အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သည် စစ်ဖြစ်နေသည့် မြန်မာသို့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီပေးရန် မြန်မာစစ်ကောင်စီ၊ စစ်ကောင်စီ အတိုက်အခံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆွေးနွေးနေသည်ဟု ICRC အကြီးအကဲက စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြောသည်။
စစ်ဗိုလ်ချုပ်များက နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြုတ်ချလိုက်ပြီးနောက် ဆန္ဒပြပွဲများ ပေါ်ပေါက်လာကာ အင်အားကြီးစစ်တပ်ကို စိန်ခေါ်သည့် လက်နက်ကိုင်ပုန်ကန်မှု ဖြစ်လာပြီး မြန်မာနိုင်ငံသည် ပဋိပက္ခနွံ နစ်နေသည်။
နိုင်ငံ၏ ကျယ်ပြန့်သောဒေသများတွင် ဖရိုဖရဲဖြစ်နေပြီး လူဦးရေ ၅၅ သန်း၏ ၃ ပုံ ၁ ပုံသည် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသော်လည်း သွားလာမှုကန့်သတ်ချက်များနှင့် လုံခြုံရေးအန္တရာယ်များကြောင့် ICRC သည် ဒေသအများအပြားတွင် လုပ်ငန်းများ လည်ပတ်နိုင်ခြင်း မရှိကြောင်း မစ္စ မာဂျနာ စပိုဂျာရစ်ပြောသည်။
“ဒေသအချို့မှာ ဆေးဝါးဝန်ဆောင်မှု လုံးဝမရှိဘူး။ လုံးဝပြိုလဲနေတယ်လို့ ဆိုလိုတာ” ဟု မစ္စ စပိုဂျာရစ်က Reuters သတင်းဌာနသို့ ပြောသည်။
“ဝင်လာတဲ့ဆေးဝါးတောင် အခု လတ်တလော မရှိသလို စားစရာလည်း နည်းနည်းပဲ ရှိတယ်” ဟု ၎င်းကပြောသည်။
ICRC သည် အကူအညီ ပိုမိုပေးပို့နိုင်သည့် စွမ်းရည်ရှိကြောင်း ယခုအပတ်တွင် ပြီးဆုံးခဲ့သည့် မြန်မာခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ပြောခဲ့သည်ဟု မစ္စ စပိုဂျာရစ်က ပြောသည်။
“ပြဿနာက အကူအညီပေးခွင့်ပဲ။ အခုလောလောဆယ် ပြဿနာက ကျမတို့ သွားရောက်ပြီး လူသားချင်းစာနာမှု လိုအပ်ချက်တွေကို အကဲဖြတ်လို့ မရတာနဲ့ ဒါဟာ ကျမတို့ ကုစားပေးရမယ့်အရာ ဖြစ်နေတာပဲ” ဟုလည်း ၎င်းကပြောသည်။
နယ်စပ်ဖြတ်ကျော်ရန် ချဉ်းကပ်လေ့လာမှု
မြန်မာသို့ အကူအညီ ပိုမိုပေးပို့ရေးအတွက် ICRC သည် ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းကဲ့သို့သော အိမ်နီးချင်းများမှတဆင့် အကူအညီများပေးပို့ရေး ဖြစ်နိုင်ခြေနှင့်ပတ်သက်ပြီး အဖွဲ့အများအပြားနှင့် ထိတွေ့ ဆက်ဆံနေသည်။
“ဒီကိစ္စက အမြဲတမ်းပြောနေတဲ့ ကိစ္စပဲ။ နယ်စပ်ဖြတ်ကျော်ရေး ပြဿနာကို ဆွေးနွေးနေတယ်” ဟု မစ္စ စပိုဂျာရစ်က ပြောသည်။
ပြီးခဲ့သည့်မတ်လတွင် ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကျောထောက်နောက်ခံပြု လူသားချင်းစာနာမှု စင်္ကြံဖွင့်ရေး အစီအစဉ်အစိတ်အပိုင်းအဖြစ် မြန်မာသို့ အကူအညီအချို့ ပေးပို့ခဲ့သည်။
