မဲဆန္ဒနယ်ပြင်ပ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ယနေ့ ကြိုတင်မဲ စတင်ပေးကြရပြီး မဲမပေးပါက ကျောင်းအပ်လက်မခံသည့် အခြေအနေ ရင်ဆိုင်နေကြရကြောင်း ပြင်ဦးလွင်မြို့ နေ တက္ကသိုလ်ဒုတိယနှစ် ကျောင်းသားတဦး၏ မိခင်ဖြစ်သူက ဧရာဝတီကို ပြောသည်။
၎င်းက “မေမေရေ သားတော့မဲပေးမှရမှာ၊ အဲဒါမှ ကျောင်းအပ်ရမှာတဲ့။ တက္ကသိုလ်ကျောင်းသားဆိုရင် မဖြစ်မနေမဲပေးပြီးမှ ကျောင်းအပ်ရမှာ၊ အဲဒီလိုစာထွက်ထားတာ၊ ကြိုတင်မဲပေးပြီးမှ ကျောင်းလာအပ်ဆိုပြီး။ အဲဒါကြောင့် ကလေးတွေအပေါ် ထိခိုက်မလား၊ မိသားစုကိုထိခိုက်မှာလား၊ မပေးရင် နောက်ပိုင်း စာရင်းတွေနဲ့ တက်လာမှာကြောက်တာ။ အဲဒီတော့ ပေးရတော့မှာပေါ့” ဟု ဆိုသည်။
အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC)က ရွေးကောက်ပွဲ စတင်ကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျောင်းတက်နေကြရပြီဖြစ်ရာ မဲဆန္ဒနယ်ပြင်ပ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တက်ရောက်မည့် ကျောင်း သူ၊ ကျောင်းသားများအနေဖြင့် နိုဝင်ဘာ ၁၇ မှ ၂၁ ရက်ထိ မှတ်ပုံတင်နှင့် သက်ဆိုင်ရာကျောင်းမှ ထုတ်ပေးသည့် ကျောင်း သားကတ် (သို့မဟုတ်) ကျောင်းဝင်ခွင့်အထောက်အထားပြသကာ ကြိုတင်မဲပေးနိုင်ကြောင်း ကြေညာထားသည်။
UEC အနေဖြင့် ကြိုတင်မဲနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပါဝင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားများ စာရင်းကောက်ယူထားသည့်အပြင် စစ်ဘေးရှောင်ပြည်သူများထံမှလည်း မိသားစုလိုက် မဲစာရင်း ကြိုတင် ကောက်ယူထားမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ယနေ့ စတင်သည့် ကြိုတင်မဲအစီအစဉ်တွင်ပါဝင်သော ကျောင်းသူ၊ ကျောင်းသားအများစုမှာ ပထမဆုံးအကြိမ် မဲပေးရသူ များ (First Voter) ဖြစ်ကြပြီး စစ်အာဏာသိမ်းမှုအား ကန့်ကွက်သည့်အနေဖြင့် ကျောင်းနားထားပြီးမှ အကြောင်းအမျိုးမျိုး ကြောင့် တက္ကသိုလ်ပြန်တက်မည့်သူအချို့လည်း ပါဝင်သည်။
ဝန်ထမ်းများအား ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင်ပါဝင်ရန် ကြိုတင်စာရင်းကောက်ယူမှုသည် မဲပေးရန် ဖိအားပေးခြင်းဖြစ်ပြီး မဖြစ်မနေမဲပေးရမည်ဖြစ်သော်လည်း ပါတီစုံပါဝင်မှုမရှိသည့်အပြင် တရားမျှတမှုမရှိကြောင်းယူဆသဖြင့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိကြောင်းလည်း Non-CDM ကျောင်းဆရာမတဦးက ပြောသည်။
