ယဉ်ကျေးမှု အမွေအနှစ်ကို မထိခိုက်ဘူး ဆိုရင် ဆက်လက် တည်ရှိလို့ ရတယ်

ကျော်ဖြိုးသာ & ဇူးဇူး
ရှေးဟောင်း သုတေသနနှင့် ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ခံ ညွှန်ကြားရေးမှူး ဦးအောင် အောင်ကျော် / ဇော်ဇော် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်း အမွေအနှစ် ဒေသတခုဖြစ်သည့် ပုဂံယဉ်ကျေးမှုဇုန်ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် (World Heritage Lsit) အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (ယူနက်စကို)မှ အသိအမှတ်ပြု ကြောင်း အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့တွင် ကျင်းပခဲ့သည့် အဖွဲ့ဝင် နိုင်ငံ ၂၁ နိုင်ငံ ပါဝင်သော ကမ္ဘာ့အမွေအနှစ် ကော်မတီ၏ ၄၃ ကြိမ်မြောက် အစည်းအဝေးတွင် ကြေညာခဲ့သည်။

ထိုကဲ့သို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ပြီးနောက် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ကြုံတွေ့ရမည့် စိန်ခေါ် မှုများ၊ ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းများ၊ ဒေသခံတို့၏ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ် ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ခံ ညွှန်ကြားရေးမှူး ဦးအောင် အောင်ကျော်ကို ဧရာဝတီက သွားရောက် တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ ပုဂံယဉ်ကျေးမှုဇုန်ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရပြီးနောက် ဘာတွေ ပြောင်းလဲမှု ရှိ လာမလဲ။

ဖြေ။ ။ အရင်တုန်းက မြန်မာနိုင်ငံရဲ့ အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်ကနေ ကမ္ဘာ့အဆင့် အသိအမှတ်ပြု တဲ့ အမွေအနှစ်စာရင်းဝင် ဖြစ်လာပြီ။ အရင်တုန်းက နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့ အမွေအနှစ်ကနေ တကမ္ဘာလုံးမှာ ရှိတဲ့ လူသားတိုင်းနဲ့ သက်ဆိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ဖြစ်လာပြီ။ ကမ္ဘာ့အမွေအနှစ် တင်သွင်းတဲ့ အဓိက ရည်ရွယ်ချက်က ကျနော်တို့ရဲ့ ရှေးဟောင်း အဆောက်အအုံတွေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေကို ကမ္ဘာတည်သရွေ့ တည်တံ့ချင်တယ်။ ရေရှည် တည်တံ့ချင်တယ်။

ဒါကြောင့် အမြင့်ဆုံး ထိန်းသိမ်းစောင့်ရှောက်မှု ရနိုင်အောင်လို့ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်ကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်သွားတာဖြစ်လို့ ရေရှည်တည်တံ့ နိုင်ဖို့ရာ အမြင့်ဆုံး ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မှုကို ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ အခုလို ကမ္ဘာ့အမွေအနှစ် အဖြစ် အသိအမှတ်ပြုခံရတာနဲ့ ပတ်သက်လို့ ဒေသခံတွေမှာ အပျော်တွေနဲ့အတူ ၁၉၉၀ တုန်းက ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံအရ ဖယ်ပေးရဦးမလား။ ဘုရားပုထိုးတွေမှာရှိတဲ့ ဈေးဆိုင်တွေ ဆက်ရောင်း ခွင့် ရပါဦးမလား ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေကြတယ်ပေါ့။ ဒါတွေနဲ့ ပတ်သက်လို့ ဒေသခံတွေကို ဘယ်လို သတင်း စကား ပါးချင်ပါသလဲ။

ဖြေ။ ။ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားပြီဆိုတဲ့အခါ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဆိုက်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ထိန်းသိမ်းမှုတွေကိုတော့ အားလုံး လိုက်နာကြရမှာပေါ့။ ဒီလို လိုက်နာတဲ့အခါ အရင်တုန်းက ၁၉၉၈ မှာ ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ရေး ဥပဒေတခု ထုတ်ထားတယ်။ အဲဒီ ဥပဒေမှာ ယဉ်ကျေးမှု အမွေအနှစ်တွေကိုပဲ အဓိက ထိန်းသိမ်းကာကွယ်ဖို့ ရည်ရွယ်ပြီး ထုတ်ထားတယ်။

ယဉ်ကျေးမှု အမွေအနှစ်နဲ့ အတူ ယှဉ်တွဲနေထိုင်တဲ့ လူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် စဉ်းစားပေးခဲ့မှု အားနည်းခဲ့ တယ်။ ဒါတွေဟာ ဒီနေ့ ခေတ်ကာလ အချိန်နဲ့ ကိုက်ညီမှု မရှိတော့ဘူး။ အခု လူဦးရေကလည်း တိုးတက်လာပြီ။ ဖွံ့ဖြိုး တိုးတက်မှုတွေလည်း ရှိလာပြီဆိုတဲ့ အခါ ခေတ်ကာလနဲ့ လိုက်လျောညီထွေ မဖြစ်တော့လို့ ၂၀၁၉ မှာ ဥပဒေသစ် ပြ ဋ္ဌာန်းခဲ့ပါတယ်။

ဒီဥပဒေသစ်မှာ ကျတော့ ယဉ်ကျေးမှု အမွေအနှစ်ကိုလည်း ထိန်းသိမ်းရင်း ယဉ်ကျေးမှု အမွေအနှစ်နဲ့ အတူ ယှဉ်တွဲနေထိုင်တဲ့ ဒေသခံ ပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု နှစ်ခုစလုံးကို မျှခြေဖြစ်အောင် ရေးဆွဲထားတာ ဖြစ်ပါ တယ်။

