အာဏာသိမ်း စစ်ကောင်စီနှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) လက်အောက်ခံ တပ်ဖွဲ့များကြား ကယား ပြည်နယ်နေရာ အတော်များများတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။
ယခင်က တိုက်ပွဲများသည် ကျေးလက် ဒေသများတွင်သာ ဖြစ်ပွားနေရာမှ ယခုအခါ လွိုင်ကော်မြို့ကဲ့သို့ ကယားပြည်နယ်၏ မြို့တော်၌ပါ ဖြစ်လာပြီး တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာပြေးရသူ ဒေသခံ ၁ သိန်းကျော် ရှိလာသည်။
သို့ဖြစ်ရာ ပိုမို ပြင်းထန်လာသည့် တိုက်ပွဲ အခြေအနေနှင့် စစ်ဘေးရှောင်များ၏ အခြေအနေ အပါအဝင် KNPP ၏ ရှေ့ဆက် လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပိုမို သိရှိနိုင်ရန် မကြာသေးခင် ရက်ပိုင်းကမှ အသစ်ဖွဲ့ထားသော KNPP ဗဟိုကော်မတီ၏ အတွင်းရေးမှူး (၁) ဖြစ်သူ ခူးဒယ်နီရယ်အား ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ KNPP ရဲ့ ၁၄ ကြိမ်မြောက် ကွန်ဂရက်ကို၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ကနေ ၃၀ ရက်ထိ ကရင်နီ(ကယား) ပြည် ဒေသ တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ကြားပါတယ်။ အဲဒီမှာ ဗဟိုကော်မတီကို ပြန်ရွေးပြီး ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့ တယ်လို့ သိရပါတယ်။ ၄ ရက်တာအတွင်း ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေး ခဲ့ပါသလဲ။
ဖြေ။ ။ ၄ ရက်တွင်းမှာ ပထမဆုံး ကျနော်တို့ ပြီးခဲ့တဲ့ ၄ နှစ်တာ ပါတီရဲ့ အစီရင်ခံစာတွေ ရတယ်။ အစိုးရရဲ့ အစီရင်ခံစာ တွေရယ်။ ကြားကာလက ၁ နှစ်လောက် ရှိသွားပြီပေါ့နော်။ ကျနော်တို့ ကွန်ဂရက် မတိုင်ခင်ထိက ကြားကာလလို့ ထား ထားတော့ အဲဒီကကြားထဲမှာလည်း ပါတီရဲ့ အစီရင်ခံစာ အစိုးရရဲ့ အစီရင်ခံစာတွေကို သုံးသပ်ကြတာပေါ့။ ပြီးတော့ လုပ်နေကြအတိုင်းပါပဲ။ ၄ နှစ် တကြိမ် ကွန်ဂရက်မှာ ပါတီရဲ့ အခြေခံမူကို ရေးဆွဲတယ်။ သုံးသပ်တယ်။ အတည်ပြုတယ်။
ကျနော်တို့မှာ ပါတီရဲ့ အခြေခံမူ၂ ရပ်ရှိတယ်။ အစိုးရရဲ့ နည်းဥပဒေတွေကို သုံးသပ်ပြီး အတည်ပြုကြပါတယ်။ အဓိက သုံး သပ်တာကတော့ ၂ ပိုင်းပေါ့။ အစီရင်ခံစာနဲ့ အခြေခံမူတွေ။ ကျနော်တို့ ရွေးချယ်ခံရမယ့် ပါတီ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းတွေ သတ်မှတ်တာကတော့ ကျနော်တို့ လုပ်ထုံးလုပ်နည်း အတိုင်းပဲ လုပ်ပါတယ်။
မေး။ ။ အစိုးရရဲ့ အခြေခံမူ ဆိုတာက ဘယ်လိုလဲ ကရင်နီပြည်အစိုးရကို ဆိုလိုတာလား။ အဲဒါနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ ဦး။
