တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၂၀၁၂ ခုနှစ်တွင် ခေါင်းဆောင်ဖြစ်လာပြီးနောက် ပိုင်ဆိုင်မှုအချို့ကို ဆွေမျိုးများထံ ခွဲထားနိုင်ခြေရှိသော်လည်း သူ၏မိသားစုသည် စီးပွားရေးနှင့်ဘဏ္ဍာရေး ရင်းနှီမြှုပ်နှံမှု ဒေါ်လာ သန်းပေါင်းများစွာ ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတခု၏ လျှို့ဝှက် မဟုတ်သည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြသည်။
တူလ်စီ ဂက်ဘတ် ဦးဆောင်သည့် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (ODNI) က “တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်း၏ ချမ်းသာကြွယ်ဝမှုနှင့် အကျင့်ပျက်ခြစားသော လုပ်ရပ်များ” ဟု အမည်ရှိ အစီရင်ခံစာကို မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။
၂၀၁၂ ခုနှစ်က သတင်းပညာ အသုံးပြုထားသည့် သုတေသန ထွက်လာပြီးနောက် ထိုစဉ်က ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် ရှီကျင့်ဖျင်တို့သည် အလွန်များပြားသည့် ချမ်းသာကြွယ်ဝမှုများ စုဆောင်းထားပြီး “ရှီကျင့်ဖျင်သည် သူခေါင်းဆောင်ဖြစ်လာပြီးနောက် ထိုပိုင်ဆိုင်မှုများကို ခွဲထားရန် မိသားစုကို တိုက်တွန်းခဲ့ဖွယ်ရှိသည်” ဟု ထိုအစီရင်ခံစာက မှတ်ချက်ချသည်။
သို့သော် ၂၀၂၄ ခုနှစ်မှစတင်ပြီး သမ္မတ ရှီကျင့်ဖျင်၏ မိသားစုသည် စီးပွားရေးနှင့်ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်းပေါင်းများစွာကို ပြန်လည် ထိန်းသိမ်းခဲ့သည့် အထောက်အထားအချို့ကို သုတေသနများက ဖော်ပြသည်ဟု ထိုအစီရင်ခံစာတွင် ရေးသားထားသည်။
“ရရှိလာသည့် အချက်အလက်များအရ ထိုရင်းနှီးမြှုပ်နှံမှုများသည် ရှီကျင့်ဖျင်နှင့် တိုက်ရိုက် ဆက်စပ်မနေသော်လည်း ရှီကျင့်ဖျင်ကိုယ်စား သွယ်ဝိုက် စီမံနေခြင်းဖြစ်နိုင်သည်” ဟုလည်း ထိုအစီရင်ခံစာက ဖော်ပြသည်။
မစ္စတာ ရှီကျင့်ဖျင်သည် ၂၀၁၂ ခုနှစ်တွင် ပါတီအထွေထွေအတွင်းရေးမှူး ဖြစ်လာပြီး ၂၀၁၃ ခုနှစ်တွင် တရုတ်သမ္မတ ဖြစ်လာသည်။
ထိုအစီရင်ခံစာသည် အကျင့်ပျက်ခြစားမှု များပြားစေသည့် တရုတ်အစိုးရနှင့် စစ်တပ်အတွင်း တည်ဆောက်ပုံ သွင်ပြင်များကို စူးစမ်းလေ့လာသည်။ ဗဟို ချုပ်ကိုင်ထားသည့်အာဏာနှင့် သီးခြားလွတ်လပ်သော စစ်ဆေးမှု သို့မဟုတ် တာဝန်ယူမှု တာဝန်ခံမှု၊ “အထူးသဖြင့် ပြည်နယ်အဆင့်” တွင် ထိုသို့ဖြစ်ခြင်းသည် အရာရှိများ၏ ဝင်ငွေကို ၄ ဆမှ ၆ ဆအထိ တိုးစေသည်ဟု ODNI က ဖော်ပြသည်။
ပိုမိုမြင့်မားသော အဆင့်များသည် အစိုးရအဆင့်နိမ့် ဝန်ထမ်းများထက် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုမှ ငွေပိုမိုရစေပြီး ၎င်းတို့၏ အာဏာအသုံးပြုနိုင်သည့်အဆင့်နှင့်အချိုးညီသည်။
ODNI ၏ အဆိုအရ အကျင့်ပျက်ခြစားမှုများ မည်သို့ဖြစ်သည်ဆိုသည့် ဥပမာတခုမှာ တရုတ်နိုင်ငံ၏ ရာဘာတံဆိပ်တုံး ပါလီမန်ဖြစ်သော အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တွင် အဖွဲ့ဝင်ဖြစ်ခွင့် ဖြစ်သည်။ အာဏာနှင့် လုပ်ပိုင်ခွင့် သင်္ကေတဖြစ်ပြီး အများက မက်မောသော ထိုအမျိုးသားပြည်သူ့ကွန်ဂရက် ရာထူးသည် အရေးပါသော အစိုးရ စာရွက်စာတမ်းများကို ကြည့်ရှုခွင့်ရစေသည်။
