ရှမ်းပြည်နယ် အရှေ့ပိုင်းမှ မိုင်းလား အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်ဒေသတွင် တရုတ်နိုင်ငံက လုပ်ကိုင်နေသည့် မြေရှားသတ္တုမိုင်းအသစ် ၁၉ ခုသည် လူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အတွက် လက်မခံနိုင်သည့် ခြိမ်းခြောက်မှုဖြစ်နေသည်ဟု ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း (SHRF) က ပြောသည်။
ဂြိုဟ်တု ဓာတ်ပုံများနှင့် မကြာသေးမီက ဗီဒီယိုများတွင် တွေ့ရသည့် ထိုသတ္တုတွင်းများမှ ညစ်ညမ်းရေသည် မဲခေါင်မြစ်၏ မြစ်လက်တက် လွေမြစ်အတွင်း စီးဝင်ကြောင်း ထိုလူ့အခွင့်အရေးအဖွဲ့က ပြောသည်။
ထိုအဖွဲ့၏ တွေ့ရှိချက်များအရ ၂၀၂၁ ခုနှစ်အစောပိုင်းက ထိုဒေသတွင် သတ္တုမိုင်း သုံးခုသာရှိရာမှ လွန်ခဲ့သော လေးနှစ်အတွင်း မြေရှားသတ္တတူးဖော်မှု အကြီးအကျယ် တိုးလာကြောင်း ပြသနေသည်။
လက်ရှိအချိန်တွင် ထိုသတ္တုမိုင်းများအနက် ၁၆ ခုကို တရုတ်နိုင်ငံသားများက စီမံကာ လုပ်ငန်းများလည်ပတ်နေပြီး အခြား သုံးခုမှာ တည်ဆောက်ဆဲဖြစ်သည်။
ထိုသတ္တုတွင်းများအားလုံးသည် တောင်မြေသားမှ မြေရှားသတ္တုထုတ်ယူရန် ကျင်းများတူးပြီး ဓာတုဆေးရည်များ ထည့်ကာ မြေအောက်သတ္တုများကို ပျော်ဝင်စေပြီး ထိုပျော်ရည်များကို မျက်နှာပြင်သို့ စုပ်ယူသည့် အန္တရာယ်ကြီးမားသော နည်းလမ်းဖြစ်သည့် “in-situ သန့်စင်ခြင်းနည်းလမ်း” ကို အသုံးပြုသည်။
ထိုနေရာများမှ လုပ်သားများက လူမှုကွန်ရက်တွင်တင်သည့် ဗီဒီယိုများတွင် ထိုသို့ သတ္တုထုတ်ယူသည့် ဓာတုပစ္စည်း အိတ်ထောင်ပေါင်းများစွာကို အထက်ပါ လူ့အခွင့်အရေးအဖွဲ့ကတွေ့ပြီး တောင်စောင်းများတွင် ဓာတုဆေးရည်များ ထည့်သွင်းသည့်ပိုက်များ ဖုံးအုပ်ထားသည်ကို တွေ့ရသည်။
“မြေရှားသတ္တု ထုတ်ယူဖို့ အမိုနီယမ် ဆာလ်ဖိတ်နဲ့ အမိုနီယမ် ဖော်မိတ်ကို မြေကြီးထဲကို တိုက်ရိုက် ထိုးထည့်ရတယ်။ အဲဒီနည်းလမ်းက မြေကိုသာမက မြေအောက်ရေကိုပါ ပျက်စီးစေတဲ့နည်းလမ်းဖြစ်တယ်” ဟု SHRF ပြောခွင့်ရသူ ယင်လန်းဟန်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ထိုမြေများသည် နောင် ၁၀ နှစ်ကျော်သည်အထိ ညစ်ညမ်းနေပြီး ဒေသခံများသည် သွေးနှင့်ပတ်သက်သည့် ရောဂါများ ခံစားရကြောင်း ကချင်ပြည်နယ်မှ မြေရှားသတ္တုမိုင်းဟောင်းများအား ထိုင်းတက္ကသိုလ်လေ့လာမှုတခုကို ကိုးကား၍ သူကပြောသည်။

ထိုသတ္တုမိုင်းများသည် ပင်လယ်မြေမျက်နှာပြင်အထက် ပေ ၄,၀၀၀ မှ ၅,၀၀၀ အမြင့်တွင်ရှိနေပြီး တရုတ်နယ်စပ်မှ ၄ ကီလိုမီတာအဝေးတွင် ရှိသည်။ ထိုသတ္တုတူးဖော်သည့် နေရာများမှ ရေကို တောင်ဘက်ရှိ လွေမြစ်အတွင်း စီးဝင်သည့် နပ်ချောင်းအတွင်းသို့ ဖောက်ထုတ်သည်။