ဖြေ။ ။ ကျနော်တို့မှာက သူများထက်တော့ ထူးတယ်။ ကျနော်တို့မှာက ၁၉၄၆ ခုနှစ်ထဲက ကရင်နီပြည် အစိုးရဆိုတာက ရှိပြီးသား။ လွတ်လပ်ရေး မတိုင်ခင်ထဲက ကရင်နီ အစိုးရ ဆိုတာ ရှိပြီးသား။ အရင့် အရင် မတိုင်ခင်ထဲက ဒီအစိုးရနဲ့ ပြည် သူလူထု တိုင်းပြည် အုပ်ချုပ်တယ်လို့ ပြောလို့ရတာပေါ့။ နောက်ပိုင်း ဗမာပြည် လွတ်လပ်ရေးရပြီးတော့ ကျနော်တို့ အတင်း အဓမ္မ သိမ်းပိုက်ခံလိုက်ရတယ်ပေါ့။ အဲဒီမှာပဲ တော်လှန်ရေးထဲ ရောက်သွားတယ်။
နိုင်ငံရေးကို ဦးဆာင်မှုပြုရမယ်ဆိုပြီး တော့ ပါတီက နိုင်ငံရေး ဦးဆောင်တယ်။ တိုင်းပြည်ကို ပြည်သူကို အုပ်ချုပ်တဲ့ အစိုးရ ယန္တရား လည်ပတ်စေတယ်ပေါ့။ ကျနော်တို့မှာ ဖွဲ့စည်းပုံက၂ ခုရှိတယ်။ ဖွဲ့စည်းပုံဆိုတာက ပါတီရဲ့ အခြေခံမူ ၂ ရပ်ရယ်။ အစိုးရရဲ့ အခြေခံမူ ၁ ခု ရှိတယ်။ လေးနှစ်တကြိမ် ကွန်ဂရက် လုပ်ပါတယ်။ ပါတီကတော့ နိုင်ငံရေး ဦးဆောင်တယ်။ အစိုးရ ကတော့ လုပ်ငန်းတွေ ဦးဆောင်ပါတယ်။
မေး။ ။ ဆရာတို့ ကွန်ဂရက်မှာ လာမယ့်နှစ်မှာ ဘယ်လို လုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့ ရှိမလဲ။
ဖြေ။ ။ လုပ်ငန်းစဉ်တွေက တော်တော်များများ ရှိပါတယ်။ အခု လတ်တလော ဖြစ်နေတဲ့ တော်လှန်ရေးပေါ့။ နွေဦးတော် လှန်ရေးပဲပြောပြော လူထု တော်လှန်ရေးပဲပြောပြော ပြည်သူတရပ်လုံး ပါဝင်နေတဲ့ တော်လှန်ရေးကို ဒီစစ်အာဏာရှင် တွေကို တော်လှန်တဲ့ အဖွဲ့အစည်းတွေပေါ့။ လက်နက်ကိုင် အဖွဲ့အစည်းပဲ ပြောပြော အဲဒီ အဖွဲ့အစည်းတွေနဲ့ လက်တွဲမယ် ပေါ့။ First priority ပေါ့။
တဆက်တည်းမှာပဲ သတ်ဖြတ်ခံနေရတဲ့ ပြည်သူလူထု လတ်လတ်လောလော ဒီဇင်ဘာလ ၂၄ ရက်က သတ်ဖြတ်ခံရတဲ့ ပြည်သူလူထုတွေရဲ့ အရေးကို ဘယ်လို ပြောမလဲ ICC တို့ထိ တရားစွဲနိုင်ဖို့ထိကို လုပ်မယ်။ မတရား ဖမ်းဆီးခံနေရတဲ့ လူထုအပေါ်မှာ ဘယ်တွေ လုပ်မလဲပေါ့။ လုပ်ငန်းစဉ် ချတယ်။ အဓိက လုပ်ငန်းစဉ်တွေပေါ့။ လုပ်ငန်းစဉ်တွေကတော့ အများကြီးပါ။
မေး။ ။ ပြီးခဲ့တဲ့ရက်က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုရွာမှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်ရေး ချိုးဖောက်ပြီး ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆောင်ရွက်သွားမယ့် ကိစ္စတွေကို NUG (အမျိုးသား ညီညွတ်ရေး အစိုးရ) နဲ့ ကရင်နီ ပြည်နယ် အတိုင်ပင်ခံ ကောင်စီတို့က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တယ်။ စစ်တပ်ရဲ့ ဖရူဆိုမြို့နယ်မှာ လုပ်သွားတဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ဘာတွေ ဆက်လုပ်ဖို့ရှိမယ် ဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ ကျနော်တို့ စစကတည်းကနေ အခု NUG တို့နဲ့ သတင်းစာ ရှင်းလင်းပွဲရဲ့ ရလဒ်က ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်လာတာပေါ့။ သို့သော် သတင်းစာ ရှင်းလင်းပွဲမှာ KNPP အနေနဲ့ သီးသန့် ပါဝင်တာ မရှိဘူး။ သို့သော် ရရှိထားတဲ့ အချက်အလက်တွေအရ ကျနော်တို့ ရဲဘော်တွေ အောက်ခြေက တပ်မှူးတွေ မြို့နယ်မှူးတွေကအစ ဝိုင်းဝန်း ကူညီကြလို့ ဒီလို ဖြစ်လာတာပေါ့လေ။ ကျနော်တို့က ဒီသတ်ဖြတ်ခံရတဲ့ လူထုတွေရဲ့ ကိုယ်စားပြုမှုပေါ့လေ။ ဘယ်သူနဲ့မဆို ပူးပေါင်း ဆောင်ရွက်မယ်။ အချက်အလက်တွေက အများကြီး လိုပါသေးတယ်။
မိသားစုဝင်တွေနဲ့ တွေ့ရမလား သတ်ဖြတ်ခံရပြီး မီးရှို့ခံရလိုက်တော့ ဘယ်သူဘယ်ဝါမှန်း မသိဘူးပေါ့။ တကယ် ခိုင်မာတဲ့ အချက်အလက်တွေ လိုအပ်ပါတယ်။ အခုလည်း အချက်အလက်တွေ တော်တော်များများတော့ ရရှိထားပြီးသားပါ။ ဥပမာ ကျန်ခဲ့တဲ့ အရိုးစုတွေကို ဘယ်သူဘယ်ဝါ သိဖို့က DNA စစ်ဖို့ လိုတယ်။ တကယ့် ပညာရှင်တွေနဲ့ ပူးပေါင်းဖို့ လိုတယ်။ အဲဒါတွေကတော့ ဒီအဖွဲ့သည် သာမက ဘယ်သူတွေနဲ့ ချိတ်ဆက်သင့်သလဲ ဆိုတာကိုပါ အစီအစဉ် ဆွဲနေတုန်းပါ။
မေး။ ။ လက်ရှိမှာ ကယားပြည်နယ်မှာ တိုက်ပွဲတွေက ဘယ်လောက်ထိတောင် ဖြစ်နေပါသလဲ။
ဖြေ။ ။ တိုက်ပွဲက ဖြစ်နေတုန်းပါပဲ။ အာဏာသိမ်းပြီးနောက်ပိုင်း လူထုကသပိတ်မှောက်တယ်။ တိုက်ပွဲဖြစ်တာက မေလထဲ စဖြစ်တယ်။ မေလထဲကနေအခုထိက တိုက်ပွဲပေါင်းက ၁၄၀ လောက်ရှိပြီပေါ့။ ကရင်နီပြည်နယ်တခုလုံး ပေါင်းထားတာ။ အစတုန်းက ဒီးမော့ဆိုမြို့အနီးနားမှာပဲ ဖြစ်တယ်ပေါ့။ နောက်ပိုင်းမှ မနေ့က ရှားတောမြို့နယ်ထဲမှာဖြစ်လာပြီ။ တိုက်ပွဲက တော့ တကယ်လို့ ဆက်တိုက်မယ်ဆိုရင် ဒီထက်ကြီးတဲ့ ကျယ်ပြန့်တဲ့တိုက်ပွဲတွေ ဆက်ဖြစ်ဦးမှာ။ သူတို့ဘက်က စစ်အင် အားတွေ တိုးချဲ့ရင် ဒီထက်ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာဖို့ပဲ ရှိတယ်။
မေး။ ။ လက်ရှိ တိုက်ပွဲက ၁၄၀ လောက် ဖြစ်ထားတော့ နှစ်ဖက် ကျဆုံးမှုတွေကို စာရင်းပြုစုထားတာများ ရှိလား။ အရပ်သား ထိခိုက် သေကြေမှုကရော ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ Data (အချက်အလက်) ယူထားတာ ရှိတယ်။ KNDF (ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်) တို့ ဆီက ယူထားတာ ရှိတယ်။ တဖွဲ့နဲ့တဖွဲ့ကလည်း ဒေတာက ညီတော့ မညီနိုင်ဘူးပေါ့။ ကျနော်တို့ Data အရဆိုရင် စစ် တပ်ဘက်က ကျဆုံးမှု ၄၅၀ ပေါ့။ ဒဏ်ရာရတာကတော့ ၂၂၀ လောက်ပေါ့။ လူထုတွေကလည်း ၁၄၀ ကျော်ပြီ။ အသတ်ခံ ရတာပေါ့။ အဲဒါတွေ ကျနော်တို့ သိရတယ်။
