အွန်လိုင်းငွေပေးချေမှု စနစ်ဖြစ်သည့် KBZ pay၊ Wave money၊ CB pay ၊ Aya pay အစရှိသော ငွေပေးချေမှုများကို လက်မခံသော ဆိုင်များ၊ ကုမ္ပဏီများအား အရေးယူပေးရန် စစ်ကောင်စီ၏ လော်ဘီ တယ်လီဂရမ်ချန်နယ်များက ခြိမ်းခြောက်နေကြသည်။
ယခုရက်ပိုင်း ပြည်တွင်းရှိ ဘဏ်များတွင် ငွေသား ထုတ်ယူ၍ ခက်ခဲပြီး အကန့်အသတ်နှင့်သာ ရရှိခြင်းတို့ကြောင့် ငွေသားရှားပါးသည့် ပြဿနာများ ဖြစ်ပွားနေချိန် ဒစ်ဂျစ်တယ်စနစ် အွန်လိုင်းငွေပေးချေမှုကို အသုံးပြုရန် စစ်ကောင်စီ၏ လက်အောက်ခံ ဗဟိုဘဏ်က တိုက်တွန်းထားသည်။
စစ်ကောင်စီ၏ လော်ဘီချန်နယ်တခု ဖြစ်သည့် ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်တခုက “KBZ pay တို့ Mobile Banking တို့နဲ့ ငွေပေးချေတဲ့အခါ တချို့ကုမ္ပဏီတွေ၊ တချို့ဆိုင်တွေက လက်မခံဘူးလို့ သိရတယ်။ ဒါတွေက နိုင်ငံတော်က တရားဝင်သတ်မှတ်ထားတဲ့ ငွေပေးချေမှုစနစ်တွေ ဖြစ်တယ်။ ဒီစနစ်ကို လက်မခံတာဟာ တရားဥပဒေ ချိုးဖောက်တာပဲ။ ဒီတော့ လက်မခံတဲ့ ကုမ္ပဏီတွေ လက်မခံတဲ့ ဆိုင်တွေကို သိရင် လာရောက်သတင်းပေးတိုင်ကြားနိုင်တယ်”ဟု ဇူလိုင်လ ၉ ရက်နေ့မှ စတင်၍ ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်နေသည်။
ထို့ပြင် ယနေ့(ဇူလိုင် ၁၂ ရက်) နေ့တွင်လည်း K pay၊ Wave money များဖြင့် ငွေရှင်းခြင်း လက်မခံပါက သက်သေ ဗီဒီယိုဖိုင်ယူထားပြီး လာရောက် တိုင်ကြားနိုင်ကြောင်း ထပ်မံ ပြောဆိုခြင်းများ ပြုလုပ်ထားသည်။
ယခင်ကလည်း စစ်ကောင်စီ၏ လော်ဘီချန်နယ်များက ယခုကဲ့သို့ ဖမ်းဆီးခိုင်း၊ အရေးယူခိုင်း သည့် တိုက်တွန်းလျှင် စစ်ကောင်စီက ပြုလုပ်လေ့ရှိသဖြင့် လုပ်ငန်းရှင်များအနေဖြင့် စိုးရိမ်မှုများ ရှိနေသည်။
ယင်းနှင့် ပတ်သက်ပြီး ပြည်တွင်း လုပ်ငန်းရှင်တဦးက “အခုက ဘာမှလုပ်လို့ မရတာလေနော်။ အဲ့ဒီတော့ ဒီအတိုင်း ပုံမှန်ပဲ သွားနေတယ်။ အဲ့ဒီတော့ ကျနော်တို့ ဆိုင်တော့ လက်ခံပေးနေတယ်။ သူ့သဘောနဲ့ သူ လက်မခံတဲ့ဆိုင်လည်း ရှိတာပဲ။ ငွေက အထုတ်က ကျတော့ အရင်ကတော့ ကျပ်သိန်း ၅၀ လောက် ရတယ်။ အခုကတော့ မရဘူး။ ကျပ်နေတာပေါ့။ အခက်အခဲကတော့ ရှိနေတာပဲလေ”ဟု ဧရာဝတီသို့ ပြောသည်။
ထို့အပြင် မြန်မာပြည်ရှိ မြို့ကြီးများ ဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်ပင် ဒစ်ဂျစ်တယ် အွန်လိုင်းငွေချေမှုစနစ်က ကျယ်ကျယ်ပြန့်ပြန့် မရောက်ရှိသေးပေ။ လက်ရှိ သုံးနေသော ဒစ်ဂျစ်တယ် ငွေလွှဲပလက်ဖောင်းများမှ တဆင့် လွှဲလျှင်လည်း ငွေသား ပြန်ထုတ်ရန် မသေချာ။
ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တဦးက “ကျိန်းသေတာတော့ ဘဏ်ထဲကနေ ပိုက်ဆံထုတ်လို့ မရတာက ပြဿနာပဲ။ အဓိကကလေ ဒစ်ဂျစ်တယ်စနစ်နဲ့ သွားတယ်ဆိုတာ ကောင်းတယ်။ ဒါပေမယ့် ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့က ဒစ်ဂျစ်တယ်စနစ်က အဆင်မပြေသေးဘူးလေ။ အရင်တုန်းက ကားတန်ဆာခတွေ ပေးတယ်။ ရတယ် Kpay နဲ့လွဲလိုက်၊ Wave နဲ့လွဲလိုက် အဆင်ပြေတယ်။ အခု ဟိုကလည်း လက်မခံတော့ဘူး။ ဘာလို့ဆို သူ သွားပြန်ထုတ်တော့ ထုတ်လို့မှ မရတာ အဲ့လိုမျိုးတွေ ဖြစ်တာ”ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်မြို့ရှိ ရွှေဆိုင်လုပ်ငန်းရှင်တဦးကလည်း “သူတို့က Kpay တွေ ဘာတွေနဲ့ လက်ခံလို့ ပြောပေမယ့် ဘဏ်မှာ ငွေထုတ်ရတာကျတော့ ကျနော်တို့က တော်တော်အခက်အခဲရှိနေတယ်။ အဲ့ဒီတော့ ဘယ်လိုလုပ်မလဲ”ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ ဗဟိုဘဏ်က ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှစတင်၍ စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒစ်ဂျစ်တယ် ငွေပေးချေမှု ဆိုင်ရာ သတ်မှတ်ချက်များ ထုတ်ပြန်ပြီး ပုဂ္ဂလိကဘဏ်များမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှု (Digital Transaction) အသုံးပြုပြီးမှသာ ငွေလွှဲငွေထုတ် လုပ်ကိုင်ရခြင်း၊ လူပုဂ္ဂိုလ်အချင်းချင်း အွန်လိုင်းသုံး၍ ငွေပေးချေပါက တကြိမ်လျှင် ကျပ် ၁၀ သိန်း၊ တရက်လျှင် ကျပ်သိန်း ၅၀ သတ်မှတ်ထားသည့်အပြင် ရွှေဆိုင်၊ အီလက်ထရောနစ်ပစ္စည်း အရောင်းဆိုင်၊ ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်နှင့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာများအတွက် ငွေပေးချေမှုကို ကျပ်သိန်း ၁၀၀ သတ်မှတ်ထားသည်။
သို့သော် လက်ရှိတွင် လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းဘဏ်ကင်းစနစ်ဖြင့် ငွေလွှဲမည်၊ ငွေထုတ်ယူမည်ဆိုပါက ကျပ်သိန်း ၂၀၀ အထက် ဆိုလျှင် ထုတ်ယူရမည့် အကြောင်းအရင်း၊ ငွေအသုံးပြုမည့် အကြောင်းပြချက်ကို မိမိ အသုံးပြုမည့် ဘဏ်သို့ ကြိုတင်ဖုန်းဆက်ပြောဆိုရသလို ငွေကျပ် သိန်းတထောင်ကျော်ပါက ဘဏ်သို့ ကြိုတင်အကြောင်းကြားရမည်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များထံမှ သိရသည်။
