ကယား (ကရင်နီ) ပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေး ပူူးပေါင်းတပ်ဖွဲ့များကြား ယနေ့ နံနက်ပိုင်းကတည်းက တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီက တိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်နေကြောင်း သိရသည်။
လွိုင်ကော်မြို့ပေါ် ရပ်ကွက်များဖြစ်သည့် ဒေါပိုးစီ၊ ပန်ကန်း၊ ၅ မိုင်၊ ၆ မိုင်၊ ရွာတန်းရှည်၊ မိုင်းလုံး စသည့် ရပ်ကွက်များသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်သည့်အပြင် တိုက်လေယာဉ်များဖြင့်ပင် ဗုံးကြဲ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း လွိုင်ကော်မြို့ခံတဦးက ပြောသည်။
၎င်းက “စစ်ကောင်စီတပ်က ပထမတော့ ရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်။ ပြီးရင် အဲဒီနေရာကို စစ်ကြောင်းထိုးပြီး လူနေအိမ်တွေကို မီးရှို့တယ်။ မြို့ဝင်ရပ်ကွက်တွေမှာပဲ PDF နဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်တယ်။ တနေကုန် လက်နက်ကြီးသံတွေ ဆူညံံနေတာပဲ။ ဒီနေ့ ညနေ ၃ နာရီ ဝန်းကျင်လောက်က တိုက်လေယာဉ်တွေနဲ့ပါ ဗုံးလာကြဲတယ်။ တိုက်ပွဲက မရပ်သေးဘူး။ အခုထိလည်း ဖြစ်တုန်းပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ ၇ ရက်) ကလည်း လွိုင်ကော်မြို့ပေါ် ပန်ကန်းရပ်ကွက်နှင့် မိုင်းလုံးရပ်ကွက်များတွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အရပ်သားပစ်မှတ်များကိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ထုတ်ပြန်ထားသည်။
တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသော လွိုင်ကော်မြို့ပေါ် ရပ်ကွက်တချို့မှ ပြည်သူများသည် ယမန်နေ့ကတည်းက ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်သွားကြကြောင်း၊ ယနေ့တွင်လည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေရာ ကျန်ရှိနေသေးသည့် မြို့ခံများမှာလည်း အပြင်မထွက်ရဲကြကြောင်း၊ ယနေ့ တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးမှု အခြေနေကို မသိရသေးကြောင်း မြို့ခံများက ပြောသည်။
စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့ကိုဖြတ်ကာ ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲ စသည့် မြို့နယ်များသို့ စစ်ကူများနှင့် ရိက္ခာများကို ပို့ဆောင်ရန် ကားများဖြင့် ထွက်ခွာလာစဉ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် လပိုင်းကတည်းက ပိတ်ဆို့ ဖြတ်တောက်ထားသည့်အတွက် လမ်းကြောင်းပွင့်ရန် စစ်ကောင်စီတပ်က ကြည်းတပ်၊ လေတပ်တို့ဖြင့် ပူးပေါင်းပြီး ဖိတိုက်နေခြင်း ဖြစ်ကြောင်းလည်း မြို့ခံများက ဆိုသည်။
လွိုင်ကော်မြို့ခံတဦး က “စစ်တပ်က ကျနော်တို့ ပြည်နယ်မှာ ဖြတ်လေးဖြတ် လုပ်ထားတာကြာပြီ။ အခု သူတို့ ရိက္ခာတွေ၊ စစ်ကူတွေပို့ချင်တယ်။ PDF တပ်ဖွဲ့တွေကလည်း တန်ပြန်အနေနဲ့ သူတို့ကို ဖြတ်ပိတ်ဆို့ထားတယ်။ စစ်ကားတွေက ဖြတ်မရဘူး။ လမ်းပိတ်နေတာ ၁/၂ လ လောက်တောင် ရှိပြီ။ ဟိုဘက်က သူတို့ တပ်ဖွဲ့ဝင်တွေလည်း ဈေးဝယ်မရ၊ ဈေးရောင်းမယ့်သူလည်း မရှိတဲ့အခါ ရိက္ခာတွေလည်း ပြတ်နေတယ်။ အဲဒါနဲ့ လမ်းကြောင်းပွင့်အောင် အတင်း အိမ်တွေကို မီးရှို့ပြီး ဖိတိုက်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) သတင်းနှင့်ပြန်ကြားရေးကလည်း စစ်ကောင်စီနှင့် မြို့တွင်းတိုက်ပွဲများ ပြင်းထန်စွာ တိုက်ခိုက်နေခဲ့ပြီး နေ့လယ် ၂ နာရီ ၄၅ မိနစ်တွင် စစ်ကောင်စီမှ အပြင်းအထန် အထိနာခဲ့သောကြောင့် တိုက်လေယာဉ်ဖြင့် ၆ ကြိမ်၊ စစ်ရဟတ်ယာဉ်ဖြင့် ၃ ကြိမ်ထိ ပစ်ခတ်ခဲ့ပြီး ပြည်သူ့ရဲဘော် တချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ယခုအချိန်ထိ တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ကြောင်း ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲကို KNDF၊ KDF၊ GZ-21 (loikaw)၊ ကရင်နီတပ်မတော် (KA)၊ Medic Unit (Demoso)၊ ဒီးမော့ဆို၊ မိုးဗြဲ၊ လွိုင်ကော်၊ ဖယ်ခုံ မြို့နယ်အသီးသီးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) နှင့် အခြားအဖွဲ့အစည်းများ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။