ကမ္ဘာ့အမွေအနှစ်ကို ထိန်းသိမ်းတဲ့နေရာမှာ ယဉ်ကျေးမှုဇုန်ကို ပြန်လည် ပြင်ဆင် သတ်မှတ်ခဲ့ရပါတယ်။ အရင်တုန်းက ရှိခဲ့တဲ့ ယဉ်ကျေးမှုဇုန်နဲ့ ပြောင်းလဲမှု အနည်းအကျဉ်း ရှိခဲ့ပါတယ်။ တိုးလာတွေလည်း ရှိတယ်။ တချို့ကျတော့ ယဉ် ကျေးမှု အမွေအနှစ်ဒေသ သတ်မှတ်တဲ့နေရာမှာ ပြန်လျှော့ပေးလိုက်ရတာလည်း ရှိတယ်။ အဓိကကတော့ ပုဂံနဲ့ ညောင်ဦး မြို့ပြနေရာတွေပါ။

ဆိုလိုချင်တာက ကမ္ဘာ့အမွေအနှစ်ဇုန် နယ်နိမိတ် သတ်မှတ်ပြီးပြီ။ ဥပဒေသစ်လည်း ထွက်ပြီးတဲ့အခါ မြို့ပြနဲ့ ကျေးရွာ လူနေဖို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ ရှိပြီးသား လူတွေကိုတော့ ဖယ်စရာ ရွှေ့ပြောင်းစရာ မလိုပါဘူး။ သတ်မှတ် စည်းမျဉ်းစည်းကမ်းတွေကိုပဲ လိုက်နာဖို့ လိုအပ်ပါတယ်။

၁၉၉၂ ခုနှစ်မှာတော့ ပုဂံမြို့ဟောင်းထဲကနေ ပုဂံမြို့သစ်ကို ရွှေ့ခဲ့ရတာ ရှိပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းစဉ် ကာလကတည်းက ကြိမ်ဖန်များစွာ ပြောခဲ့ပြီးပါပြီ။

ဒါနဲ့ ပတ်သက်ပြီး ရွာတွေ ကျေးရွာတွေကို ဖယ်စရာ ရွှေ့ပြောင်းစရာ မလိုပါဘူး။ သတ်မှတ်တဲ့ စည်းကမ်းလေးအတိုင်း လိုက်နာဖို့ပဲ လိုပါတယ်။ ဒါတွေကလည်း သူတို့ မလိုက်နာနိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားတာ မရှိပါဘူး။ ယဉ်ကျေးမှု အမွေအနှစ်ကို မထိခိုက်အောင် ဆောင်ရွက်မယ်ဆိုရင် အားလုံး ဆောင်ရွက်လို့ ရပါတယ်။

အရင် ဥပဒေမှာ ဒီမြို့ပေါ်တွေတောင် ဟိုတယ်တွေ ဆောက်လုပ်ခွင့် မပြုပါဘူး။ ဥပဒေသစ်အရ မြို့ပေါ်တွေမှာ ယဉ် ကျေးမှု အမွေအနှစ်ကို မထိခိုက်စေတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဟိုတယ်တွေ ဆောက်လုပ်ခွင့် ဥပဒေအရ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ အဲဒီ စည်းမျဉ်းစည်းကမ်း အတိုင်း နေမယ်ဆိုရင် ဘာမှ စိုးရိမ်သောက ရောက်စရာ မလိုပါဘူး။

နောက်တခုက နောင်တိုးပွားလာမယ့် လူဦးရေအတွက် စိုးရိမ်စိတ်ကလေးတွေ ရှိကြမယ်။ ဒါကတော့ ဒီတနေရာ တည်းမှ မဟုတ်ဘူး။ တနိုင်ငံလုံးမှာ ဖြစ်နေတာပါ။ သို့သော် တခြားနေရာတွေနဲ့ မတူညီတာက ကမ္ဘာ့အမွေအနှစ် ဆိုက် ဖြစ်တယ်။

ယဉ်ကျေးမှု အမွေအနှစ်ဒေသ ဖြစ်တဲ့အတွက် ဒီနေရာမှာ မြို့နေရာချဲ့ဖို့ အခက်အခဲ ရှိပါတယ်။ မြို့သစ် ရွာသစ် ဒီဟာထဲမှာ ထပ်ပြီး တိုးချဲ့ဖို့ အဆင်မပြေပါဘူး။ ခွင့်ပြုလို့လည်း မရပါဘူး။ မရတဲ့အခါမျိုးမှာ နောင် တိုးပွားလာမယ့် လူဦးရေ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေ အတွက် Regional Plan ဆွဲထားပါတယ်။

Regional Plan အရ နောင်တိုးပွားလာမယ့် လူဦးရေ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေလုပ်ဖို့ မြို့ပြ စီမံကိန်းအသစ်တွေ အခု စလျာထားပြီးတော့ ရေးဆွဲဖို့ ပြင်ဆင်နေပါပြီ။ ဒါ နောင်တိုးပွားလာမယ့် လူဦးရေအတွက် စိတ်သောက မရောက်ဖို့ ပြောကြားချင်ပါတယ်။

ကျနော်တို့က ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းတဲ့အခါ ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံလေး တခုကို ထိန်းသိမ်းလို့ မရဘူး။ ဒီဟာနဲ့အတူ ယှဉ်တွဲနေထိုင်တဲ့ ကျေးရွာကိုလည်း ထိန်းသိမ်းရမယ်။ ကျေးရွာနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကြားထဲမှာ ရှိတဲ့ မြေယာရှုခင်း (Land Scape) တွေကိုလည်း ထိန်းသိမ်းရမယ်။ ယဉ်ကျေးမှု အမွေ အနှစ်ကို မထိခိုက်စေတဲ့၊ Land Scape ကို ထိခိုက်ပျက်ယွင်းမှု မရှိစေတဲ့ စီမံခန့်ခွဲမှုမျိုးဆို ခွင့်ပြုလို့ရမယ်။

စောစောကပြောသလို ဘုရားရှေ့မှာ ဈေးဆိုင်တွေ ရောင်းရတော့မလား မရောင်းရတော့မလား ဆိုတာ မရောင်းရဘူး လို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ကိုယ်ရောင်းရတဲ့ ဈေးဆိုင်ဟာ ဒီ ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်တာမျိုး ဆိုရင်တော့ မဖြစ်သင့်ဘူး။ စည်းကမ်းတကျလေး ဖြစ်ဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။