ဖမ်းဆီးခံရတာက ၂၆၀ လောက်တော့ ရှိနေပြီ။ ဒဏ်ရာရတာကလည်း ၁၅၀ လောက်ရှိနေပြီ။ လူထုပေါ့လေ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိပေါ့။ ကျနော်တို့ဘက်က ထိခိုက်ကျဆုံးက စဖြစ်ကတည်းက အခု ထိကတော့ အရာရှိငယ် ၂ ဦး ကျ တယ်။ ရဲဘော် ၄ ယောက်ကျတယ် ။ KA ဘက်ကပေါ့။ KNDF မှာက ၁၃ ဦး ကျဆုံး တယ်။၂၄ ဦး ဒဏ်ရာရတယ်။
မေး။ ။ စစ်ဘေးရှောင်အရေအတွက် တသိန်းကျော်ပြီလို့ ပြောနေကြတယ်။ ကယားပြည်နယ်ထဲက ဒေသခံ ၃ ပုံ ၁ ပုံ ဟာ စစ်ဘေးရှောင်နေရတယ်လို့လည်း ကြားပါတယ်။ စစ်ဘေးရှောင်အရေအတွက်ကရော ဘယ်လောက်အထိ ရှိနေပါသလဲ။
ဖြေ။ ။ ကျနော်တို့ ပြုစုထားတာ ရှိတယ်။ တလနဲ့တလ မတူဘူး။ တချို့ကျလည်း Overlap ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ မြို့နယ်မှူးတွေကတော့ စာရင်းကောက်တယ်။ တခါတလေ အများကြီး ဖြစ်လာလိုက် လျော့သွားလိုက်နဲ့ လူထုတွေက ပြောင်းရွှေ့တယ်။ အခြေအနေကောင်းရင် သူတို့ ပြန်သွားလိုက် နောက်ဆုံး ဒေတာအရဆို ၁၅၅၄၀၀ (၁ သိန်း ၅ သောင်း ကျော်) လောက်ရှိတယ်။ လူဦးရေ ၃ ပုံ ၁ ပုံ မကတော့ဘူး။ ပြည်နယ်လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းလောက် ဖြစ်နေတယ်။ အခုဆိုရင် ကျနော်ထင်တယ် ပိုဆိုးလိမ့်မယ်။
မြို့ထဲကလူတွေပါ တော်တော်လေး ပျောက်ကုန်ပြီ။ မနေ့က လိုက်စုံစမ်းကြည့် တော့ မြို့ထဲကလူတွေပါ ရွှေ့ကုန်ပြီ။ တသိန်း ရှစ်သောင်းလောက် ဖြစ်နိုင်တယ်။ အခုက ၃ ပုံ ၁ ပုံမဟုတ်ဘဲ ၅၀ ၊ ၆၀ ရာခိုင် နှုန်းလောက် စစ်ရှောင်တွေ ဖြစ်နေတယ်။ မိုးတွင်းမှာတော့ နေဖို့ထိုင်ဖို့က တော်တော်လေး အခက်အခဲ ဖြစ်တယ်။ စားနပ်ရိက္ခာကတော့ တယောက်နဲ့ တယောက် တဦးနဲ့တဦး ပံ့ပိုးမှုတွေ ရှိခဲ့တယ်။ စားနပ်ရိက္ခာက ရှိပေမယ့် တချို့ကျတော့လည်း အလျင်မမှီတာ ရှိတယ်။ သူတို့ ဘယ်မှာ နေသလဲဆိုတာ ပေးမသိချင်တဲ့၊ ဘယ်ဧည့်သည်မှ လက်မခံတဲ့ စစ်ရှောင်တွေလည်း ရှိတယ်ပေါ့။
ပထမတချက်က သူတို့ ဘယ်မှာနေလဲဆိုတာ စစ်ကောင်စီဘက်က သိသွားမှာ စိုးတယ်။ တချို့ ဒလန်များ ပါမလားပေါ့။ တချို့နေရာတွေက အသိ မပေးချင်တာ အဲဒီလို အသိမပေးချင်တဲ့နေရာ ကျတော့ သူတို့မှာ အခက်အခဲတွေ ရှိတယ်။ တချို့နေရာတွေကျတော့ ရိက္ခာတွေက သွားပုံနေပြန်ရော အသုံးဆောင်တွေလဲ ပုံနေပြန်ရော။
ခုနောက်ပိုင်းမှာက ထောက်ပံ့မှုတွေက ကျလာပြီ။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက လုပ်တော့ လုပ်ပေးနေတယ်။ လူထုအချင်းချင်းကလဲ ကူညီပံ့ပိုးမှုက လျော့လာပြီ။ စစ်ကလည်း တော်တော်များများပြန့်လာတော့ ဝင်ရထွက်ရတွေ ခက်လာပြီ။ ရိက္ခာပိုင်းဆိုင်ရာတွေကတော့ အခက်အခဲ ရှိလာပြီ။ နောက်တချက်က ကျန်းမာရေးပိုင်းဆိုင်ရာ။ အထောက် အပံ့တွေက အစပိုင်းတုန်းက တော်တော်ရကြတယ်။ ခုနောက်ပိုင်းတော့ သိပ်မရကြတော့ဘူး။ စိုးရိမ်စရာတွေ ရှိလာပြီ။
