တရုတ် သမ္မတ ရှီကျင့်ဖျင်သည် အစဉ်အလာသစ်ဖြစ်စေမည့် သူ၏အာဏာ တတိယသက်တမ်းကို ခိုင်မာအောင် လုပ်ဆောင်ပြီး သစ္စာခံများဖြင့် ဖွဲ့စည်းထားသည့် ခေါင်းဆောင်သစ်များကို တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာသည်။
အရေးပါသော နိုင်ငံရေးအစည်းအဝေး ပြီးဆုံးပြီး နောက်တရက်တွင် ရှီသည် ထိပ်တန်းခေါင်းဆောင်များဖြစ်သော ကွန်မြူနစ်ပါတီ နိုင်ငံရေး ဦးဆောင်အဖွဲ့အမြဲတမ်းကော်မတီဝင်များ ရာထူးအဆင့်လိုက် လိုက်ပါပြီး ပြည်သူ့ခန်းမဆောင်သို့ ဝင်ရောက်လာသည်။
ရှန်ဟိုင်းမှ ပါတီအကြီးအကဲ လီချောင်သည် ရှီနှင့် ကပ်လျက်လိုက်ပါပြီး သတင်းသမားများပြည့်နေသော အခန်းအတွင်း ဝင်ရောက်လာသောကြောင့် သူသည် ဒုတိယခေါင်းဆောင်ဖြစ်ကြောင်း အတည်ပြုပြီး သူသည် တရုတ်နိုင်ငံ၏ နောက်ထပ်ဝန်ကြီးချုပ်ဖြစ်လာမည့် သဘောဆောင်သည်။
၎င်းတို့နောက်မှလိုက်လာသူမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကြီးအကဲ ကျောင်လာကျီ၊ သဘောတရားရေးဆရာ ဝမ်ဟူညင်၊ ဘေ့ဂျင်းပါတီအကြီးအကဲ ချာချီ၊ ရှီ၏ ထိပ်တန်း အကြံပေး ဒိန်ရွှယ်ရှောင်၊ ကွမ်တုံပြည်နယ်အကြီအကဲ လီရှီတို့ ဖြစ်သည်။ ၎င်းတို့အများစုသည် အသက် ၆၉ နှစ်ရှိပြီဖြစ်သော ရှီ ရာထူးအဆင့်ဆင့်တက်လာစဉ် ယခင်ကပင်နှစ်ပေါင်းများစွာ သူနှင့်အတူလုပ်ကိုင်ခဲ့သူ ဖြစ်သည်။
သမ္မတဟောင်း ဟူကျင်တောင်၏ တပည့် ဝန်ကြီးချုပ်ရာထူးအတွက် အားပြိုင်နေသည့် ဒုတိယဝန်ကြီးချုပ် ဟူချန်းဟွာသည် ရာထူးမှ ချထားခံလိုက်ရသည့် ပုံစံဖြစ်နေပြီး ရှီ၏ အတွင်းစည်းတွင်မပါတော့ဘဲ အဖွဲ့ဝင် ၂၄ ဦးပါသည့် နိုင်ငံရေးဦးဆောင်အဖွဲ့တွင် ပါမလာတော့ပေ။
နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရေးဦးဆောင်အဖွဲ့တွင် အမျိုးသမီးတဦးမျှ ပါဝင်ခြင်း မရှိတော့ပေ။ နိုင်ငံရေးဦးဆောင်အဖွဲ့မှ တဦးတည်းသော အမျိုးသမီးအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင် ကပ်ရောဂါကို အဓိက ကိုင်တွယ်သူ ဆွမ်ချွမ်လန် သည် အငြိမ်းစား ယူသွားပြီဖြစ်သည်။
၅ နှစ်တကြိမ်ကျင်းပသည့် အမျိုးသားကွန်ဂရက် စနေနေ့တွင်ပြီးဆုံးပြီးနောက် ရာထူးသက်တမ်းသစ်ကိုရရှိပြီးနောက် ယခုကဲ့သို့ နိုင်ငံရေးဦးဆောင်အဖွဲ့သစ်ကို ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