ပုဂံဘုရားပုထိုးများ /ဧရာဝတီ

မေး။ ။ ဌာနအနေနဲ့ ဒီလို မှန်ကန်တဲ့ သတင်း အချက်အလက်တွေကို ဒေသခံတွေ ရရှိအောင် အသိပညာပေး သွားဖို့ ရှိပါသလား။

ဖြေ။ ။ ကမ္ဘာ့အမွေအနှစ် မဖြစ်ခင်တုန်းကတည်းက ဒါတွေနဲ့ ပတ်သက်လို့ ဒီထဲမှာ ကျေးရွာပေါင်း ၄၀ ကျော် ရှိပါ တယ်။ ရွာ ၄၀ ကျော်လုံးကို သွားရောက်ပြီး ဒါတွေကို ရှင်းပြခဲ့ပါတယ်။ ပုဂံနဲ့ ညောင်ဦးမှာလည်း သွားရောက်ပြီး ရှင်းပြခဲ့တယ်။ ကိုယ်ကိုယ်တိုင်လည်း မတက်ရောက်ခဲ့လို့ မသိတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဆိုလိုချင်တာက ပုဂံမြို့ပေါ်မှာ လူဦးရေ ၁ သောင်း ရှိတယ်ဆို ၁ သောင်းလုံး လာမတက်တာတော့ သေချာတယ်။ ကိုယ်မတက်လို့ ဒါကို ရှင်းမပြဘူး ဆိုရင်တော့ ဒါ သူတို့ဘက်က အားနည်းချက် ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ အားလုံး ကို ဖိတ်ပါတယ်။

ပုဂံနဲ့ ညောင်ဦးလိုဆို ကျနော်တို့ ပြန်ကြားရေးကနေ ဓာတ်စက် အသံချဲ့စက်နဲ့ ဖိတ်ပါတယ်။ ဒါတွေကို ကွဲကွဲပြားပြား ဂဃဏန သိချင်တယ်ဆိုရင် ဖိတ်ကြားစဉ်တုံးက လာတက်ဖို့၊ လေ့လာဖို့လိုတယ်။ မသိတာရှိရင် မေးမြန်းဖို့ သူတို့မှာ လည်း တာဝန်ရှိပါတယ်။ ကျနော်တု့ိဘက်က ကြိမ်ဖန်များစွာလည်း ရှင်းပြပြီးပါပြီ။ နောင်လည်း ထပ်ပြီး ဆက်ပြီးတော့ အသိပညာပေးတွေ လုပ်သွားမယ်။ ရှင်းလည်း ရှင်းပြပါဦးမယ်။

မေး။ ။ ဟိုတယ်ဝင်းတွေထဲ စေတီ ပုထိုးတွေ ရှိနေတာတွေနဲ့ ပတ်သက်လို့ ဝေဖန်သံတွေ တော်တော်လေး ထွက်နေ တာ ရှိပါတယ်။ ဒါတွေကိုရော ဘယ်လို စီမံထားပါလဲ။

ဖြေ။ ။ ယဉ်ကျေးမှု အမွေအနှစ်ကို တင်ပြကတည်းကိုက စီမံခန့်ခွဲမှု အစီအစဉ်တွေ အကုန်လုံးက ရှိပြီးသားပါ။ အရင် ဥပဒေတုန်းက မြို့ပြ ဟိုတယ် မိုတယ် တည်းခိုခန်းတွေဆိုတာ ခွင့်မပြုဘူး။ သို့သော် ဒီဥပဒေသစ်မှာတော့ သတ်မှတ် ထားတဲ့ မြို့ပြနေရာတွေမှာ စည်းကမ်းသတ်မှတ်ချက်နဲ့ အညီ ရှေးဟောင်း အဆောက် အအုံကို မထိခိုက်ဘူးဆိုရင် ခွင့်ပြုလို့ ရတယ်။

မြို့ပြထဲမှာရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်ထဲမှာရှိတဲ့ ဟိုတယ်တွေ တည်းခိုခန်းတွေ အနေနဲ့ ယဉ်ကျေးမှု အမွေအနှစ်ကို မထိခိုက်ဘူး ဆိုရင် ဆက်လက် တည်ရှိလို့ ရတယ်။ နောက် ဆောက်မယ့်သူတွေ အနေနဲ့ လည်း ခွင့်ပြုချက်ယူပြီး ဆောက်လို့ ရပါတယ်။

သို့သော် မြို့ပြထဲမှာ မတည်ရှိဘဲနဲ့ အပြင်ဘက်ကို ရောက်နေတဲ့ နေရာတွေမှာဆို ဥပဒေအရ ဒါတွေကို ဆောက်လုပ် ခွင့်မပေးဘူး။ သို့သော် ဒီဟာတွေက ရှိခဲ့ပြီးပြီ။ အရင်တုန်းက ၁၉၉၈ ဥပဒေ မထွက်ခင် တုန်းကလည်း ရှိခဲ့တယ်။ ၁၉၉၆ ခုနှစ်မှာ မြန်မာနိုင်ငံ ခရီးသွားနှစ် လုပ်ခဲ့တုန်းကလည်း လုပ်ငန်းလိုအပ်ချက် အရ ဒါတွေ ဆောက်လုပ်ခဲ့တာ ရှိ တယ်။

အရင်တုန်းက ဆောက်လုပ်ခဲ့တဲ့ဟာတွေကို အခုအချိန်မှာ ဒီဥပဒေအရ မကိုက်ညီတော့လို့ ဒါတွေကို ဖယ်ကြပါဆိုပြီး ဘူဒိုဇာနဲ့ ထိုးပစ်လို့လည်း မရပါဘူး။ အခု စည်းမျဉ်းစည်းကမ်းအရ ဒါတွေက ခွင့်ပြုလို့ မရဘူး။ သို့သော် ဒါတွေ အရင် တုန်းက တရားဝင် တည်ရှိခဲ့တဲ့ဟာ။ အဲဒီတော့ ဒါတွေကို ဘယ်လိုလုပ်မလဲဆိုတဲ့ဟာ ကျနော်တို့က စီမံကိန်း ပြန်ဆွဲရ ပါမယ်။