မေး။ ။ စစ်ရှောင် တသိန်းငါးသောင်းလောက်မှာ သက်ကြီးရွယ်အိုနဲ့ ကလေးတွေများလား။ သူတို့ ဘယ်လို နေထိုင်ဖြတ်သန်းနေကြပါသလဲ။
ဖြေ။ ။ စစ်ရှောင်တွေက ကလေးတွေ ပိုများတယ်။ လူလတ်ပိုင်းက မရှိသလောက်ဖြစ်သွားပြီ။ တောထဲတွေ ထွက်ကုန်ပြီ။ လက်နက်ကိုင်တွေထဲ ရောက်ကုန်ပြီ။ နောက်တခုက စစ်ရှောင်စခန်းမှာ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ များတယ်။ သူတို့ နေဖို့ထိုင်ဖို့ကို အဘက်ဘက်ကနေ ကူညီနေကြပါတယ်။
မေး။ ။ စစ်တပ်က အာဏာသိမ်းလို့ လူထုက လက်နက်ကိုင်ကြတယ်။ တောထဲသွားပြီး EAOs (တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့) တွေဆီ စစ်ပညာသွားသင်ကြတယ်။ ကယားပြည်နယ်ထဲမှာဆိုရင် ဆရာတို့ KNPP အနေနဲ့ စစ်ပညာလေ့ကျင့် သင်ကြားပေးထားတဲ့ PDF အင်အားက ဘယ်လောက်ရှိပါသလဲ။
ဖြေ။ ။ ထောင်ဂဏန်းရှိပါတယ်။ ဒါကတော့ တဖွဲ့ထဲတော့ မဟုတ်ဘူးပေါ့။ ကျနော်တို့ ကယားပြည်နယ်မှာ အဖွဲ့အစည်း ၃ ၄ ခု လောက်ရှိတော့ ၆ ထောင်တော့ မအောက်ပါဘူး။ အဲဒီ အထဲမှာက တပ်ထွက်ဟောင်းတွေ ရှိတယ်။ အဲဒီမှာ သူတို့ အချင်းချင်း ပေးနေကြတာတွေရှိတယ်။ ခြုံပြောရရင် သင်တန်းဆင်းပြီးသူ အင်အားက ၇ ထောင်အောက်တော့ မရောက်ပါ ဘူး။
မေး။ ။ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေ အများစုက အာဏာသိမ်းပြီးနောက်မှာ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ် ကြပါတယ်။ အရင်က အခုလို လက်နက်ကိုင် တိုက်တာမျိုး မရှိခဲ့ဘူးတဲ့ စစ်ကိုင်းတို့၊ မကွေးတို့ ဗမာတိုင်းရင်းသား အများစု ရှိတဲ့နေရာမှာပါ စစ်ကောင်စီကို ပြင်းထန်စွာ တိုက်နေကြတယ်။ အခုလို လက်နက်ကိုင်ပြီး တော်လှန်နေကြတဲ့ လူငယ် တွေကို KNPP အနေနဲ့ ဘယ်လို ရှုမြင်ပါသလဲ။
ဖြေ။ ။ အရင်တုန်းကတော့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးပေါ့။ အာဏာမသိမ်းခင်တုန်းက တိုင်းရင်းသား တွေက လက်နက်ကိုင်တယ်။ တော်လှန်တယ်လို့ မြင်ကြတယ်။ အခုက မတူတော့ဘူး။ လူထုတော်လှန်ရေးလို့ ပြောလို့ရ တာပေါ့။ လူထုတရပ်လုံး ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းလောက်က တော်လှန်နေကြတယ်။ လူမျိုးကို အခြေခံတဲ့ တော် လှန်ရေး မဟုတ်တော့ဘူး။ လူထုတရပ်လုံးကို အခြေခံတဲ့ တော်လှန်ရေး ဖြစ်တယ်။ ဗမာလည်း တော်လှန်ရမယ်။ တိုင်း ရင်သားတွေလည်း တော်လှန်မယ်။ တနိုင်ငံလုံး ပြည်သူလူထု တရပ်လုံးက စစ်အာဏာရှင်ကို တော်လှန်နေကြတယ်လို့ မြင်ပါတယ်။
