စင်ကာပူသည် ယမန်နှစ်က မြန်မာစစ်တပ်နှင့် စီးပွားရေးလုပ်ရာမှ ပြန်ဆုတ်ခွာသွားပြီးနောက် ရဟတ်ယာဉ်များနှင့် တိုက်လေယာဉ်များဖြင့် အရပ်သားများကို ဆက်လက်ပြီး သတ်ဖြတ်နိုင်စေရန် စစ်ကောင်စီကို ထိုင်းဘဏ်များက ကူညီပေးနေကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ယခုအခါ ထိုင်းနိုင်ငံသည် စစ်ကောင်စီ ဝယ်ယူသော စစ်ဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများအား နိုင်ငံတကာ ဘဏ်စနစ်ဖြင့် ငွေပေးချေရာတွင် ထိပ်တန်း ရင်းမြစ် ဖြစ်လာပြီ” ဟု “သေမင်းတမန် ကုန်သွယ်မှု ဘဏ်လုပ်ငန်း- ဘဏ်များနှင့် အစိုးရများက မြန်မာ စစ်အာဏာရှင်ကို လမ်းခင်းပေးခြင်း” ဟု အစီရင်ခံစာတွင် ရှင်းပြထားသည်။
ထိုအစီရင်ခံစာသည် အရှေ့တောင်အာရှ နိုင်င့များအသင်း (ASEAN) အဖွဲ့ဝင် ၂ နိုင်ငံ၏ လက်နက်နှင့် စစ်ပစ္စည်းရင်းမြစ် အခန်းကဏ္ဍတွင် အကြီးအကျယ်ပြောင်းလဲမှုကို လေ့လာထားသည်။
လွန်ခဲ့သောနှစ်တွင် စင်္ကာပူသည် အရေးပါသည့် ရင်းမြစ်ဖြစ်ကြောင်း ဖေါ်ပြထားပြီးနောက် စင်္ကာပူအစိုးရသည် ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများကို စုံစမ်းစစ်ဆေးခဲ့ရာ စင်္ကာပူမှတ်ပုံတင် ကုမ္ပဏီများမှ မြန်မာသို့ လက်နက်စီးဆင်းမှု ၉၀ ရာခိုင်နှုန်းကျဆင်းသည်။
ဆန့်ကျင်ဘက်ဖြစ်သည်မှာ ထိုင်းမှတဆင့် မြန်မာစစ်တပ်၏ ဝယ်ယူမှုသည် ပြောင်းပြန်ဖြစ်နေပြီး ခုန်တက်သွားသည်ဟု ဖေါ်ပြထားသည်။
၂၀၂၄ ခုနှစ် မတ်လတွင် ကုန်ဆုံးသည့် တနှစ်တာအတွင်း စစ်ကောင်စီသည် လက်နက် ဒေါ်လာသန်း ၁၃၀ ဖိုးနီးပါးကို ထိုင်းတွင် မှတ်ပုံတင်ထားသည့် ရောင်းချသူများထံမှ တင်သွင်းပြီး ယခင်နှစ်ကထက် ၂ ဆတိုးလာသည်။
ထိုအပြောင်းအလဲတွင် ထိုင်းဘဏ်များသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည်။ ဥပမာအားဖြင့် ထိုင်း ကူးသန်းရောင်းဝယ်ရေးဘဏ် (Siam Commercial Bank-SCB) သည် ၂၀၂၃ ခုနှစ် မတ်လတွင် ကုန်ဆုံးသည့် တနှစ်တာအတွင်း မြန်မာစစ်တပ်နှင့်ပတ်သက်သည့် ငွေပေးငွေယူ ဒေါ်လာ ၅ သန်းဖိုးမျှသာ ဆောင်ရွက်ပေးသော်လည်း နောက်တနှစ်တွင် ထိုအရေအတွက်သည် ဒေါ်လာ သန်း ၁၀၀ ကျော်ဖိုးအထိ သိသိသာသာ မြင့်တက်လာကြောင်း အစီရင်ခံစာက ဖော်ပြသည်။