ကမ္ဘာ့အမွေအနှစ် တင်သွင်းတဲ့အခါမှာ ဒီဥပဒေနဲ့ လိုက်လျောညီထွေမှု မရှိတဲ့ အရင်တုန်းက အမှားတွေကို ပြန်လည် ပြီး ပြင်ဆင်ရပါမယ်။ ဒီလို ပြင်ဆင်တဲ့အခါ အလွယ်တကူပြင်ဆင်ဖို့တော့ ခက်ပါတယ်။

သက်ဆိုင်ရာ လုပ်ငန်းပိုင်ရှင်၊ စီမံခန့်ခွဲတဲ့ အဖွဲ့ ဒါတွေကို ယူနက်စကို ကျွမ်းကျင် ပညာရှင်တွေနဲ့ ညှိနှိုင်းပြီး ယဉ်ကျေးမှု အမွေအနှစ်ကို ဘယ်လောက်အထိ ထိခိုက်လဲ/မထိခိုက်ဘူးလဲ။ ဒီထိခိုက်မှုတွေကို ဘယ်လို ဘယ်နည်းနဲ့ လျှော့ချမလဲဆိုတာတွေကို ပြန်လည်ပြီး စိစစ်ရပါဦးမယ်။

စိစစ်တဲ့အခါ HIA လို့ ခေါ်တဲ့ Heritage Impact Assessment ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်မှု ရှိမရှိ ဆန်းစစ် လေ့လာရပါမယ်။ ရရှိလာတဲ့ အဖြေတွေကိုမှ ပညာရှင်တွေနဲ့ ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ အဆင့်လိုက်သွားရမှာ ဖြစ်ပါတယ်။

မေး။ ။ ဒါဆို ၂၀၂၈ မှာ ဟိုတယ်တွေ ပေးမလုပ်တော့ဘူး ပြောထားတာကရော အခု ဘယ်လိုလဲ။ ဆက်လုပ်ခွင့်ပေး မှာလားပေါ့။

ဖြေ။ ။ HIA လုပ်ရမယ်။ HIA အဖြေပေါ်မှာ ယူနက်စကိုက ပညာရှင်ရယ်၊ စီမံခန့်ခွဲတဲ့ ဦးစီးအဖွဲ့ရယ်၊ လုပ်ငန်းရှင်ရယ် သုံးဘက် ညှိနှိုင်းပြီး ထိခိုက်တာတွေကို ဘယ်လောက် လျှော့ချလို့ရမလဲ ဆိုတာတွေကို ညှိရမှာ။ ကျနော့် အမြင်က တော့ ဒီအတိုင်းပဲ။ ဒီကြားထဲတော့ ဘာမှ မပြောနိုင်သေးဘူး။

မေး။ ။ ဒီတော့ HIA ဆောင်ရွက်ဖို့ အချိန်ဘယ်လောက်ကြာမလဲ။ ဘယ်တော့လောက် စမလဲ။

ဖြေ။ ။ ဘယ်တော့လောက် စမလဲဆိုတာက ဒါတွေက ပြန်ဆွေးနွေးရမှာ ဖြစ်လို့ ကမ္ဘာ့အမွေအနှစ်ကလည်း အခုမှ ရထား တာဆိုတော့ ဆွေးနွေးဖို့ဟာတော့ ပြောဖို့က ခက်တာပေါ့။

မေး။ ။ ခြံဝင်းနဲ့ ဟိုတယ်ဝင်းထဲတွေက ဘုရားတွေရှိတာနဲ့ ပတ်သက်လို့ ဌာနအနေနဲ့ ညွှန်ကြားချက် ပေးထားတာမျိုး ရှိလား။ အဲဒီဝင်းတွေထဲ နောက်ပိုင်း တိုးချဲ့ ဆောက်လုပ်တာတွေကိုရော ဘယ်လို ကိုင်တွယ်နေလဲ။

ဖြေ။ ။ အရင်တုန်းက ချထားပေးခဲ့တယ်။ အရင်တုန်းက ပေးခဲ့တယ်ဆိုတာ ဌာနဆိုင်ရာချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့တာ။ တဌာနနဲ့ တဌာန ညှိနှိုင်းဆောင်ရွက်မှုမရှိလို့ ဒီအကွက်ကို မြေစာရင်းက ပေးမယ်။ ဒီအကွက်ထဲမှာ ဘုရားဘယ်နှစ်ဆူ ရှိတယ်ဆိုတာ သူတို့ မသိဘူး။ ဒီတာ့ ပေးတယ်။ ဒေသအာဏာပိုင်က ပေးတယ်။ ဒီဟာတွေမှာ ဘုရားဘယ်နှစ်ဆူ ရှိတယ်ဆိုတာ ဌာနကပဲ သိတယ်။

ဒါတွေ တရားဝင်ပေးထားတာ တခုကို အပြင်ထုတ်ပါလို့ ကျနော်တို့က ပြောလို့မရဘူး။ စောစောက ပေးမယ်လုပ်တုန်း ကလည်း ဌာနဆိုင်ရာချင်း ပူးပေါင်းထားတာ မရှိဘူး။ ဒီထဲမှာတော့ ဘုရားစေတီ ပုထိုးတွေ ရှိတယ်။ ဒီဟာတွေတော့ ဖယ်ပေးပါ။ ဒီဟာတွေတော့ ကန့်ပေးပါ။ ညှိနှိုင်းမှုရှိလို့ရှိရင် ဒါတွေက ဘုရားတွေက ခြံဝန်းထဲ ရောက်စရာ အကြောင်း မရှိဘူး။ သို့သော် ပေါင်းစပ်ညှိနှိုင်းမှု အားနည်းလို့ ဒီလိုဖြစ်ခဲ့တယ်။ သူတို့တရားဝင် ပိုင်ဆိုင်ထားတဲ့ဟာ တခုကိုတော့ ကျနော်တို့က ဒါကို မပိုင်ဆိုင်ပါနဲ့လို့ ပြောလို့မရဘူး။