မေး။ ။ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်ဘက်တို့ဆိုရင် စစ်ကောင်စီခန့်တဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက မရှိတော့ဘူး ကယားပြည်နယ်မှာရော စစ်ကောင်စီတပ်က ဘယ်လောက်ထိ ဩဇာအာဏာ သက်ရောက်နေပါသလဲ။ ဘယ်လောက်ထိ အုပ်ချုပ်ရေး ယန္တရား တည်ဆောက်ထားနိုင်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ မြို့ပေါ်က လွဲလို့ပေါ့။ ဒါတောင် မြို့ပေါ်ဆိုတာက ရပ်ကွက်တိုင်း မဟုတ်တော့ဘူး။ အုပ်ချုပ်ရေးမှူးဆိုတာကလည်း မရှိသလောက်ပါပဲ။ ဘယ်သူမှလည်း မလုပ်ရဲတော့ဘူး။ ကျေးလက်မှာတော့ တချို့ကလည်းရှိတယ် တချို့ကျလည်း မရှိတော့ဘူးပေါ့။ KNDF ပဲ ပြောပြော၊ KNPP ပဲပြောပြော၊ PDF ပဲ ပြောပြော အုပ်ချုပ်ရေးလုပ်ငန်းကတော့ မြို့ပေါ်အထိ မချနိုင်သေးပါဘူး။ သို့သော် ကျေးလက်မှာတော့ တချို့ကလည်း ရှိတယ်။ တချို့ရွာတွေမှာတော့ မရှိဘူးပေါ့။ ကျနော်တို့ KNPP အနေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ရှိတယ်။ တချို့ မြို့နယ်မှူးတွေကတော့ လက်လှမ်းမှီသလောက် အုပ်ချုပ်နေတာ တွေရှိတယ်။ လူထု လိုအပ်မှုရယ် လူထု လုံခြုံရေးရယ်ကို အဓိကထားပြီး ကူညီနေတာ ရှိတယ်။ မြို့ပေါ်ထိကတော့ အုပ်ချုပ် ရေး မချမှတ်နိုင်သေးပါဘူး။
မေး။ ။ ဆိုလိုတဲ့သဘောက ကျေးရွာတွေကို စစ်တပ်ရဲ့ ဩဇာအာဏာက မသက်ရောက်နိုင်တော့ဘူးဆိုတဲ့ သဘောပေါ့။
ဖြေ။ ။ ဟုတ်ပါတယ်။ သက်ရောက်မှုက မရှိတော့ဘူး။ အုပ်ချုပ်လို့ မရတော့ဘူး။ မြို့ပေါ်မှာတောင် တချို့နေရာတွေ မရ တော့ဘူး။ တပ်စခန်းတွေနဲ့ နီးတဲ့နေရာ သူ့ရုံးတွေနဲ့ နီးတဲ့နေရာတွေလောက်ပဲ ချမှတ်နိုင်တယ်။ သူ့လက်လှမ်းဝေးတဲ့ နေရာ တွေဆိုရင် သူအုပ်ချုပ်ရေး မချမှတ်နိုင်ပါဘူး။
မေး။ ။ KNPP က ကရင်နီအမျိုးသား အတိုင်ပင်ခံ ကောင်စီမှာလည်း ပါတယ်လို့ သိထားပါတယ်။ ကရင်နီ အမျိုးသား အတိုင်ပင်ခံ ကောင်စီမှာဆိုရင် ဘယ်လို ကဏ္ဍတွေမှာ ပါဝင်နေပါသလဲ။ KNPP နဲ့ NUG ကြားချိတ်ဆက် ဆောင်ရွက်မှု ကရော ဘယ်လောက်ထိရှိပါသလဲ။
ဖြေ။ ။ KNPP အနေနဲ့ KSCC မှာ member အဖြစ် ပါဝင်ပါတယ်။ ခုနက ပြောတဲ့ လူထုအရေး တချို့ပြည်နယ်အတွက် ရှိသင့်ရှိထိုက်တဲ့ အခြေခံမူတွေ ရေးဆွဲနေကြတယ်။ အုပ်ချုပ်ရေး ကိစ္စတွေ လုပ်နေတာရှိတယ်။ တရားဥပဒေ စိုးမိုးရေး ပေါ့လေ။ သူတို့ အဲဒါတွေ တွဲလုပ်နေတယ်။ ကယားပြည်နယ်မှာ CDM လုပ်တဲ့ရဲတွေက အများဆုံးဖြစ်တော့ သူတို့နဲ့ တရား ဥပဒေ စိုးမိုးရေးကို လုပ်ထားတာရှိတယ်။
ကျနော်တို့ KNPP အနေနဲ့ တွဲလုပ်တာတွေ ရှိတယ်။ KSCC နဲ့ လုပ်နေတဲ့ အလုပ် ပေါ့။ NUG မှာက KNPP ကနေ တိုက်ရိုက် မဟုတ်ဘဲ KSCC အနေနဲ့ ကိုယ်စားလှယ် လွှတ်ထားတာ ရှိတယ်။ ကျနော်တို့က KSCC ကို သွားတယ်။ အဲဒီကနေ ကိုယ် စားလှယ် အနေနဲ့ လွှတ်တယ်ပေါ့။ ဖက်ဒရယ်မှာတော့ ပြည်ထောင် စုအဆင့် အစိုးရနဲ့ ပြည်နယ်အဆင့်အစိုးရဆိုတာ ရှိတယ်ပေါ့လေ။ ပြည်နယ်အစိုးရက ခုနက ပြောတဲ့ ကိုယ်စားပြုတဲ့ KSCC ။