“NPC အဖွဲ့ဝင်ဖြစ်ခြင်း၏ အလားအလာရှိသော အကျိုးကျေးဇူးများကြောင့် လူပုဂ္ဂိုလ်များသည် ထိုရာထူးရရန် လာဘ်ပေးလာဘ်ယူမှတဆင့် များစွာ အကုန်အကျခံကြရပြီး ထိုရာထူး ရလာသောအခါ ပြန်လည် လာဘ်ယူရန် သို့မဟုတ် တာဝန်ထမ်းဆောင်မှု ပြီးစီးသောအခါ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် လာဘ်ယူကြသည်” ဟု ထိုအစီရင်ခံစာတွင် ဖော်ပြသည်။
ခေါင်းဆောင်ဖြစ်လာပြီးနောက် မစ္စတာ ရှီကျင့်ဖျင်သည် ကာလကြာရှည်စွာ တည်ရှိနေသည့် အကျင့်ပျက်ခြစားမှုကို ဖြေရှင်းရန် လှုပ်ရှားမှု အကြီးအကျယ်လုပ်သည်။ ၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အစိုးရနှင့် ပါတီအတွင်းမှ လူ ၅ သန်းကို စုံစမ်းစစ်ဆေးပြီး အရာရှိ ၄ ဒသမ ၇ သန်းသည် အပြစ်ရှိကြောင်း တွေ့ရသည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြသည်။
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုသည် နိုင်ငံရေးပြိုင်ဘက်များကို အခြေခံအားဖြင့် ပစ်မှတ်ထားသည့် နိုင်ငံရေးအသုံးချခံဖြစ်သည်ဆိုသည့် ခန့်မှန်းမှုများ ရှိသော်လည်း ထိုအားထုတ်မှုသည် အစိုးရတခုလုံး ကျယ်ပြန့်သည်ဟု ODNI က သုံးသပ်သည်။
မစ္စတာ ရှီကျင့်ဖျင်၏ ရာထူးသက်တမ်းအစောပိုင်းတွင် သူ့ယခင် ခေါင်းဆောင်များနှင့် ပတ်သက်သည့် အဆင့်မြင့်အရာရှိများကို စုံစမ်းစစ်ဆေးမှုများနှင့် ဖမ်းဆီးမှုများဖြင့် ပစ်မှတ်ထားသည်ဟု ဆိုသော်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ၁၀ နှစ်တာ ပညာရပ်ဆိုင်ရာ သရုပ်ခွဲလေ့လာမှုအရ “ဂိုဏ်းဂဏ သို့မဟုတ် နောက်ခံတခုခုနှင့် ပတ်သက်သည့် အရာရှိများကို အာရုံစိုက်ခြင်း မတွေ့ရပေ” ဟု တွေ့ရှိချက်ကို အထက်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် “ရှီကျင့်ဖျင် ကိုယ်တိုင်အပါအဝင် အဆင့်မြင့် အရာရှိများနှင့် နိုင်ငံရေး အဆက်အသွယ်ရှိခြင်းသည် အရာရှိများကို အရေးမယူခံရအောင် ကာကွယ်ပေးနိုင်ခြင်း မရှိ” ဟု ODNI ဖော်ပြသည်။
တရုတ်အစိုးရသည် ဗိုလ်ချုပ်ကြီး လီရှန်းဖူကို အမျိုးသားကာကွယ်ရေးဝန်ကြီးအဖြစ်မှ လည်းကောင်း၊ ရေတပ်ဗိုလ်ချုပ် မြောင်းဟွာကို ဗဟိုစစ်ကော်မရှင် နိုင်ငံရေးလုပ်ငန်းဌာန ဒါရိုက်တာအဖြစ်မှ လည်းကောင်း ဖယ်ရှားခဲ့သည်။ ၎င်းတို့ နှစ်ဦးလုံးသည် မစ္စတာ ရှီကျင့်ဖျင်၏ လူယုံများ ဖြစ်သည်။ ထိုအချက်က သစ္စာခံမှု၊ ထိရောက်မှုနှင့် ပတ်သက်သည့်၊ အထူးသဖြင့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) နှင့်ပတ်သက်သည့် ပါတီ၏ စိုးရိမ်ပူပန်မှုများ၏ လေးနက်မှုကို ဖော်ပြနေသည်။
ကိုးကား ။ ။ Nikkei Asia သတင်း Xi’s family holds millions of dollars in business interests: U.S. intelligence
You may also like these stories:
အဂတိ၊ ဖြုတ်ထုတ်မှုနှင့် သံသယကြား တရုတ်စစ်တပ် စစ်တိုက်နိုင်မည်လော
ကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်ကြောင်း တရုတ်ကြေညာ
ရှီကျင့်ဖျင် တရုတ်ကွန်မြူနစ်ပါတီ မဟာခေါင်းဆောင်ကြီး ဖြစ်လာပြီ
စီးပွားရေးကို ကိုင်တွယ်ရန် သမ္မတ ရှီကျင့်ဖျင်က သုခမိန် ၃ ဦးကို ရွေး
အဂတိလိုက်စားမှု စုံစမ်းခံရသူ တရုတ် ဗိုလ်ချုပ်ကြီး ကြိုးဆွဲချ သေဆုံး