သတ်မှတ်ချက်က ပေ ၁၂၀ ခွာဖို့ဟာ ရှိပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ သာမန်အိမ်တွေဆိုရင် ပေ ၁၂၀ ခွာလို့ မရတဲ့ ဟာတွေ ရှိပါတယ်။ ပုဂံမှာ ပြောရမယ်ဆို နှမ်းဖတ်ချဉ် ထမင်းဆိုင်လိုဟာမျိုး။ လမ်းရဲ့ ဟိုဘက်မှာ ရှေးဟောင်း ဘုရားလေး ရှိတယ်။ အရှေ့မှာ လမ်းရှိတယ်။ ဒီဘက်မှာ အိမ်တွေက အရင်တုန်းကတည်းက မြို့ရွာချထားတဲ့နေရာ။

သာမန်အားဖြင့် ကြည့်လို့ရှိရင် ပေ ၄၀၊ ၅၀ လောက်ပဲ ဝေးတယ်။ ဒါမျိုးတွေကို အဆောက်အဦ မဆောက်ပါနဲ့ဆိုရင် ကျနော်တို့က နှင်ထုတ်ရသလိုပဲ ဖြစ်တော့မှာ။ ဒါတွေကိုလည်း ကျနော်တို့က လိုက်လျောညီထွေမှုဖြစ်အောင် အမွေ အနှစ်ကိုလည်း မထိခိုက်အောင် ဒါမျိုးတွေ စောင့်ရှောက်ရတာ ရှိပါတယ်။

ဟိုတယ်ထဲမှာရှိတဲ့ ဘုရားတွေကို ပေ ၁၂၀ ခွာပြီး ဆောက်ခိုင်းပါတယ်။ အစောကပြောသလို ဟိုတယ်ဟာ မြို့ပြထဲမှာ ရှိသလား။ မြို့ပြထဲမှာ မဟုတ်ဘူးလားဆိုတာ ဒါ တခုပေါ့။ မြို့ပြထဲမှာ ရှိတယ်ဆို ပေ ၁၂၀ ခွာ။ သတ်မှတ် စည်းကမ်း ချက်နဲ့ ဆိုရင် ဒါတွေက ခွင့်ပြုပေးလို့ ရနိုင်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

မေး။ ။ အဲဒီ ဟိုတယ်နဲ့ ခြံဝင်းတွေထဲက ဘုရားတွေကို အများပြည်သူအနေနဲ့ လွတ်လပ်စွာ သွားရောက် ဖူးမြော်နိုင် လား။ ဘယ်လိုစီမံထားလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ သွားရောက် ဖူးမြော်နိုင်ပါတယ်။ ကြည်ညိုနိုင်ပါတယ်။ သွားရောက် သုတေသန လုပ်နိုင်ပါတယ်။ ဟိုတယ်ဝင်းထဲက ဘုရားတွေမှာ သွားဖို့ အတွက် ဟိုတယ်ဝန်းထဲမှာ (စေတီ၊ ပုထိုး) ရှိတယ်ဆိုတဲ့ ဟိုတယ်တွေ အကုန်လုံး ကျနော်တို့ အကြောင်းကြားစာ ပေးပို့ထားပါတယ်။

မေး။ ။ အပေါ်မှာ ပြောခဲ့သလို ဌာနဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မရှိလို့ ဖြစ်ခဲ့ရတယ်ပေါ့။ အခုရော ဌာနချင်း ချိတ်ဆက် ဆောင်ရွက်မှု အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အခုထွက်လာတဲ့ ဥပဒေသစ်အရ ကမ္ဘာ့အမွေအနှစ် ဆိုင်ရာ သို့မဟုတ် အမျိုးအသား အမွေအနှစ် ဒေသတွေ မှာ ဆိုရင် တိုင်းဒေသကြီး ပြည်နယ် ထိန်းသိမ်းရေးမှူး ဆိုတာ ရှိပါတယ်။ အဲဒီမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်တွေ ဦးဆောင်တဲ့ စီမံခန့်ခွဲရေး ကော်မတီကနေ ဒါတွေကို စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်။

ပုဂံဘုရားပုထိုးများ /ဧရာဝတီ

သူ့အထက်မှာတော့ Bagan Com လို့ခေါ်တဲ့ ပုဂံ coordinating committee ရှိပါတယ်။ ပြည်ထောင်စုဝန်ကြီး ပါ ပါ တယ်။ ပုဂံမှာဆို တိုင်း ၂ တိုင်းနဲ့ ပတ်သက်နေလို့ မန္တလေးတိုင်းရော၊ မကွေးတိုင်းရော ဝန်ကြီးချုပ်တွေ ပါပြီးတော့ ကျန်တဲ့ ဆက်စပ်ဌာနတွေက ဒုဝန်ကြီး (သို့) အမြဲတမ်းအတွင်းဝန် အဆင့်ထိ ဆုံးဖြတ်ချက်ပေးနိုင်တဲ့ အဆင့်ထိ ပါဝင်တဲ့ ကော်မတီတွေလည်း ရှိပါတယ်။ ဒီကော်မတီတွေကနေ စီမံခန့်ခွဲသွားမှာ ဖြစ်လို့ ပူးပေါင်းဆောင်ရွက်မှုကတော့ အရင်တုန်းကထက် ပိုမိုကောင်းအားလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ ထိန်းသိမ်းရေး အပိုင်းနဲ့ ပတ်သက်လို့ပေါ့။ အခုဆို နိုင်ငံတကာ ပညာရှင်တွေ အဖွဲ့အစည်းတွေက လာရောက် ပြီး ဆရာတို့နဲ့ ပူးပေါင်းပြင်ဆင်မှုတွေ လုပ်နေတယ်။ ဒီတော့ အိန္ဒိယကပြင်ရင် အိန္ဒိယ စတိုင်။ တရုတ်က ပြင်ရင် တရုတ်စတိုင် ဒီလိုဖြစ်တွေ ဖြစ်သွားမှာကို စိုးရိမ်မှုတွေ ရှိကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဌာနအနေနဲ့ ဘာများ အာမခံ ချက် ပေးနိုင်မလဲ။