ပြည်ထောင်စု အစိုးရကတော့ NUG ပေါ့လေ။ အဓိကကတော့ ပြည်သူ့ရေးရာကိစ္စတွေပေါ့လေ။ NUG ကတော့ နိုင်ငံ တကာရဲ့ အသိအမှတ်ပြုမှုတွေရဖို့ အပြင်ကို ထွက်တာတော့ ပိုများတာပေါ့လေ။ တခြားနိုင်ငံတွေနဲ့ ချိတ်ဆက် ဆောင်ရွက် မှုတွေ လုပ်နေကြတယ်။ KNPP အနေနဲ့က တွဲပြီးလုပ်နေပါတယ်လို့ ပြောပြလိုပါတယ်။
မေး။ ကယားပြည်နယ်မှာ ပြည်သူ့ ကာ ကွယ်ရေး တပ်ဖွဲ့ (PDF) လည်းရှိတယ်။ ကရင်နီစစ်တပ် (KA) လည်းရှိတော့ ဘယ်လို ချိတ်ဆက်ဆောင်ရွက်မှုတွေနဲ့ ကာကွယ်ရေး ကဏ္ဍကိုလုပ်ဆောင်နေပါသလဲ။
ဖြေ။ ။ နည်းနည်းတော့ ရှုပ်တယ်။ KNDF ကတော့ KA နဲ့ ပိုတွဲတယ်။ Statement လည်း ထုတ်ပြန်ထားပြီး သားပါ။ သူတို့ရဲ့ စစ်ဦးစီးချုပ်က KA ရဲ့ ဦးစီးချုပ်ဖြစ်တယ်လို့ ကြေညာထားတယ်။ စစ်ရေးအရကတော့ ပူးပေါင်း ဆောင်ရွက်မှုက နီးနီး ကပ်ကပ် ရှိတယ်။ PDF အနေနဲ့ကတော့ KGZ (Karenni Generation Z) လည်း ရှိသေးတယ်။ အဲဒီဟာက အစ ပိုင်းတုန်း ကတော့ PDF အားလုံးနီးပါးပါပဲ။ KNDF တခုထဲပဲ သွားရအောင်ဆိုပြီး ထလုပ်တာ ရှိတယ်။ သို့သော် နောက်ပိုင်း ကျတော့ PDF အနေနဲ့ ရပ်တည်မှာတို့ KGZ အနေနဲ့ ရပ်တည်မှာတို့ ဖြစ်လာတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တိုက်ပွဲတွေ အဖြစ်များလာတော့ အခုက စုမိသလောက် တိုက်ပွဲဝင်နေကြပါပြီ။ ရေရှည်ကျရင်တော့ အားလုံး စုမိမှာပါ။ ယုံကြည်တာက ဒီကလေးတွေမှာက အပြစ် မရှိဘူး။ သူတို့ ယုံကြည်တာက ဒီစစ်အာဏာရှင်ကို တိုက်ဖို့ ပဲ။ မကောင်းတာက နိုင်ငံရေးသမားတွေ။ နိုင်ငံရေးသမားတွေ မကောင်းလို့သာ ဒီတိုင်းပြည်က အခုလိုဖြစ်နေတာ။ ကလေးတွေက အပြစ်မရှိဘူး။ သူတို့က စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ပဲ ရှိတယ်။ ကျနော်တို့လည်း ကြိုးစားနေပါတယ်။ KSCC ရော KNPP ရော အားလုံး တစုတစည်းထဲ ဖြစ်လာအောင် ကြိုးစားနေပါတယ်။
မေး။ ။ အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မင်းအောင်လှိုင် ပြောတာ ရှိတယ်။ အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ EAOs တွေနဲ့လဲ လက်မှတ် ထိုးသွားမယ်ဆိုတာပေါ့။ သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန့်မှာ ထည့်ပြောသွားတာပါ။ လက်ရှိ အခြေအနေ အရ အပစ်အခတ် ရပ်စဲရေးဆိုတာက ဖြစ်နိုင်ဖို့ရှိသေးသလား။ KNPP ရဲ့သဘောထားကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့က အယုံအကြည် မရှိလို့ဘဲ NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်) မထိုး တာလေ။ အာဏာသိမ်း ကတည်းက NCA စာချုပ်က ပျက်ပြီဆိုတာ တရားဝင်လည်း ကြေညာထားပြီးပြီ။ လက်ရှိ စစ်ဦးစီး ချုပ်ရဲ့ သင်တန်းဆင်းပွဲ မိန့်ခွန်းမှာလည်း ပြောထားပြီးပြီ။ ဒီအချိန်မှာ စစ်တပ်နဲ့ ဆွေးနွေးဖို့ ဘာအကြောင်းမှ မရှိဘူး။ ဆွေး နွေးဖို့ မသွားဘူး။