ထိုမြစ်ချောင်းများသည် NDAA က ၁၉၈၉ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် အထူးဒေသ ၄ တွင် တည်ရှိသည်။
တောင်ထိပ်များမှ သစ်တောများကို ဦးစွာရှင်းလင်းပြီး တူးဖော်မှုစတင်ကာ တောင်တခုလုံးသည် ကြွက်သိုက်သဖွယ် ဖြစ်သွားသောကြောင့် မြေရှားသတ္တုတူးဖော်ခြင်း၏ ထိခိုက်မှု ပြင်းထန်သည်ဟု ကချင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ ဇုန်းသိန်းက ပြောသည်။
အက်ဆစ်ရေများကို မြေကြီးအတွင်း လောင်းထည့်လိုက်သောကြောင့် မြေသြဇာကောင်းစေသည့် ပိုးမွှားများကို သေစေပြီး မြေလွှာများကို ပျက်စီးစေကြောင်း၊ ပြန်လည်သန့်စင်ထားခြင်း မရှိသည့် စွန့်ပစ်ရေများကို တောင်ခြေမှ စမ်းချောင်းများနှင့် မြစ်များအတွင်း စွန့်ပစ်ပြီး ရေကြောင်းဂေဟစနစ်ကို ပျက်စီးစေကြောင်း ၎င်းက ပြောသည်။
ငါးများနှင့် အခြားမျိုးစိတ်များ သေဆုံးခြင်းသည် အစာကွင်းဆက် ပြိုလဲစေပြီး သီးနှံများက စုပ်ယူသည့် အဆိပ်ရည်သည် စားနပ်ရိက္ခာနှင့် ဒေသခံလူမှုအသိုက်အဝန်းများ၏ ကျန်းမာရေးကို ထိခိုက်စေကြောင်းလည်း ၎င်းက ပြောသည်။
မြေပြိုခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် ပိုမိုများပြားလာသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်လာသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ဇုန်းသိန်းက သတိပေးသည်။
မဂ္ဂနိစ်ထုတ်ယူခြင်းကဲ့သို့ အခြားဘေးအန္တရာယ်ရှိသည့် သတ္တုတူးဖော်မှုများ NDAA ထိန်းချုပ်ဒေသ လွေမြစ်တလျှောက် ဖြစ်ပွားနေပြီး ရေထုညစ်ညမ်းမှုဖြစ်စေကြောင်း SHRF က ပြောသည်။
ယခုအခါ မြေရှားနှင့် အခြားတွင်းထွက်များ အလွန်အကျွံ ထုတ်ယူမှုကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်းမှ ဒေသများသည် ရေလွှမ်းမိုးခြင်း၊ မြစ်ရေလျှံခြင်းနှင့် ယခင် မကြုံဖူးသည့် ရေထုညစ်ညမ်းမှုကို ရင်ဆိုင်နေရပြီး ထိုင်းနယ်စပ်တလျှောက်မှ မြစ်များတွင် အာဆင်းနစ် ညစ်ညမ်းမှု မြင့်မားနေကြောင်း တွေ့ရသည်ဟု ယင်လန်းဟန်က ပြောသည်။
“တရုတ်နိုင်ငံဟာ မြေရှားသတ္တုတူးဖော်တဲ့လုပ်ငန်းတွေကနေ အကျိုအမြတ်ရနေပြီး ဒေသနဲ့ ဒေသခံလူမှုအသိုက်အဝန်းတွေကို ပြင်းထန်တဲ့အန္တရာယ် ကျရောက်စေတယ်။ ဒေသအာဏာပိုင်တွေ အနေနဲ့ မြေရှားသတ္တုစီမံကိန်း လုပ်ပိုင်ခွင့်တွေကို ပြန်လည်သုံးသပ်ဖို့ ကျမတို့ တိုက်တွန်းချင်တယ်” ဟု ၎င်းက ပြောသည်။
တချိန်တည်းတွင် အကြီးမားဆုံးနှင့် လက်နက်အကောင်းဆုံး တပ်ဆင်ထားသည့် တိုင်းရင်းသာလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်သော ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်သည့် ရှမ်းပြည်နယ် အရှေ့ပိုင်းမှ တရုတ်နိုင်ငံသားများ လုပ်ကိုင်သည့် သတ္တုမိုင်းများသည် ထိုင်းနိုင်ငံမှမြစ်များ ညစ်ညမ်းခြင်းအတွက် အပြစ်တင်ခံနေရသည်။