ဖြေ။ ။ ဒီစိုးရိမ်ချက်တွေ ကျနော်တို့လည်း ရှိပါတယ်။ ကျနော်တို့ ရှိသလိုပဲ ယူနက်စကိုလည်း ဒါမျိုးတွေရှိပါတယ်။ ကျနော်တို့ တနိုင်ငံတည်း တဆိုက်တည်း ခုမှစပြီး တွေ့ကြုံရတဲ့ အတွေ့အကြုံ မဟုတ်ပါဘူး။ အနီးစပ်ဆုံး ပြောရမယ် ဆိုရင် အန်ကောဝပ် လိုဟာမျိုး နိုင်ငံတကာကနေ ပူးပေါင်းဆောင်ရွက်တာ ရှိပါတယ်။ အခု ပုဂံမှာ တရုတ်ရှိတယ်။ အိန္ဒိယ၊ အမေရိကန်၊ ဂျာမနီ၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူလည်းရှိတယ်။ ထိုင်းလည်း ရှိပါတယ်။

တရုတ်ဆို နှစ်ပိုင်း ထိန်းသိမ်းရေးပိုင်းလည်း ရှိတယ်။ အချက်အလက်(Data) ကောက်တဲ့ အပိုင်းတွေရော ပူးတွဲပြီး ဆောင်ရွက်နေတာ ရှိပါတယ်။ ဆိုလိုတာက နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေသလို နိုင်ငံတကာ ပူးပေါင်း အဖွဲ့အစည်းတွေက လည်း ကိုယ်သန်ရာသန်ရာ နည်းစနစ်တွေ ကျွမ်းကျင်မှု ဆိုင်ရာတွေလည်း ရှိနေဦးမှာပါ။ ရှိနေတဲ့ အခါမှာ ကျနော်တို့က အစမ်းသပ်ခံ မဖြစ်အောင် ICC လို့ခေါ်တဲ့ International Coordination Committee ကို ဖွဲ့ စည်းထားပါတယ်။

ခုဆို ICC ရဲ့ အစည်းအဝေးဟာ နှစ်ကြိမ် ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာလ ပတ်ဝန်းကျင်မှာ တတိယ အကြိမ်မြောက် ဆောင်ရွက်ဖို့ ရှိပါတယ်။ အဲဒီအခါ နိုင်ငံတနိုင်ငံကနေ သူလုပ်မယ့်၊ ပြင်ဆင်မယ့်၊ ထိန်းသိမ်းမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တင်ပြရပါတယ်။ အဲဒီမှာ အားလုံးက ဝိုင်းပြီး ဆွေးနွေးကြရပါတယ်။ ကျနော်တို့က အစမ်းသပ်ခံ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် စံ (Standard) တခု ရအောင်၊ ဒီ Standard တခုကိုရရင် ဒါဆိုရင် နိုင်ငံတ ကာ လက်ခံတယ်။ ဒါဆိုရင်တော့ လက်မခံဘူး။ သူတို့ ဒီစံနှုန်းတွေ ရှိပါတယ်။

နိုင်ငံတကာ ပညာရှင်တွေလည်း ဖိတ်ခေါ်မယ်။ လုပ်ငန်းဆောင်ရွက်တဲ့ နိုင်ငံတွေရဲ့ ပညာရှင်တွေကိုလည်း ဖိတ်ခေါ်ပြီး အစည်းအဝေးတွေ လုပ်ပြီးတော့မှ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် တနိုင်ငံ တမျိုး နည်းစနစ်နဲ့ မဟုတ်ဘဲ ကျနော်တို့ ဒါတွေကို စိုးရိမ်ပူပန်စရာ မရှိပါဘူးလို့ ပြောကြားလိုပါတယ်။

မေး။ ။ အခု သဗ္ဗညုကို တရုတ်အဖွဲ့က ပြင်ဆင်နေတာ ရှိတယ်။ သူတို့လုပ်နေတာတွေနဲ့ ပတ်သက်ပြီး ဘာမှ ပွင့်လင်းမြင်သာမှု မရှိဘူး။ အထဲမှာ ဘာလုပ်လို့ လုပ်နေမှန်းလည်း မသိဘူးဆိုတာမျိုး ပြောသံကြားနေရတယ်။ ဟုတ်ပါသလား။

ဖြေ။ ။ ဒါတွေကို ထိန်းသိမ်းမှု လုပ်ငန်လုပ်ဖို့ နောက်ဆုံးအဆင့် တခု၊ သဘာတူချက်လေး တခု ထိုးဖို့ ကျန်နေပါသေး တယ်။ MoU လည်း ထိုးပြီးပါပြီ။ အစည်းဝေးမှတ်တမ်းလည်း လက်မှတ်ထိုးပြီးပြီ။ လုပ်ငန်း အကောင်အထည်ဖော်မယ့် လက်မှတ်ထိုးဖို့ရာ ကျန်ရှိနေပါသေးတယ်။

သူတို့ရဲ့ ပုံမှန်လုပ်ငန်းစဉ်အရ ကျနော်သိသလောက် ဒီနှစ် ကုန်ပိုင်းမှာ စပြီးလုပ်ဖို့ သူတို့ဆီမှာ စီမံကိန်းရေးဆွဲနေတာ ရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်က လာမယ့် မိုးရာသီမှာ သဗ္ဗေညုဘုရားအတွက် ထိန်းသိမ်းဖို့ လိုအပ်တယ်။ ကျနော်တို့ ဒီမှာ ဖွဲ့ထားတဲ့ Expert Team ရှိပါတယ်။ ဆောက်လုပ်ရေး၊ ဗိသုကာပညာရှင် တနိုင်ငံလုံးမှာရှိတဲ့ ပညာရှင်တွေ ပါဝင်တဲ့ Expert Team ကို တလ တခါ အစည်းအဝေး ကျင်းပပြီး ဆောင်ရွက်ပြီးတဲ့ဟာတွေ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးတိုင်ပင်ပြီးတော့မှ ကျနော်တို့က မမှားမယွင်းအောင် ဆောင်ရွက်လျက် ရှိပါ တယ်။