ရှီသည် သူ့မတိုင်မီ ဟူကျင်းတောင်နှင့် ကျန်ဇီမင်းခေတ်က ပါတီတွင်း ဂိုဏ်းဂဃများ၊ အချင်းချင်းတိုက်ခိုက်မှုများကို ချေမှုန်းပြီး သစ္စာခံများဖြင့် ဆက်လက်ဦးဆောင်ကြောင်း သုတေသီများ ပြောသည်။

“ရှီရဲ့ လူတွေကို အဆင့်အမြင့်ဆုံးရာထူးတွေမှ ခန့်လိုက်ခြင်းဟာ လာမယ့် ဆယ်စုနှစ်အတွင်း ရှီပုံစံ တရုတ်နိုင်ငံကို တင်းတင်းကျပ်ကျပ် ဆက်လက်အကောင်အထည်ဖေါ်မယ့်သဘောမျိုးဖေါ်ပြနေတယ်” ဟု ဂျာမဏီအခြေစိုက် Mercator Institute တရုတ်လေ့လာရေးဌာန သုတေသီ ဗယ်လာရီတန် ပြောသည်။ “အာဏာရလာသူတွေဟာ ရှီရဲ့နိုင်ငံရေးဦးဆောင်မှုနဲ့ သိသိသာသာ ပတ်သက်နေသူတွေဖြစ်တဲ့အတွက် ရှီရဲ့ အာဏာကို မေးခွန်းထုတ်မယ့် အစိုးရမဟုတ်ဘူး” ဟု သူပြောသည်။
တနင်္ဂနွေနေ့ကပြောကြားရာတွင် ရှီက သူ့အစိုးရသည် လာမည့်စိန်ခေါ်မှုများကို အထူးသတိထားမည် ဖြစ်ကြောင်းပြောသည်။ ထိုသို့ပြောခြင်းသည် ကျဆင်းနေသော စီးပွားရေးနှင့် တင်းမာနေသော အမေရိကန်နှင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးမှ ရုန်းကန်ကာ လုံခြုံရေးကို ဦးစားပေးမည်ဆိုသည့် ကွန်ဂရက်ဖွင့်ပွဲ မိန့်ခွန်းအတိုင်းပင်ဖြစ်သည်။
“ရှေ့ခရီးဟာ ရှည်ကြာခက်ခဲပေမယ့် ဆုံးဖြတ်ချက်ပြတ်သားတဲ့ ခြေလှမ်းတွေနဲ ကျနော်တို့ဟာ ပန်းတိုင်ကို ဆက်လက်ချီတက်မယ်။ လှိုင်းလေထန်တာ မုန်တိုင်းတွေကိုတောင်ကျနော်တို့ ကြောက်လန့်မှာ မဟုတ်ဘူး” ဟု သူပြောသည်။
ကမ္ဘာတွင် မကြုံဘူးသည့် စိန်ခေါ်မှုများ ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံသည် လူသားအားလုံး၏ ဘုံတန်ဖိုးများကို အမြဲတမ်း ဦးစားပေမည်ဖြစ်ကြောင်း သူပြောသည်။
“နိုင်ငံအားလုံးက ဘုံကောင်းကျိုးကို အကောင်အထည်ဖေါ်ရင် ကျနော်တို့ သဟဇာတဖြစ်ပြီး အပြန်အလှန် အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာအတွက် ပိုမိုတောက်ပတဲ့အနာဂတ်ကို လက်တွဲဖန်တီးကြမယ်။ တရုတ်ဟာ ကမ္ဘာနဲ့ သီးခြားမတိုးတက်နိုင်သလို ကမ္ဘာကလည်း သူ့တိုးတက်မှုအတွက် တရုတ်ကိုလိုအပ်တယ်” ဟု သူပြောသည်။