၎င်းက “ဒါဟာ တရားမျှတမှုမရှိဘူးလို့ ကျမထင်တယ်။ အားလုံးရဲ့ဆန္ဒမပါဘဲနဲ့ ပါတီတွေအားလုံး ရွေးခွင့်မရတာ၊ ပါတီမစုံ ဘူးပေါ့။ ဒီပုတ်ထဲက ဒီပဲတွေချည်းဖြစ်နေတယ်။ ဘယ်ဟာပဲဆိုဆို ကိုယ်မနှစ်သက်တဲ့ပါတီတွေ ဖြစ်နေတာပေါ့။ ကိုယ် အုတ်အော်သောင်းနင်းပေးထားတဲ့ အရင်တခါလိုပဲ ဖြစ်စေချင်တယ်။ အဲဒါ အမှန်အကန် ပြည်သူ့ရဲ့ဆန္ဒ အစစ်အမှန်ကိုပဲ ကြိုက်တယ်။ အခုက မဖြစ်မနေပေးဆိုရင်တော့ တခုတော့ နှိပ်ရတော့မှာ၊ မနှိပ်ရင်လည်း သူက အသံမြည်နေမှာလေ။ တခုခု နှိပ်လိုက်မှ ကိုယ့်အလှည့်ပြီးမှာ၊ မနှိပ်ဘဲထားခဲ့လည်းမရဘူး” ဟု ဆိုသည်။
အာဏာသိမ်းစစ်တပ်သည် နိုင်ငံတကာကန့်ကွက်မှုများ၊ လူထုဆန့်ကျင်အုံကြွမှုများကြားကပင် နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကို အတင်းအကျပ်ဖိအားပေးကာ မဖြစ်မနေကျင်းပမည်ဖြစ်ပြီး လူထုအနေဖြင့် ဖိနှိပ်မှုအမျိုးမျိုးအောက်မှ လွတ်မြောက်ရေးအတွက် စစ်အနိုင်တိုက်ရေးကိုသာ ပိုမိုပူးပေါင်းလုပ်ဆောင်ကြရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်၊ အတွင်းရေးမှူး(၃) ကိုဝေယံဖြိုးမိုးက ပြောသည်။
၎င်းက “လူထုက လက်မခံဘူးဆိုတာ ပုံစံမျိုးစုံနဲ့ဖော်ပြနေတဲ့ကြားက လုပ်တာဖြစ်တဲ့အတွက် ဒီလို အတင်းအကျပ် ဖိအားပေးမှုတွေ ရှိနေမှာပဲ။ ကျောင်းသားတွေ၊ ဆရာ/ဆရာမတွေတင်မဟုတ်ဘဲ တခြားလူထုလူတန်းစားအသီးသီးကို အတင်းအကျပ် ဖိအားပေးတဲ့ပုံစံနဲ့ပဲ စစ်အုပ်စုက သူတို့ရဲ့ထွက်ပေါက်လို့ ယုံကြည်ထားတဲ့ ရွေးကောက်ပွဲကိုတော့ အတင်းအကျပ်လုပ်မှာပဲ။ ဒီလိုဖိနှိပ်မှုအမျိုးမျိုးကနေ လွတ်မြောက်ဖို့ စစ်အနိုင်တိုက်ရေးအတွက် လူထုက ပိုပြီး ပူးပေါင်းပါဝင်ကြဖို့ လိုတယ်” ဟု ပြောသည်။
အာဏာသိမ်းစစ်တပ်သည် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲအပိုင်း(၁)အဖြစ် ၁၀၂ မြို့နယ်၊ ဇန်နဝါရီ ၁၁ ရက်၌ အပိုင်း (၂)အဖြစ် မြို့နယ် ၁၀၀ နှင့် ကျန်မြို့နယ်များအား နှစ်ပတ်အကြာတွင် အပိုင်း(၃)အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ရွေးကောက်ပွဲကြိုတင်မဲအနေဖြင့် ကျောင်းသူ၊ ကျောင်းသားများမှာ ယနေ့ စတင်မဲပေးနိုင်ပြီဖြစ်ပြီး ယာယီနေရပ်စွန့်ခွာနေရ သူများ၊ မဲဆန္ဒနယ်ပြင်ပရောက်နေပြီး ကျောင်း၊ သင်တန်းတက်နေသူများ၊ အချုပ်ကျနေသူများ၊ ဆေးရုံတက်ရောက်ကုသနေ ရသူများမှာ နိုဝင်ဘာ ၂၅ ရက်မှ ၂၉ ရက်အတွင်း ကြိုတင်မဲပေးရမည်ဖြစ်ကြောင်း UEC က ကြေညာထားသည်။
You may also like these stories:
မြန်မာ့ရွေးကောက်ပွဲသမိုင်း အတက်အကျကို ပြန်လေ့လာခြင်း
ရွေးကောက်ပွဲအတုမှာ ဗိုလ်ချုပ်တွေ၊ စစ်ဝန်ကြီးတွေ ရှေ့ဆုံးက ဝင်ပါ
ရွေးကောက်ပွဲမဲဆွယ်မှု ကြံ့ခိုင်ရေးပါတီကိုသာ တွေ့နေရ
ရုပ်ရှင်လောကကို အသုံးချပြီး စကမ ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး လုပ်လာ
ရွေးကောက်ပွဲဥပဒေ ပြည်သူတို့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ခြိမ်းခြောက်နေ
ကြံ့ခိုင်ရေးနှင့်ပါတီများ ကျားဖြန့်အရေး မူဝါဒရှိပုံ မရ