ဆောင်ရွက်တဲ့အခါမှာလည်း သဗ္ဗညု ဘုရားနဲ့ ပတ်သက်ပြီး ဒီမိုးရာသီမှာ တရုတ်က ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း လုပ်မယ်ဆိုတာ မှန်တယ်။ သို့သော် ဒီကြားထဲမှာ တခုခုများဖြစ်သွားခဲ့ရင် ဆိုပြီး အရေးပေါ် ထိန်းသိမ်းမှု လုပ်ငန်း တတ်နိုင်သလောက်လုပ်ဖို့ လိုတယ်ဆိုပြီး အကြံပြုကြ၊ ဆွေးနွေးကြတယ်။ ဒါတွေ စတင်ဆောင်ရွက်မလို့ ဒီစီမံချက် တွေ ရေးဆွဲပြီးတော့ လုပ်ဖို့အတွက် စနေပြီ။

အဲဒီအချိန်မှာပဲ တရုတ်စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီးလာပါတယ်။ လာပြီးတော့ သဗ္ဗညုဘုရားကို သူတို့လုပ်မယ့် အခြေအနေနဲ့ ပတ်သက်ပြီး လာစစ်တဲ့အခါ ကျနော်က အခြေအနေကို တင်ပြပါတယ်။ တရုတ်က ဒါတွေကို ထိန်းသိမ်းမှုလုပ်ငန်း လုပ်မယ်ဆိုတာ မှန်ပါတယ်။

သို့သော် ဒီမိုးရာသီမှာ မပြုပြင်ခင်ကလည်း ငလျင် ပြီးနောက်မှာ အရေးပေါ် ထိန်းသိမ်းမှုလုပ်ငန်း ဆောင် ရွက်ခဲ့တာပဲ ရှိတယ်။ တခြားထိန်းသိမ်းမှု လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာ မရှိသေးဘူး။ ဒါ တတိယမြောက်နှစ်လည်း ဖြစ်နေတော့ ဒီမိုးရာသီမှာ ကျနော်တို့က အရမ်းစိုးရိမ်လာတဲ့အခါ အရေးပေါ်ထိန်းသိမ်းမှု မဖြစ်မနေ လုပ်ရမယ်။

ဒီတာ့ တရုတ်ပညာရှင် အဖွဲ့အနေနဲ့ လာရောက်ပြီး ဆောင်ရွက်ပေးနိုင်ရင် ပိုပြီးတော့ ကောင်းပါတယ်။ သို့သော် ကျနော်တို့ အနေနဲ့ လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ဒီဟာကို ဆောင်ရွက်ပါမယ်လို့ တရုတ် ဒုဝန်ကြီးကို တင်ပြခဲ့ တယ်။ တရုတ်ဒုဝန်ကြီးကလည်း ဒီဟာနဲ့ပတ်သက်ပြီး အခြေအနေကို သူကိုယ်တိုင် ကြည့်ခဲ့တဲ့အခါ လိုအပ်တဲ့အတွက် အတတ်နိုင်ဆုံး သူ့အနေနဲ့ အမြန်ဆုံး အရေးပေါ် ထိန်းသိမ်းတဲ့ အဖွဲ့တဖွဲ့ လွှတ်ပေးနိုင်ဖို့ရာ သူ ဆွေးနွေးပါမယ်။ ဒီဟာလေးကို သူ ကတိကဝတ် ပြုသွားပါတယ်။

မကြာခင်မှာပဲ ဧပြီလကုန်လောက်မှာ အရေးပေါ် အဖွဲ့တဖွဲ့ လွှတ်လိုက်တယ်။ ဒါ ပုံမှန်ထိန်းသိမ်းမှု လုပ်မယ့်အဖွဲ့ မဟုတ်ဘူး။ ထိန်းသိမ်းမှု လုပ်ငန်း မလုပ်ခင် အရေးပေါ်အဖွဲ့ လွှတ်လိုက်ပါတယ်။ အရေးပေါ်အဖွဲ့ကလည်း အရင်တုန်း က ဒီမှာ သုတေသန လုပ်ခဲ့တဲ့ဟာတွေ၊ ကောက်ခဲ့တဲ့ အချက်အလက်တွေ သူတို့ဒီမှာကြည့်တဲ့ မျက်မြင်အခြေအနေ တွေပေါ်မှာ ကြည့်ပြီးတော့မှ ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ ဒီဇိုင်း သူတို့ ဒီရောက်မှ ထုတ်တာ။

ဘာတွေဖြစ်နေတယ် သူတို့ ရထားတဲ့ အချက်အလက်က ဒီလို မျက်မြင်အခြေအနေတွေက ဒီလို ဒါဆို ဘယ်လိုလုပ်မှ ခံနိုင်ရည် ရှိမယ်ဆိုတာကို အဲဒီအချိန်ကျမှ Drawing ဆွဲတယ်။ ဒါနဲ့ပတ်သက်လို့ Drawing ဆွဲတဲ့ အဖွဲ့လည်း ရှိတယ်။ စိစစ်ကြီးကြပ်တဲ့ အဖွဲ့လည်း ရှိတယ်။ လုပ်မယ့်အဖွဲ့လည်း ရှိတယ်။ သူတို့ အဲဒီအချိန်ကျမှ အရေးပေါ်လုပ်ငန်း လုပ်နေ ရတာဖြစ်လို့ ကျနော်တို့ ဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားပါတယ်။

သူတို့(ဒေသခံ) သိရတယ် မသိရဘူး ဆိုတာက သူတို့ကို ပြောချိန်မရဘူး။ တလအတွင်းမှာ လုပ်သွားတာဖြစ်လို့ သိချိန်မရလိုက်ဘူး။ သူတို့ နောက်ဆုံး ပြီးသွားတဲ့အချိန်မှာ ဒေသခံတွေကို ဖိတ်ပြီး နှစ်ရက်လောက် ခေါ်ပြီး ပြပါတယ်။ တရုတ်အဖွဲ့တွေက အရေးပေါ် ထိန်းသိမ်းမှု လုပ်ငန်းတွေ လုပ်သွားတာ ဒီလိုတွေ ရှိတယ်။ ဒါကြောင့်မို့ ဒီလိုတွေ လုပ် သွားတယ် ဆိုတာ အဲဒီအချိန်မှာ ကျနော်တို့ ခေါ်ပြဖြစ်ပါတယ်။