စနေနေ့တွင် ကိုယ်စားလှယ် ၂၃၀၀ နီးပါးသည် ခေါင်းဆောင်မှုအပြောင်းအလဲအတွက် အရေးပါသည့် အဖွဲ့ဝင် ၂၀၅ ဦးပါဝင်သော ဗဟိုကော်မတီသစ်ကို မဲပေးရွေးချယ်သည်။ ဗဟိုကော်မတီသစ်သည် တနင်္ဂနွေနေ့တွင် ပထမဆုံးအကြိမ် တံခါးပိတ် အစည်းအဝေးကျင်းပပြီး ရှီ ကအထွေထွေအတွင်းရေးမှူးအဖြစ် ဦးဆောင်မည့် အမြဲတမ်းနိုင်ငံရေးဦးဆောင်အဖွဲ့ကို ရွေးချယ်သည်။

ရှီ ပြီးလျှင် ထိပ်တန်းရာထူးအတွက် ပြိုင်ဘက်ဖြစ်သည့် လက်ရှိပါတီခေါင်းဆောင်အချို့ဖြစ်သော ဝန်ကြီးချုပ် လီကဲ့ချန်နှင့် ပါတီထိပ်တန်းခေါင်းဆောင်ဖြစ်သော ဝန်ယန်းတို့သည် နိုင်ငံရေးဦးဆောင်အဖွဲ့တွင် ပါဝင်လာခြင်း မရှိတော့ပေ။
မကြာမီက ပြီးဆုံးသွားသည့် ကွန်ဂရက်သည် ထိပ်တန်းအရာရှိများကို ရွေးချယ်ပေးပြီး ရှီသည် ပါတီနှင့် စစ်တပ်အကြီးအကဲဖြစ်လာသောကြောင့် အချို့အစိုးရာထူးများကို မတ်လတွင်ကျင်းပမည့် တံဆိပ်နှိပ်ရုံအဆင့်သာရှိသော လွှတ်တော်ဖြစ်သည့် အမျိုးသား ပြည်သူ့ကွန်ဂရက်တွင် အတည်ပြုမည်ဖြစ်သည်။
ရှီသည် ရာထူးသက်တမ်း နှစ်ကြိမ်ကန့်သတ်ချက်ကို ၂၀၁၈ ခုနှစ်က ပယ်ဖျက်ပြီး ရာသက်ပန် သမ္မတဖြစ်စေမည့် သူ၏ သမ္မတရာထူး တတိယသက်တမ်းကို အတည်ပြုမည်ဖြစ်သည်။
စနေနေ့တွင် ပါတီကေဒါများသည် ရှီအတွေးအခေါ်၊ ပြည်တွင်းစီးပွားတိုးတက်ရေးနှင့် မညီမျှမှု လျှော့ချရေးအပါအဝင် စီးပွားရေးမူဝါဒများထည့်သွင်းထားသည့် ပါတီဖွဲ့စည်းပုံပြင်ဆင်ခြင်းကို အတည်ပြုခဲ့သည်။
“အဲဒီဖွဲ့စည်းပုံက ရှီအတွေးအခေါ်နဲ့ ခေါင်းဆောင်မှုကို နိုင်ငံရေးအရ တရားဝင်စေတယ်။ ဒါဟာ ဥပဒေ ဖြစ်တဲအတွက် ဘယ်တင်းမာမှုမှာမဆို အင်အားသုံးဖို့ ရှီကို ဥပဒေ အခြေခံပေးတယ်။ ပါတီတွင်းက ဘယ်အတိုက်အခံကိုမဆို ဖြုတ်ချနိုင်တယ်။ ဖွဲ့စည်းပုံပါ အတွေးအခေါ်တွေကို ဆန့်ကျင်သူတွေကို ပါတီကို ချိုးဖေါက်သူအဖြစ် သတ်မှတ်နိုင်တယ်” ဟု တန်ပြောသည်။
ကိုးကား။ ။ Nikkei Asia နှင့် အေဂျင်စီသတင်းများ
You may also like these stories:
တရုတ်ကွန်မြူနစ် ကွန်ဂရက်မှ သမ္မတဟောင်း ဟူ ထွက်ခွာသွားမှု ခန့်မှန်းပြောဆိုနေ
“တရုတ်ကိုလည်း အရမ်းတော့ ဆဲဆိုပြီး မလုပ်နဲ့”
၅ နှစ်တကြိမ် ကျင်းပသည့် တရုတ်အမျိုးသားကွန်ဂရက်အကြောင်း သိကောင်းစရာ ၅ ခု
တရုတ်ကွန်မြူနစ်ပါတီ ညီလာခံနှင့် အလားအလာများ