၂၀၂၄ ခုနှစ်တွင် မြန်မာ့စီးပွားရေးသည် ပဋိပက္ခ၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးတုံ့ဆိုင်းနေခြင်း အပါအဝင် ပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။
အဓိကကဏ္ဍများကို ထိခိုက်စေပြီး ဆင်းရဲနွမ်းပါးမှု မြင့်တက်ကာ မကြာမီအနာဂတ်ကာလအတွက် စီးပွားရေးအလားအလာ မျှော်လင့်ချက် ကင်းမဲ့နေကြောင်း ကမ္ဘာ့ဘဏ်၏ “မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု- ခြိမ်းခြောက်ခံနေရသော အသက်မွေးဝမ်းကြောင်းများ” အစီရင်ခံစာက ဖော်ပြသည်။
၂၀၂၄ ခုနှစ် မြန်မာ့စီးပွားရေး အခင်းအကျင်းကို ပဋိပက္ခ၊ မက်ခရိုစီးပွားရေး မတည်ငြိမ်မှုနှင့် စိန်ခေါ်မှုများသော စီးပွားရေးပတ်ဝန်းကျင်တို့က အရုပ်ဆိုး အကျည်းတန်စေကြောင်း အထက်ပါ အစီရင်ခံစာက ဖော်ပြသည်။
ပဋိပက္ခသည် တရုတ်၊ ထိုင်းတို့နှင့် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်စေပြီး ပြည်တွင်း ကုန်စည်ဖြန့်ချိရေး ကွင်းဆက်များကို ပြတ်တောက်စေကာ အလွန်အရေးပါသည့် အတားအဆီးဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်မှုမထမ်းမနေရ ပြဋ္ဌာန်းခြင်းသည် အမျိုးမျိုးသော စက်မှုလုပ်ငန်းများတွင် လုပ်သားအင်အား မလုံလောက်မှု အခြေအနေ ပိုမိုဆိုးရွားစေသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်ပြီး လူ ၁ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးရကာ ဇွန်လအစောပိုင်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ (IDPs) အရေအတွက် စုစုပေါင်း ၃ ဒသမ ၁ သန်း ရှိလာသည်။
ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှုနှင့် အကန့်အသတ်ရှိသော သွင်းကုန်လိုင်စင်တို့ ပေါင်းလိုက်သောအခါ ရှည်ကြာသော ငွေကြေးဖောင်းပွမှုနှင့် အဓိကကျသော သွင်းကုန်များ မလုံလောက်မှုကို ဖြစ်စေသည်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုမိုဆိုးရွားလာပြီး စီးပွားရေးလုပ်ငန်းများသည် အကုန်အကျများသည့် ဒီဇယ်မီးစက်များကို အားကိုးရကာ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ် ပိုမိုတိုးလာစေသည်။
စီးပွားရေးလည်ပတ်မှု ရပ်တန့်နေ
မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ၁ ရာခိုင်နှုန်းသာ တိုးတက်ပြီး ကပ်ရောဂါ မတိုင်မီက အခြေအနေ၏အောက် ၁၀ ရာခိုင်နှုန်းတွင်သာ ရှိနေသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်မှုမထမ်းမနေရ ပြဋ္ဌာန်းခြင်းသည် အမျိုးမျိုးသော စက်မှုလုပ်ငန်းများတွင် လုပ်သားအင်အား မလုံလောက်မှု အခြေအနေ ပိုမိုဆိုးရွားစေသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလတွင် လုပ်ငန်းများသည် စွမ်းဆောင်နိုင်ရည်၏ ပျမ်းမျှ ၆၅ ရာခိုင်နှုန်းတွင်သာ လည်ပတ်နေပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလထက် တိုးတက်လာသော်လည်း ယခင်နှစ်များအောက်တွင်သာ ရှိနေဆဲဖြစ်သည်။ ဝန်ဆောင်မှုကဏ္ဍ၊ အထူးအဖြင့် လက်လီအရောင်းနှင့် ခရီးသွားလုပ်ငန်းသည် မြင့်မားသော ငွေကြေးဖောင်းပွမှုနှင့် စားသုံးသူဝယ်နိုင်အား ကျဆင်းခြင်းကြောင့် အထိနာနေသည်။
