှေနှင့်ပယင်းမှော်ဒေသအား ၉ နှစ်ခန့် လက်လွှတ်ခဲ့ရပြီးနောက် ယခုအခါ ပြန်လည် ထိုးစစ် ဆင်လာခြင်းဖြစ်သည်။
တနိုင်းဒေသအတွင်း ရွှေနှင့် ပယင်းလုပ်ကွက်များထံမှ KIA အနေဖြင့် နှစ်စဉ်အခွန်ငွေ ကျပ်သိန်းပေါင်း ၂၈,၀၀၀ ခန့်အထိ ရရှိနေကြောင်း ၂၀၁၇ ခုနှစ်က လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ်တဦးက စွပ်စွဲပြောဆိုခဲ့ဖူးသည်။
တိုက်ပွဲများကြောင့် ဒေသတွင်း အခြေအနေများကို ပိုမိုသိရှိနိုင်ရန် ဒေသရှိ KPDF နှင့် ဒေသခံအချို့ကို ဧရာဝတီကဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပေ။

KIA ပူးပေါင်းတပ်များသည် ကချင်ပြည်နယ်အတွင်း မတ်လ ၇ ရက်ကစတင်ပြီး ထိုးစစ်ဆင်လျက်ရှိရာ ယနေ့အထိ စစ်တပ် စခန်းအကြီး အသေး ၇၀ ခန့်သိမ်းပိုက်ထားနိုင်ပြီး၊ ထိုးစစ်ကာလအတွင်း တရုတ်- မြန်မာနယ်စပ် ကုန်သွယ်ရေး စခန်းဖြစ် သည့် လွယ်ဂျယ်မြို့အား သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည့်အပြင် မြစ်ကြီးနား-ဗန်းမော်လမ်း၊ ဗန်းမော်-လွယ်ဂျယ်လမ်း တို့ကိုလည်း စိုးမိုး ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။
ထို့ပြင် လတ်တလော ထိုးစစ်ဆင်နေသည့် တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင်လည်း KIA ပူးပေါင်းတပ်များက မြေပြင် လမ်းကြောင်းများ ဖြတ်တောက်ထားပြီး ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာအနီးက တပ်စခန်းကိုလည်း ဝိုင်းပတ် ပိတ်ဆို့ ထားကြောင်း KPDF ခေါင်းဆောင် ကိုမင်းကိုကပြောသည်။
၎င်းက “ဆယ်ဇင်းကတပ်စခန်းတော့ စောင့်ကြည့်နေတဲ့အနေအထား ဖြစ်ပါတယ်၊ ထိုးစစ်ဆင် သိမ်းပိုက်ဖို့ လုပ်နေဆဲ အနေအထားပါပဲ” ဟု ပြောသည်။
ကမ္ဘာကျော် ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်ဒေသသို့ အဝင်လမ်းကြောင်းများအား KIA ပူးပေါင်းတပ်က သိမ်းပိုက် ပြီးနောက် ဆယ်ဇင်းရဲစခန်းနှင့် တပ်စခန်းတို့အား ဧပြီ ၉ ရက်က ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ အင်အား ၂၀ ကျော်ရှိသည့် ဆယ်ဇင်းရဲစခန်း တခုလုံး လက်နက်ချအညံ့ခဲ့သည်။
You may also like these stories:
ကချင်စစ်မျက်နှာ အလှည့်အပြောင်း
အထိနာနေသော စစ်ကောင်စီ ကချင်ထိုးစစ်သစ်နှင့် ထပ်ရင်ဆိုင်ရ
တနိုင်းမြို့နယ်ရှိ KIA ကာကင်းစခန်းတခု တိုက်ခိုက်ခံရ
တနိုင်းပြည်သူ့စစ်စခန်း KIA တိုက်ခိုက် ဖျက်ဆီး
ကချင်ပြည်နယ်ရှိ စစ်ကောင်စီ စခန်းများ KIA နှင့် PDF တိုက်ခိုက်














