မြန်မာ့ပြောင်း အများဆုံးဝယ်ယူနေသည့် ထိုင်းနိုင်ငံအနေဖြင့် မီးရှို့ ပြီး စိုက်ပျိုးထားသော ပြောင်းခင်းများမှ ပြောင်းများကို ထိုင်းဘက်သို့ တင်ပို့ခွင့် မပြုနိုင်ကြောင်း ရှမ်းပြည်နယ်မှကုန်သည်၊ လုပ်ငန်းရှင်များနှင့် ထိုင်းအစိုးရ တာဝန်ရှိသူတို့ ယမန်နေ့ အစည်းအဝေးတွင် ထိုင်းဘက်မှ ပြောဆိုခဲ့ကြောင်း ကုန်သည်များထံက သိရသည်။
နှစ်စဉ် ဇန်နဝါရီလမှ ဧပြီလအထိ မြန်မာ၊ ထိုင်းနှင့် လာအိုတို့ရှိ ပြောင်းခင်းများ မီးရှို့ရာမှ ထွက်လာသော မီးခိုးမြူများကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လေ့ရှိပြီး အဆိုပါမီးခိုးငွေ့များကြောင့် ပြည်သူများ ကျန်းမာရေး ပြဿနာများ ကြုံတွေ့နေရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သည်ကြီး တဦးက “ ဒီဘက်က ပြောင်းအများဆုံးထိုင်းကိုပို့တော့ မြန်မာဘက်က ပြောင်းစိုက်ခင်းတွေမှာ နည်းနည်းလေး သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် မီးမရှို့စေချင်ဘူးပေါ့။ မီးရှို့တဲ့ ဧရိယာကို သူတို့က တင်သွင်းခွင့်မပေးဘူး။ ဒါတွေပဲ ဆွေးနွေးဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကုန်သွယ်ရေးပိုင်းတွင် ရှမ်းပြည်တောင်ပိုင်းထွက်ကုန်များကို တာချီလိတ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ လိုင်စင်ရှိပါက တင်ပို့ခွင့်ရှိကြောင်း၊ ပို့ကုန်ရငွေရှိလျှင် သွင်းကုန် ခွင့်ပြုထားကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်၊ လန်ပန်း၊ လန်ဖွန်း၊ မယ်ဟောင်ဆောင်စသော ခရိုင် ၈ ခုမှ လုပ်ငန်းရှင် ကုန်သည်များနှင့် ရှမ်းပြည်နယ်ကုန်သည်လုပ်ငန်းရှင်များ အကျိုးတူ လုပ်ငန်းများ ရှိပါက ထိုင်းဘက်က နည်းပညာပိုင်း ကူညီပေးမည်ဖြစ်သလို အသေးစားနှင့် အလတ်စား စီးပွားရေး ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း အထက်ပါကုန်သည်က ပြောသည်။

အဆိုပါဆွေးနွေးပွဲသို့ ထိုင်းအစိုးရဘက်မှ ထိုင်းသံအမတ်ကြီး၊ စီးပွားရေးသံမှူးအပါအဝင် ကြည်း၊ ရေ၊ လေ စစ်သံမှူးများနှင့် မြန်မာဘက်မှ ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး အပြန်အလှန်အကျိုးရှိရေး လုပ်ဆောင်ရန် ဆွေးနွေးခဲ့သည်ဟု ကုန်သည်များက ပြောသည်။
မြန်မာနိုင်ငံတွင် ပြောင်းကို ရှမ်းပြည်နယ်၌ အများဆုံးစိုက်ပျိုးပြီး စိုက်ပျိုးဧက ၇ သိန်းကျော်ရှိကာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း စိုက်ပျိုးကြကြောင်း၊ မြန်မာပြောင်းကို ထိုင်းနှင့် တရုတ်နိုင်ငံများသို့ အများဆုံးတင်ပို့ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ ဈေးကွက်ဝယ်လိုအားမှာ နှစ်စဉ် ပြောင်းတန်ချိန် ၈ ဒသမ ၉ သန်းရှိပြီး ပြည်တွင်းထုတ်လုပ်မှုမှာ တနှစ်လျှင် တန်ချိန် ၄ ဒသမ ၉ သန်းခန့်သာရှိသောကြောင့်မြန်မာအပါအဝင် အိမ်နီးနိုင်ငံများမှ ပြောင်းတန်ချိန် ၁ ဒသမ ၆ သန်းခန့် တင်သွင်းနေရကာ မြန်မာနိုင်ငံမှ ပျမ်းမျှတန်ချိန် ၆ သိန်းမှ ၇ သိန်းခန့် တင်သွင်းကြောင်း သိရသည်။
You may also like these stories:
ပြောင်းခင်းမီးမှ မီးခိုးမြူများ ချင်းမိုင်ကို ဒုက္ခပေးနေ
တင်းကျပ်သည့် ပို့ကုန်မူဝါဒကြောင့် ပြောင်းတင်ပို့မှု ကျဆင်းလာနေ
ထိုင်းသို့ ပြောင်းတင်ပို့မှု အပေါ် အခွန်ပြန်လည်တိုးမြှင့်ကောက်ခံ