ထို့ပြင် ပြီးခဲ့သည့်လအတွင်းက အိမ်ရာချေးငွေ ထုတ်ချေးပေးခြင်းနှင့် ပတ်သက်ပြီး ဘဏ်များကို အရေးယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်ပြီးသည့်နောက် ဘဏ်များပြိုလဲမည်ကို စိုးရိမ်စိတ်ဖြင့် ဘဏ်များတွင် ငွေထုတ်ယူမှုများ လာပြီး ယခုအချိန်အထိ ပါစင်နယ်အကောင့် တခုလျှင် အများဆုံး ၅ သိန်းကျပ်အထိသာ ငွေထုတ်ယူနိုင်သည်။
မြန်မာနိုင်ငံတွင် ဘဏ်အကောင့်ဖွင့်ပြီး ဒစ်ဂျစ်တယ် ငွေပေးချေမှုကို လက်လှမ်းမီသူမှာ ကုန်သည်အသိုင်းအဝိုင်းနှင့် မြို့ပြလူလတ်တန်းစားများသာ ဖြစ်သည်။ ဘဏ်ဝန်ဆောင်မှုကို အသုံးမပြုနိုင်သေးသည့် လူဦးရေမှာ သန်း ၄၀ ရှိပြီး လူဦးရေ စုစုပေါင်း၏ ၇၄ ရာခိုင်နှုန်း ရှိနေသည်။
ဥပမာ ပို့ကုန်/သွင်းကုန်တင်ပို့နေသော ကုန်သည်တဦးအတွက်တွင်ပင် အောက်ခြေ တောင်သူအဆင့်မှ စ၍ လုပ်ငန်းရှင်အဆင့်အထိ အဆင့်ဆင့် ငွေပေးချေရသည်။ ကုန်ဖိုးငွေကို ဘဏ်ကင်းစနစ်ဖြင့် ပေးချေ၍ ရသော်လည်း တောင်သူများကို ပေးရသော သီးနှံတန်ဖိုးငွေ၊ သယ်ယူပို့ဆောင်သည့် ကုန်ကားခ၊ အလုပ်သမားခ အစရှိသည်တို့မှာ ငွေသားဖြင့်သာ ရှင်းရသောကြောင့် အွန်လိုင်းငွေပေးချေမှုစနစ်မှာ နေရာတကာတွင် အသုံးပြု၍ မရကြောင်း လုပ်ငန်းရှင်များက ပြောသည်။
လက်ရှိတွင် တချို့ စက်သုံးဆီဆိုင်နှင့် စားသောက်ဆိုင် အချို့က အွန်လိုင်းငွေပေးချေမှုစနစ် အသုံးပြုနိုင်သော်လည်း ဈေးဆိုင်အများစုက အွန်လိုင်းစနစ်ဖြင့် ငွေပေးချေ၍ မရသည့်အခြေအနေဖြစ်သည်။
ပြည်တွင်းရှိ စားသုံးသူအရေး ဆောင်ရွက်နေသူ တဦးက “အခု အခြေအနေတွေကတော့ စားသုံးသူရဲ့ အခွင့်အရေးတွေ အများကြီး ထိခိုက်တာပေါ့။ စားသုံးသူက ငွေသားမရှိလို့ အွန်လိုင်းစနစ်နဲ့ ပေးရင် ယူရမယ်။ မယူရင် အရေးယူလို့ ရတယ်။ ဒါပေမယ့် တဖက် ငွေပြန်ထုတ်လို့ မရတာက ရှိနေတယ်။ ပြဿနာက အဲ့ဒါပဲ။ သူ့လက်ထဲမှာ လုပ်ပိုင်ခွင့်တွေနဲ့ အစီအမံတွေက အများကြီးနဲ့။ မသိနိုင်တာတွေ ရှိနေတယ်လေ။ ငွေစက္ကူရိုက်ထုတ်တဲ့စက်လည်း သူ့ဆီမှာပဲရှိတယ်။ ဗဟိုဘဏ်လည်း သူပြောတာ လုပ်နေရတာ”ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
You may also like these stories:
စစ်ကောင်စီ ထိန်းသည့်ကြား ရွှေနှင့် ဒေါ်လာဈေးတက်
စစ်ကောင်စီက ရိုးမဘဏ်ပိုင်ရှင်ကို ဖမ်းဆီး
ဘဏ်များ အရေးယူမည့်ကိစ္စ အိမ်ခြံမြေ ဈေးကွက် ထိခိုက်နိုင်
ဘဏ်များကို ဗဟိုဘဏ် ငွေထုတ်မပေးနိုင်တော့
ပြည်တွင်းဘဏ်များ၌ ငွေအပ်နှံသူမရှိ ဖြစ်လာ