ဘဏ္ဍာနှစ် ၂ နှစ်တာကာလအတွင်း စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် ဇွန်လတွင် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB အား ဝါရှင်တန်မှ ပိတ်ဆို့အရေးယူမှုများ ချမှတ်ပြီးနောက် နိုင်ငံတကာမှ စစ်ဘက်ဆိုင်ရာ အထောက်အပံ့များ ဝယ်ယူရန် မြန်မာနိုင်ငံရှိ ဘဏ်အသစ်ကို စတင်မှီခိုလာခဲ့သည်။
စစ်ဘက်ဆိုင်ရာဝယ်ယူမှု၊ နိုင်ငံတကာ အခွန်အခများနှင့် အခကြေးငွေများလက်ခံမှုအပါအဝင် ၎င်း၏ဘဏ်လုပ်ငန်းအများစုကို မြန်မာ့စီးပွားရေးဘဏ် MEB သို့ လွှဲပြောင်းသည်။
MEB ၏ နိုင်ငံတကာငွေပေးချေမှုများသည် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် အဝင်အထွက်ငွေပေးချေမှု အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော်မှ တတိယသုံးလပတ်တွင် ဒေါ်လာ သန်း ၅၀၀ နီးပါးအထိ ခြောက်လအတွင်း မြင့်တက်လာခဲ့သည်။ ၎င်းတို့တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဝင်ငွေ လစဉ် ထိုင်းဘတ်ငွေ အနည်းဆုံး ဒေါ်လာ ၅၅ သန်း ပါဝင်သည်။
မြန်မာစစ်တပ်က တရားဝင် ဘဏ်လုပ်ငန်းစနစ်မှတဆင့် လက်နက်နှင့် စစ်ပစ္စည်း နှစ်စဉ်ဝယ်ယူမှုကျဆင်းပြီး ၂၀၂၃ ခုနှစ်မတ်လတွင် ကုန်ဆုံးသည့် တနှစ်တာအတွင်း ဒေါ်လာ ၃၇၇ သန်းမှ ဒေါ်လာ ၂၅၃ သန်းသို့ကျဆင်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ် အင်ဒရူးက ပြောသည်။
သို့သော် စစ်ကောင်စီသည် ဟာကွက်များကို အသုံးချခြင်း၊ ဘာဏ္ဍာရေးအဖွဲ့အစည်းများပြောင်းလြဲခင်း၊ အဖွဲ့ဝင်များအကြား မလုံလောက်သည့် ညှိနှိုင်းမှုနှင့် အကောင်အထည်ဖေါ်မှုများကို အသုံးချကာ အရေးယူပိတ်ဆို့မှုများကို ကျော်လွှားနေကြောင်း သူသတိပေးသည်။
“သတင်းကောင်းကတော့ စစ်ကောင်စီဟာ ပိုမိုအထီးကျန်လာတယ်။ သတင်းဆိုးကတော့ စစ်ကောင်စီဟာ အရေးယူပိတ်ဆို့မှုစနစ်တွေရဲ့ ဟာကွက်တွေကို အသုံးချပြီး ဘဏ္ဍာရေးအင်စတီကျူးရှင်းပြောင်းကာ အဖွဲ့ဝင်နိုင်ငံတွေက အပြည့်အဝ ညှိနှိုင်းမှု၊အရေးယူမှုလုပ်ဖို့ပျက်ကွက်တာကို အသုံးချနေတယ်” ဟုလည်း သူပြောသည်။
ထိုင်းဘဏ် SCB က အစီရင်ခံစာကို တုံ့ပြန်ခြင်းအားဖြင့် ဘဏ်တွင်း စုံစမ်းစစ်ဆေးမှုများ လုပ်ခဲ့ပြီး ငွေကြေးလွှဲပြောင်းမှု အများအပြားသည် “ပုံမှန်စီးပွားရေးလုပ်ငန်းဆောင်တာများဖြစ်သည့် လူသုံးကုန်ပစ္စည်းများနှင့် စွမ်းအင်အတွက် ငွေပေးချေမှုများဖြစ်ကြောင်း တွေ့ရှိရသည်”ဟု ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်သည်။