ကုန်ထုတ်လုပ်မှုကဏ္ဍသည် ဝယ်ယူမှု စီမံခန့်ခွဲမှုများ အညွန်းကိန်း (PMI) အရ ဧပြီနှင့်မေလတွင် တိုးတက်သော်လည်း ၆ လကြာ ဆုတ်ယုတ်မှုကို ရင်ဆိုင်ရသည်။ သွင်းအားစုများ တိုးလာခြင်းနှင့် သီးနှံထွက်နှုန်း တိုးလာသောကြောင့် စိုက်ပျိုးရေးသည် တောင့်ခံနိုင်သေးကြောင်း ပြသနေသည်။ သို့သော် အကန့်အသတ်ရှိသော ချေးငွေနှင့် ပဋိပက္ခနှင့်ပတ်သက်သော အတားအဆီးများသည် စိုက်ပျိုးထုတ်လုပ်မှုကို ဆက်လက် ဆိုးကျိုးသက်ရောက်စေသည်။
လုပ်အားဈေးကွက် အားနည်းချက်
လုပ်အားဈေးကွက်သည် ဆက်လက် အင်အားချိနဲ့နေပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်တွင်သာ တစိတ်တပိုင်း တိုးတက်သည်။ အလုပ်အကိုင်နှုန်းသည် ၂၀၂၂ ခုနှစ် နှစ်ကုန်နှင့် ၂၀၂၃ ခုနှစ် နှစ်ကုန်အကြား ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးလာသော်လည်း ၂၀၁၇ ခုနှစ်ကအဆင့်ထက် ၇ ဒသမ ၄ ရာခိုင်နှုန်း နိမ့်ကျနေဆဲဖြစ်သည်။

အရွယ်ရောက်ပြီးသူ အလုပ်လက်မဲ့နှုန်းသည် အလားတူကာလအတွင် ၆ ဒသမ ၇ ရာခိုင်နှုန်းမှ ၈ ဒသမ ၁ ရာခိုင်နှုန်းသို့ တိုးလာသည်။ အလုပ်အကိုင်နေရာ လစ်လပ်မှုသည် ၂၀၂၀ ပြည့်နှစ်က အဆင့်အောက်တွင် တန်းနေပြီး နိုင်ငံအတွင်း လုပ်အားရွှေ့ပြောင်းမှုသည် ပဋိပက္ခနှင့် အတင်းအကျပ် စစ်သားစုဆောင်းမှု စိုးရိမ်မှုများကြောင့် အချို့ဒေသများနှင့် လုပ်ငန်းများတွင် လုပ်အား မလုံလောက်မှု ဖြစ်စေသည်။
ကုန်သွယ်ရေးနှင့် ငွေလဲနှုန်းဖိအားများ
၂၀၂၄ ခုနှစ်၊ မတ်လအထိ ၆ လအတွင်း ကုန်သွယ်မှုမှာ ယခင်နှစ် အလားတူကာလနှင့်ယှဉ်လျှင် သိသိသာသာ ကျဆင်းပြီး ပို့ကုန် ၁၃ ရာခိုင်နှုန်းနှင့် သွင်းကုန် ၂၀ ရာခိုင်နှုန်း ကျဆင်းသည်။ ကုန်းတွင်းနယ်စပ်မှ တင်ပို့မှုသည် ၄၄ ရာခိုင်နှုန်းကျဆင်းပြီး ကုန်းတွင်းနယ်စပ်မှ တင်သွင်းမှုသည် သွင်းကုန်ကျဆင်းမှု စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်း ရှိသည်။ တရုတ်၊ ထိုင်းနှင့် ကုန်သွယ်ရေးသည် နယ်စပ်စခန်းများကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသောကြောင့် အကန့်အသတ် ဖြစ်စေသော်လည်း အခြား ကုန်းတွင်းဂိတ်များနှင့် ပင်လယ်လမ်းကြောင်းမှ ဖြစ်ပေါ်လာသည်။
အရွယ်ရောက်ပြီးသူ အလုပ်လက်မဲ့နှုန်းသည် အလားတူကာလအတွင် ၆ ဒသမ ၇ ရာခိုင်နှုန်းမှ ၈ ဒသမ ၁ ရာခိုင်နှုန်းသို့ တိုးလာသည်။
ကျပ်ငွေတန်ဖိုး ထိုးဆိုက်ကျဆင်းပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်နောက်ပိုင်း အပြိုင်ဈေးကွက်များတွင် အမေရိကန် ဒေါ်လာနှင့် ယှဉ်လျှင် ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းသည်။ ၂၀၂၄ ခုနှစ်၊ မေလအထိ တနှစ်တာကာလအတွင်း တရားဝင်ပုံသေ သတ်မှတ်ဈေးနှုန်းနှင့် အပြိုင်ဈေးကွက်နှုန်းအကြား ကွာဟမှုသည် သုံးဆတိုးလာသည်။ ဘဏ်များသို့ နိုင်ငံခြားထံ ရောင်းချရန် စည်းကမ်းချက်များနှင့် သွင်းကုန်လိုင်စင် ကန့်သတ်မှုများသည်လည်း နိုင်ငံခြားငွေရနိုင်မှုကို ထပ်မံလျော့ကျစေပြီး ငွေတန်ဖိုးကျမှုဖိအားကို ပိုမိုဆိုးရွားစေသည်။
ငွေကြေးဖောင်းပွနေခြင်းနှင့် ဆင်းရဲနွမ်းပါးမှု မြင့်မားခြင်း
ငွေကြေးဖောင်းပွမှုသည် မြင့်တက်လာသည့် အစားအစာနှင့် လောင်စာဈေးနှုန်းများကြောင့် ဆက်လက် မြင့်မားနေသည်။ စားသုံးသူ ဈေးနှုန်းအညွှန်းကိန်းအရ ငွေကြေးဖောင်းပွမှုသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ယခင်နှစ်ကထက် ၃၀ ဒသမ ၄ ရာခိုင်နှုန်း တိုးသည်။
လောင်စာနှင့် သယ်ယူပို့ဆောင်ရေး ဈေးနှုန်းများသည် ကမ္ဘာ့ရေနံဈေး မြင့်မားခြင်းနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကြောင့် ပိုမိုမြင့်တက်လာသည်။ စားသောက်ကုန် ဈေးတက်မှုကို မြင့်မားသော ပို့ကုန်ဈေးနှုန်းများ၊ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အကန့်အသတ်များနှင့် ပြည်တွင်းထုတ်လုပ်မှု ပြတ်တောက်ခြင်းက တွန်းအားပေးနေသည်။
ဘဏ္ဍာရေးလိုငွေသည် ပိုမိုကျယ်ပြန့်လာမည်ဟု မျှော်လင့်ရပြီး ၂၀၂၃/၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ၅ ဒသမ ၇ ရာခိုင်နှုန်းသို့ ရောက်လာကာ ၂၀၂၄/၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ၆ ဒသမ ၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းရသည်။

ငြိမ်သက်သွားသော စီးပွားရေးလုပ်ငန်းများ၊ မြင့်မားသော ဈေးနှုန်းနှင့် အင်အားချိနဲ့သည့် လုပ်အားဈေးကွက်တို့၏ စုစုပေါင်း သက်ရောက်မှုသည် ဆင်းရဲနွမ်းပါးမှုအဆင့် ပိုမိုမြင့်မားစေသည်။ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၂၃/၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၃၂ ဒသမ ၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းရပြီး ၂၀၁၅ ခုနှစ်က အဆင့်နှင့် ပြောင်းပြန်ဖြစ်သည်။
လွန်ခဲ့သော ခြောက်နှစ်အတွင်း မြို့ပြဆင်းရဲနွမ်းပါးမှုသည် ကျေးလက်ဆင်းရဲနွမ်းပါးမှုနှုန်းထက် ပိုမိုလျင်မြန်စွာ မြင့်တက်နေသည်။
မျှော်လင့်ချက်ကင်းမဲ့သော စီးပွားရေးအလားအလာ