“ရရှိတဲ့သင်ခန်းစာကတော့ အကူအညီပေးရေး လုပ်ငန်းတွေလုပ်ဖို့ အားလုံးရဲ့ သဘောတူညီမှု လိုအပ်တယ်ဆိုတာပဲ။ ဒါဟာ အပစ်အခတ်ရပ်စဲရေးအတွက် စမှတ်တခုခုကိုလည်း ပေးနိုင်တယ်။ ဒေသအလိုက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ လုပ်နေတယ်” ဟု မစ္စ စပိုဂျာရစ်က ပြောသည်။
မြန်မာနိုင်ငံအတွင်းသို့ အကူအညီများပေးပို့ရန် ဖြစ်နိုင်ခြေရှိသည့် အခြားလမ်းကြောင်းတခုမှာ ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်မှတဆင့် ပေးပို့ရန်ဖြစ်ပြီး ထိုဒေသတွင် အာရက္ခတပ်တော် (AA) က နယ်မြေများကို အကြီးအကျယ် ထိန်းချုပ်ထားကာ စစ်တပ်ကို ပြန်လည် မောင်းထုတ်နေသည်။
ရခိုင်ပြည်နယ်မှ တိုက်ပွဲများသည် အများအားဖြင့် မွတ်ဆလင်များပါဝင်သည့် လူနည်းစု ရိုဟင်ဂျာ လူမှုအသိုက်အဝန်းကို ဘင်္ဂလားဒေ့ရှ်သို့ ထပ်မံထွက်ပြေးစေသည်။ ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော်ကို လက်ခံထားရပြီး ဖြစ်သည်။
“ကျမတို့ ကြိုးစားနေတာက လက်နက်ကိုင်တွေအားလုံး သူတို့ကို ထိန်းချုပ်ထားသူတွေနဲ့ ပဋိပက္ခမှာ သက်ဆိုင်သူအားလုံးနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ဖြစ်တယ်” ဟုလည်း မစ္စ စပိုဂျာရစ်က ပြောသည်။
“တချိန်တည်းမှာပဲ ပဋိပက္ခတိုင်းမှာ သြဇာသက်ရောက်နိုင်တဲ့ နိုင်ငံတွေကို ကျမတို့ စည်းရုံးတယ်” ဟု ၎င်းကပြောသည်။
ဆွစ် သံတမန်ဟောင်းတဦးဖြစ်သည့် မစ္စ စပိုဂျာရစ်က ထိုအဆိုပြုချက်ကို စစ်ကောင်စီခေါင်းဆောင်က မည်သို့တုံ့ပြန်ကြောင်း အသေးစိတ်ပြောကြားခြင်း မပြုဘဲ ထိုအဆိုပြုချက်ကို စစ်ကောင်စီဆန့်ကျင်သည့် လက်နက်ကိုင်အုပ်စုများ၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံတို့နှင့် ဆွေးနွေးနေကြောင်းပြောသည်။
“စစ်ကောင်စီဥက္ကဋ္ဌနဲ့ ဆွေးနွေးတာဟာ ဆက်သွယ်ရေးလမ်းကြောင်း တိုးတက်ပြီး အနည်းဆုံးတော့ သူတို့ဘက်က လှုပ်ရှားမှုနယ်ပယ် ဖွင့်ပေးဖို့ တစုံတခုလုပ်မယ်လို့ ကျမ မျှော်လင့်နေတယ်” ဟု မင်းအောင်လှိုင်ကို ရည်ညွှန်းပြီး မစ္စ စပိုဂျာရစ်က ပြောသည်။
ကိုးကား ။ ။ Reuters သတင်း Red Cross pushes for aid corridors into war-torn Myanmar
You may also like these stories:
မြန်မာအတွက် လူသားချင်းစာနာမှု အကူအညီ ထိထိရောက်ရောက် ဘယ်လိုပေးမလဲ
လူသားချင်းစာနာမှုကို အာရုံစိုက်ခြင်းက မြန်မာ့အကျပ်အတည်းကို ပိုမိုဆိုးရွား ရှည်ကြာစေနိုင်သည်
စစ်ကောင်စီ ကန့် သတ်ချက်ကြောင့် မိုခါမုန်တိုင်း နောက်ဆက်တွဲ ကူညီရေး အဟန့်အတားဖြစ်
ထောင်တွင်း ဝင်ခွင့်ပြုရေး ICRC တောင်းဆိုချက် စစ်ကောင်စီ ခွင့်မပြု
ထိုင်း၏ လူသားချင်းစာနာမှု အကူအညီ အစီအစဉ် အလုပ်ဖြစ်မည်မဟုတ်
သက်ဆိုင်သူများ မပါသည့် အကူအညီပေးရေး လုပ်ငန်းစဉ် ရပ်ရန် NUG နှင့် EAOs သုံးဖွဲ့တိုက်တွန်း