“SCB သည် သက်ဆိုင်ရာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် ဆက်စပ်စည်းမျဉ်းများကို လိုက်နာရန်၊ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ အခြေခံမူများနှင့်အညီ လိုက်နာမှု ရှိစေရန်နှင့် ရေရှည်တည်တံ့သော အလေ့အကျင့်များအပေါ် အခြေခံ၍ အစုအဖွဲ့များအားလုံးအတွက် ရေရှည်တန်ဖိုးကို ပေးအပ်ရန် ရည်ရွယ်ပါသည်”ဟု ထုတ်ပြန်သည်။
ကုလသမဂ္ဂ အစီရင်ခံစာသစ်တွင် လွန်ခဲ့သော ၂ နှစ်အတွင်း မြန်မာစစ်ကောင်စီ ဝယ်ယူမှုများနှင့်ပတ်သက်သည့် ငွေပေးငွေယူလုပ်ပေးနေသည့် နိုင်ငံ ၇ နိုင်ငံမှ ဘဏ် ၁၆ ခုကို ဖေါ်ပြထားသည်။ ထို့အပြင် ဘဏ် ၂၅ ခုသည် မြန်မာနိုင်ငံပိုင် ဘဏ်များသို့ ဘဏ်များအကြားဝန်ဆောင်မှုပေးနေကြောင်းလည်း ဖေါ်ပြထားသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် အရပ်သား ၅၀၀၀ ကျော် သတ်ဖြတ်ခံရပြီး လူအနည်းဆုံး ၃ သန်း နေရပ်စွန့်ခွာထွက်ပြေးရသည်။ နိုင်ငံရေးအကျဉ်းသား ၂ သောင်းကျော် ဖမ်းဆီးခံရသည်။ စစ်ကောင်စီသည် စစ်စခန်းများ၊ နယ်မြေများနှင့် တပ်ဖွဲ့များကို တော်လှန်ရေးတပ်များထံ ဆုံးရှုံးနေသည့်တိုင် အရပ်သားများကို ပစ်မှတ်ထားသည့် စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများသည် လွန်ခဲ့သော ၆ လအတွင်း ၅ ဆတိုးပြုလုပ်သည်။
“စစ်ကောင်စီ အထိနာနေချိန်တွင် ဘာဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏လူ့အခွင့်အရေးတာဝန်များကို အလေးအနက်ထားရန်နှင့် စစ်ကောင်စီ၏လူသတ်ငွေပေးငွေယူမှုများကို မကူညီရန် အရေးကြီးသည်” ဟု တွမ် အင်ဒရူးက ပြောသည်။
You may also like these stories:
ပဋိပက္ခ၊ ငွေကြေးဖောင်းပွမှုနှင့် မြန်မာ့စီးပွားရေး
မြန်မာ့စီးပွားတိုးတက်မှု ၁ ရာခိုင်နှုန်းသာ ရှိမည်
ငွေတန်ဖိုးပြိုလဲစဉ် ထိုင်းကွန်ဒို ဝယ်သူများနှင့် ပွဲစားများကို စစ်ကောင်စီဖမ်း
အတက်ကြမ်းနေသော ရွှေနှင့် ဒေါ်လာဈေးကွက်ကို စစ်ကောင်စီက အဖမ်းအဆီးများဖြင့် ထိန်းချုပ်
အီရန်က မြန်မာစစ်ကောင်စီကို လက်နက် ထပ်ရောင်းမှာ စိုးရိမ်ရ