တခြား တိုင်းရင်းသားတွေလည်း ဆွေးနွေးမယ်လို့ မထင်ပါဘူး။ သို့သော် အားလုံးတော့ ပြောလို့မရဘူး ပေါ့လေ။ တချို့က လည်း ဆွေးနွေးချင်ကောင်း ဆွေးနွေးချင်မှာပေါ့လေ။ KNPP အနေနဲ့က နဂိုကတည်းက အယုံအကြည် မရှိလို့ NCA မထိုး တာ။ တိုက်ပွဲ ဆက်ဝင်နေရမှာပဲပေါ့။ အဲဒီလိုမျိုး ဆုံးဖြတ်ထားတယ်။
မေး။ ။ ဆရာ့အနေနဲ့ KNPP ဘက်က ရှေ့ဆက်လုပ်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး လိုအပ်တာတွေရှိရင် ဖြည့် စွက် ဆွေးနွေးပေးပါဦး။
ဖြေ။ ။ ရှေ့ဆက် လုပ်ငန်းစဉ်ကတော့ အဓိကက တော်လှန်ရေး အောင်မြင်ဖို့ပဲ။ တခြား တိုင်းရင်းသားအဖွဲ့အစည်း လက် နက်ကိုင်တို့နဲ့ PDF တို့နဲ့ ဘယ်လိုချိတ်ဆက်မှု လုပ်မလဲဆိုတာတွေ သေချာလုပ်ဖို့ လိုတယ်။ တဖက်မှာတော့ တဖက်ဆို တာကတော့ တခြားပါတီဖြစ်ဖြစ်၊ လက်နက်ကိုင်အဖွဲ့ပဲ ဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတယ်။ စည်းလုံးညီ ညွတ်မှုက အရေးကြီးဆုံးပဲ ဒါမှသာ အောင်ပွဲခံနိုင်မှာလေ။ တော်တော်လေး ကြိုးစားရဖို့ရှိပါတယ်။
တချိန်ထဲမှာပဲ မတရားသတ်ဖြတ်ခံရမှု ဖမ်းဆီးခံရမှု အရေးကိုလည်း ပစ်ပယ်ထားလို့ မရဘူး။ ကရင်နီအရေးမှာ ပါဝင်နေတဲ့ KSCC တို့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပါဝင်ခဲ့တဲ့ အမတ်တွေကလည်း ထဲထဲဝင်ဝင် ပါဝင်ဖို့ လိုတယ်။ တချို့က ရွေးကောက်ပွဲ ဝင်ရွေးပြီး အခြေအနေ မကောင်းလို့ ထွက်ပြေးတဲ့သူတွေလည်း တပုံကြီး ရှိတယ်။ ကျနော့် အနေနဲ့တော့ လက်မခံဘူး။
အခြေအနေကောင်းတုန်းက ခေါင်းဆောင်အနေနဲ့ လုပ်မယ်။ မဲထည့်ကြပါဆိုပြီး ပြောတယ်။ အခုကျမှ ထွက်ပြေးလို့တော့ မရဘူးပေါ့လေ။ လူထုအရေး အားလုံး ပါဝင်ဖို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ တိုက်ပွဲကတော့ ပြင်းထန်လာမယ်။ သူတို့ ကတော့ လျှော့မှာ မဟုတ်ဘူး။ မလျှော့ရင်လည်း ဒီထက် ပိုပြင်းထန်လာမယ်။ လူငယ်တွေကလည်း လျှော့မှာ မဟုတ်ဘူး။ တိုက်ပွဲတွေက ပိုပြင်းထန်လာမယ်လို့ လူထုကို ပြောချင်ပါတယ်။
You may also like these stories:
လူထုကို ထိတာ ကျနော်တို့ကို ထိတာနဲ့ အတူတူပါပဲ
စစ်ရေးတင်းမာနေသည့် ကယားပြည်နယ် အခြေအနေ
လွိုင်ကော်မြို့တွင်းသို့ စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကြဲ