ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် အခြေစိုက်ထားသော အမှတ်(၁) စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ်(စကခ ၁) လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ ၅၀၁၊ ခမရ ၅၀၂ တို့ကို ယနေ့ နံနက်ပိုင်း ၆ နာရီခန့်မှ စတင်ကာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သောတော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေကြောင်း ဒေသခံများထံက သိရသည်။
ကျောက်မဲမြို့ခံတဦးက “ ဒီနေ့မနက်ပိုင်း အစောကြီးကတည်းက အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်နေတာလေ၊ တိုက်ပွဲတွေက ဖြစ်နေတာဆိုတော့ မြို့လူထုကတော့ ဘယ်သူမှ အပြင်မထွက်ကြတော့ဘူး။ အိမ်ထဲမှာပဲ နေနေကြတယ်၊ အပြန်အလှန် ပစ်ကြတာပေါ့၊ လက်ရှိ စစ်တပ်ဘက်က ဒရုန်းတွေပါ သုံးပြီး ပြန်တိုက်နေတာကို တွေ့ရတယ်၊ နှစ်ဘက်စလုံး ထိခိုက်သေဆုံးတာတွေ ရှိတယ်၊ အတိအကျတော့ မသိရဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ဇွန်လ ၂၅၊ ၂၆ ရက်တိုက်ပွဲများအတွင်း ကျောက်မဲမြို့နယ်ရှိ စစ်တပ်၏ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် ၃၅၂ အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်း တို့ကို TNLA က သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ငြိမ်းချမ်းရေးကုန်းရှိ အောင်မြေသာယာဘုန်းတော်ကြီးကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ထိခိုက် ပျက်စီးခဲ့ရကြောင်း သိရသည်။
နောက်ထပ် မြို့ခံတဦးက “ TNLA က ကျောက်မဲရဲစခန်းနဲ့ မြို့အထွက်က အမြောက်တပ်ကို သိမ်းနိုင်တယ်ဆိုတာ မှန်ပါတယ်၊ ဆေးရုံနဲ့ အစိုးရရုံးတွေမှာ စစ်တပ်က မရှိတော့ဘူးဆိုတော့ TNLAက နေရာဝင်ယူထားတယ်၊ မြို့ကို သိမ်းပြီးရင်တော့ အဲဒီမြို့ရဲ့လုံခြုံရေးက သိမ်းတဲ့သူတွေရဲ့ တာဝန်ဖြစ်သွားပြီ၊ ဒါကြောင့် တာဝန်ယူမှု တာဝန်ခံမှု ရှိရပါမယ်၊ အဓိကတော့ ပြည်သူတွေ ထိခိုက်နစ်နာတာမျိုးတွေ မဖြစ်စေချင်တာပါ၊ ကောလင်းတို့ မိုးမိတ်တို့လိုမျိုး မဖြစ်စေချင်တာပါ”ဟု ပြောသည်။
ထို့ပြင် ယနေ့ နံနက် ၅ နာရီမှစတင်ပြီး TNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက နောင်ချိုမြို့နယ်ရှိ ခမရ ၁၁၄နှင့် ၆၀၆ အမြောက်တပ်ရင်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊ နောင်ချိုမြို့နယ်ရှိ ခမရ ၁၁၅ တပ်ရင်း ၊ ကံ့ကော်တပ်စခန်း၊ ခဲမွန်စစ်တပ်စခန်း၊ ကျောက်ကြမ်းတပ်စခန်း၊ ရဲစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီး စသည့်နေရာများကိုလည်း TNLA က သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စတင်ခဲ့သော မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး”သည် တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ဇန်နဝါရီ ၁၁ ရက်တွင် ဟိုင်ဂင်သဘောတူညီချက် လက်မှတ်ထိုး၍ အပစ်အခတ် ယာယီရပ်စဲခဲ့သော်လည်း ၅ လကျော်အကြာ ဇွန်လ ၂၅ ရက်မှ စတင်ကာ မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့နယ်များတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်း ဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ “အဖြစ် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါစသည့်မြို့နယ်များတွင် တိုက်ပွဲဖော်ဆောင်ရာ TNLA မှ စစ်ကောင်စီတပ်စခန်း ၂၄ ခု တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်း အများအပြားနှင့် စစ်သုံ့ပန်း ၁၇ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများ ဖြစ်ပွားရခြင်းမှာ စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်ကာ မကြာခဏ စစ်ကြောင်းထိုး ပစ်ခတ်တိုက်မှုများကြောင့် ခုခံစစ်အနေဖြင့် ပြန်လည်ဆင်နွှဲရခြင်းဖြစ်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” အပိုင်း ၂ ဟု TNLA က သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ် လက်နက်ချသူ ၆၅၀ ကျော်ရှိ
စစ်တပ်နှင့်ပျူစောထီးတို့ မတ္တရာ၌ အင်အားဖြည့် ခံစစ်ပြင်
စစ်ကောင်စီ တပ်ရင်း ဌာချုပ်များ ကျရှုံးမှုကို ရေတွက်ကြည့်ခြင်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