ပုဂံဘုရားပုထိုးများ /ဧရာဝတီ

မေး။ ။ ဒီတော့ သဗ္ဗညု ပြင်ဖို့ ကိစ္စမှာ မြန်မာဘက်က စကမ်းလှမ်းတာလား။ တရုတ်ဘက်က သူတို့လုပ်ပေးမယ် ဆို ပြီး ကမ်းလှမ်းတာလား။ အခြားအဖွဲ့တွေလည်း အများကြီးရှိတာ ဆိုတော့။

ဖြေ။ ။ တရုတ်ကစပြီးတော့ ကမ်းလှမ်းတာပါ။

မေး။ ။ တခြားစေတီ/ပုထိုးတွေ အများကြီးရှိတာမှာ တရုတ်က သဗ္ဗညုကိုမှ ဘာကြောင့် ပြင်ချင်တယ်လို့ ကမ်းလှမ်း ရတာလဲ။

ဖြေ။ ။ အဲဒါ သူတို့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ မသိဘူးပေါ့နော်။ ဒါပေမယ့်လို့ သူက ထုထည်ကြီးတာလည်း ပါတယ်။ ကြီးကြီးမားမားကို သူတို့က ပြင်ချင်တဲ့သဘောလည်း ရှိတာပေါ့နော်။ ဒီလို ယူဆပါတယ်။ သူတို့ပြင်မယ့်အချိန်မှာ တောင် ၈ နှစ်လောက် ကြာမယ်လို့ ယူဆပါတယ်။ ပြင်ရုံတင် မကဘူး။ ဒီပတ်ဝန်းကျင် Environmental Setting ကိုပါ သုတေသန လုပ်မယ်။ ဒါကို ထိန်းသိမ်းမှု လုပ်မယ်။

ထိန်းသိမ်းမှုလုပ်ငန်းတွေ လုပ်ပြီးတယ်ဆိုရင်လည်း ဒါတွေကို ရေ ရှည်တည်တံ့ခိုင်မြဲအောင် စောင့်ကြည့်မယ်။ နောက် တခုက စွမ်းဆောင်ရည်မြှင့်ခြင်း (Capacity Building) ပေါ့။ ဝန် ထမ်းတွေရဲ့ Capacity Building ကို ဆောင်ရွက် သွားဖို့ရာလည်း သူတို့ အစီစဉ်တွေ ရှိပါတယ်။

မေး။ ။ တရုတ်က လုပ်နေတဲ့ Data Collection က ဘယ်နေရာတွေမှာ ကောက်ယူနေတာလဲ။

ဖြေ။ ။ သူက ဒီ ပုဂံယဉ်ကျေးမှုဇုန်ထဲမှာ အစောကပြောသလို ကျနော်တို့ ဌာနကို နိုင်ငံတကာ အထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသများ ဆိုင်ရာကောင်စီ (ICOMOS) ကနေပြီး အကြံပြု ထားတာ ရှိတယ်။ ဒီဒေသထဲမှာ ရှေးဟောင်းသုတေသန ဆိုင်ရာ အန္တရာယ်ရှိ အညွှန်းပြ မြေပုံ (Archeological Risk Map) ဘယ်နေရာမှာဆိုရင် ရှေး ဟောင်း အဆောက်အအုံ များတယ်။ ဘယ်နေရာမှာ ဖွံ့ဖြိုးမှုလုပ်ငန်းလုပ်ရင် ထိခိုက်မှုနည်းတယ်။

ဒါ ကျနော်တို့ ဌာနကလည်း လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ဒီဆောင်ရွက်နေတာကိုမှ သူတို့ ကလည်း ဒီဟာအတွက် ထပ်မံ ကမ်းလှမ်းပြီးတော့ သူတို့ပါ ပူးပေါင်းပြီး ဆောင်ရွက်ဖို့နဲ့ အားဖြည့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ ဆရာ့အနေနဲ့ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသ ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ဘာများ ဖြည့်စွက် အကြံပြုချင်တာမျိုး ရှိပါသလဲ။

ဖြေ။ ။ ပထမတချက်က ဖွံ့ဖြိုးမှုလုပ်ငန်းတွေပေါ့နော်။ ရှေးဟောင်း အဆောက်အအုံတွေ ထိန်းသိမ်းတဲ့နေရာမှာ ကြံ့ခိုင် မှုလုပ်ငန်းတွေ ဆောင်ရွက်တာက ကျနော်တို့ဌာနနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ။ အမှားအယွင်း အနည်းနိုင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါ။

နောက်တခု ထိခိုက်နိုင်တာက သဘာဝ ဘေးအန္တရာယ် ရှိတယ်။ သဘာဝ ဘေးအန္တရာယ်က ကျနော်တို့ မလွန်ဆန်နိုင် ဘူး။ သို့သော် နောင်ဖြစ်လာမယ့် သဘာဝ ဘေးအန္တရာယ်တွေကို အတတ်နိုင်ဆုံး မှန်းဆ တွက်ချက်ပြီးတော့ ခံနိုင် ရည်ရှိအောင်လည်း ဒါတွေကို ထိန်းသိမ်းသွားဖို့ ဖြစ်ပါတယ်။ နောက်တခု ထိခိုက်နိုင်တာက လူကြောင့်ပေါ့နော်။

သဘာဝကြောင့် ဖြစ်တာထက်စာရင် လူ့ပယောဂကြောင့်မို့ဖြစ်တဲ့ ထိခိုက်မှုက ပိုများပါတယ်။ ဒါလေးကိုတော့ အားလုံး က ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ် ဆိုတာ အကြံပြု ပြောကြားချင်ပါတယ်။

ဆက်စပ်ဖတ်ရှု့ရန်

ပုဂံ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ပြီ 

ယူနက်စကို စာရင်းဝင်သော်လည်း ပုဂံအတွက် စိန်ခေါ်မှုများရှိနေဆဲ

ပုဂံဒေသခံများ ပြောင်းရွှေ့ရေးအတွက် တိကျသောအဖြေမရှိသေးကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ပြော 

Did you find apk for android? You can find new Free Android Games and apps.
Loading