UWSA ထိန်းချုပ်ထားသည့် မိုင်းပေါက်မှ မြေရှားသတ္တုမိုင်းများသည် ၂၀၁၅ ခုနှစ်က သုံးခုသာရှိရာမှ ၂၀၂၅ ခုနှစ်တွင် ၂၉ ခုအထိ များလာပြီး ရှစ်ဆတိုးလာသည်ဟု ဂြိုဟ်တု ဓာတ်ပုံများကို အသုံးပြုပြီး SHRF က ပြောသည်။
မြေရှားသတ္တုတွင်းများသည် ကချင်ပြည်နယ်မြောက်ပိုင်း (အထူးဒေသ-၁) ကို စစ်အုပ်စုမဟာမိတ် ဒီမိုကရေစီသစ်တပ်မတော် (ကချင်) ထိန်းချုပ်ထားစဉ်က ပျံ့နှံ့လာကြောင်း ကချင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ ဇုန်းသိန်းက ပြောသည်။
သို့သော် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် အထူဒေသ ၁ ကို လွတ်မြောက်စေသောအခါ မြေရှားသတ္တုတူးဖော်ခြင်းကို ကန့်သတ်လိုက်သည်။
“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတဦးအနေနဲ့ မြေရှားသတ္တုတူးဖော်တာကို ကျနော် ဆန့်ကျင်တယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အရမ်းပြင်းထန်ပြီး ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်းတွေနဲ့ ဂေဟစနစ်တွေကို ရေရှည်ထိခိုက်စေတယ်” ဟု ဇုန်းသိမ်းက ပြောသည်။
“ရေ၊ မြေ၊ သစ်တောတွေ၊ လယ်ယာစိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ အရာရာဟာ ညစ်ညမ်းလာတယ်။ ထိခိုက်မှု အရမ်းကြီးမားလို့ အခြားနိုင်ငံတွေက ရှောင်ရှားပြီး လုံးဝပိတ်ပင်ဖို့ ကျနော်တို့ တောင်းဆိုတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Chinese Rare Earth Mines Proliferate in Eastern Shan State, Rights Group Warns ကို ဘာသာပြန်သည်။)
“This story was produced with support of the Internews Earth Journalism Network.”
You may also like these stories:
မဲခေါင်မြစ်အနီး မိုင်းလားနယ်မြေ၌ မြေရှားသတ္တုတွင်း ၁၉ ခုရှိ
မြန်မာတွင် မြေရှားသတ္တုတူးဖော်မှု မြင့်မားလာကြောင်း ဂြိုဟ်တုပုံများပြသနေ
မြေရှားသတ္တုတွေ တိုးချဲ့တူးဖော်နေ (ရုပ်/သံ)
ပေါက်ဖော်၊ ဘာဘူ၊ CIA နှင့် မြန်မာ့ မြေရှားသတ္တု
တရုတ် မြေရှားသတ္တု ချုပ်ကိုင်မှုတွင် ပြည်တွင်းစစ် ဖြစ်နေသည့် မြန်မာ အရေးပါ
မြေရှားသတ္တုရဲ့ အရေးပါမှုနဲ့ အန္တရာယ် (ရုပ်/သံ)
UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ
“ဒီမြေရှားသတ္တုကပဲ ကျနော်တို့ ကြမ္မာဆိုးတွေ ပိုပြီးတော့ ဖန်တီးစေတယ်”
မြန်မာ့မြေရှားသတ္တုက ရတနာသိုက်လား ကျိန်စာလား (ရုပ်/သံ)