မြန်မာ့စီးပွားရေးအလားအလာ ဆက်လက် အားနည်းနေသည်။ စုစုပေါင်း ပြည်တွင်းထုတ်ကုန်သည် ၂၀၂၄/၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၁ ရာခိုင်နှုန်းသာ ထပ်မံတိုးတက်မည်ဟု မျှော်လင့်ရသောကြောင့် မြန်မာ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန်သည် ၂၀၁၈/၂၀၁၉ ခုနှစ်က အဆင့်ထက် ၉ ရာခိုင်နှုန်းခန့် ဆက်လက် နိမ့်ကျနေမည် ဖြစ်သည်။
ရှည်ကြာသည့် ငွေကြေးဖောင်းပွမှုနှင့် လုပ်အား၊ နိုင်ငံခြားငွေနှင့် လျှပ်စစ်ဓာတ်အား ရရှိမှု အကန့်အသတ်များသည် စီးပွားရေးလုပ်ဆောင်မှုများကို ပြင်းထန်သော သက်ရောက်မှုဖြစ်စေမည့် သဘောဖြစ်သည်။
ရှည်ကြာသည့် ငွေကြေးဖောင်းပွမှုနှင့် လုပ်အား၊ နိုင်ငံခြားငွေနှင့် လျှပ်စစ်ဓာတ်အား ရရှိမှု အကန့်အသတ်များသည် စီးပွားရေးလုပ်ဆောင်မှုများကို ပြင်းထန်သော သက်ရောက်မှုဖြစ်စေမည့် သဘောဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မှုသည် ပိုမိုများပြားသော ပြည်ပတင်ပို့မှုနှင့် လယ်သမားများထံမှ ဝယ်ယူသည့် ဈေးနှုန်း မြင့်မားလာသောကြောင့် ပိုမိုကျယ်ပြန့်လာမည်ဟု မျှော်လင့်ရသည်။
စားသုံးသူများအတွက် ဈေးနှုန်းငွေကြေးဖောင်းပွမှုသည် ဆက်လက် မြင့်မားနေမည်ဟု မျှော်လင့်ရပြီး ၂၀၂၃/၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၂၆ ဒသမ ၅ ရာခိုင်နှုန်းမှ ၂၀၂၄/၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၁၈ ရာခိုင်နှုန်းသို့ လျော့ကျလာမည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် အိမ်ထောင်စု လူနေမှုအဆင့်လည်း မျှော်လင့်ချက်ကင်းမဲ့ကာ အိမ်ထောင်စုများသည် ဆက်လက် ဖြစ်ပွားနေသည့် စီးပွားရေးဖိအားနှင့် အကန့်အသတ်ရှိသော တိုးတက်မှု အလားအလာကို ရင်ဆိုင်ရမည်ဖြစ်သည်။
မြန်မာ့စီးပွားရေးသည် ပဋိပက္ခ၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး တုံ့ဆိုင်းခြင်း ဖိအားအောက်တွင် ရုန်းကန်နေရသည်။ စိန်ခေါ်မှုများသည့် စီးပွားရေးပတ်ဝန်းကျင်နှင့် စီးပွားရေးမျှော်လင့်ချက် ကင်းမဲ့ခြင်း အလားအလာနှင့်အတူ ပြန်လည်နာလန်ထရန် အလားအလာမှာ မရေရာပေ။
ကမ္ဘာ့ဘဏ်၏ အထက်ပါ အစီရင်ခံစာတွင် ထိုဘက်စုံ စိန်ခေါ်မှုများကို ဖြေရှင်းရန် ကျယ်ပြန့်သော စီးပွားရေးနှင့် လူမှုရေး မူဝါဒများအရေးပေါ်လိုအပ်နေကြောင်း မီးမောင်းထိုး ဖော်ပြသည်။
(Devdiscourse ပါ Myanmar’s Economic Crisis: Conflict, Inflation, and a Struggle for Survival ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ့စီးပွားရေး ဆက်လက် ထိုးဆင်းနေ
မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး
အာဏာသိမ်း ၃ နှစ်ပြည့်သည့်တိုင် စီးပွားရေး နာလန်မထူနိုင်
မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို
မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော