ထိုင်းနိုင်ငံ ပတ္တရားမြို့၌ ကျင်းပသည့် “YOU Is U 2025” ပြိုင်ပွဲမှာ ထိုင်းနိုင်ငံသား Transgender (လိင်စိတ်ခံယူမှု ပြောင်းလဲထားသူ) အလှမယ် Chayavate Somwong က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် အား အမြန် ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
၂၀၀၄မှ စ၍ ပတ္တရားမြို့၌ နှစ်စဉ် ကျင်းပလာသည့် “You Is U 2025” က အလှမယ်ပြိုင်ပွဲတခု သာမကဘဲ LGBTQ+ အသိုင်းအဝိုင်း၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို မြှင့်တင်ရန်ရည်ရွယ်ရာ လူ့အခွင့်အရေးလှုပ်ရှားသူ အလှမယ် Chayavate Somwong လည်း ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်သကဲ့သို့ ဝတ်ဆင်ယှဉ်ပြိုင်ရာ 4th Runner Up ရရှိခဲ့ သည်။
ထို့အတွက် ထိုင်းအလှမယ် Chayavate Somwong ကို ဧရာဝတီက ဆက်သွယ်ကာ ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်ရေးအတွက် တောင်းဆိုဖြစ်ခဲ့ပုံ၊ ပြိုင်ပွဲအတွင်း မြန်မာဝတ်စုံကို ရွေးချယ်ဖြစ်ခဲ့ပုံ၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ သဘောထားအမြင်များ အစရှိသည်တို့ကို မေးမြန်းထားပါသည်။
မေး။ ။ “YOU Is U 2025” ပြိုင်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဘာကြောင့် တောင်းဆိုခဲ့တာလဲ။
ဖြေ။ ။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင်ကောင်း၊ စံပြပုဂ္ဂိုလ်၊ စိတ်ဓာတ်ရှိသူပါ။ သူ့ရဲ့ ခိုင်မာတဲ့စိတ်ထားကြောင့် အမျိုးသားတွေကပါ ကြောက်ရွံ့ရသူ ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလို အသက်အရွယ်ကြီးလာတဲ့အချိန်မှာ မိသားစုတွေနဲ့ ပြန်လည် ဆုံဆည်းဖို့အတွက် ထိုက်တန်ပါတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် လေးစားရလဲဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွက် တကယ်ကို အမှန်တကယ်ကို နစ်နာခံတဲ့ခေါင်းဆောင်တဦး ဖြစ်တာ ကြောင့်ရယ်၊ သူဟာ လူအများအတွက် ကိုယ်ကျိုးကို စွန့်လွှတ်ထားသူတယောက်ဖြစ်တယ်။ စစ်မှန်တဲ့ခေါင်းဆောင် တယောက် ဖြစ်တာကြောင့်ပါ။
မေး။ ။ ပြိုင်ပွဲမှာ ဘာကြောင့် မြန်မာဝတ်စုံကို ဘာကြောင့် ရွေးချယ်ပြီး ပြိုင်ခဲ့တာလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို အတုယူစရာအဖြစ် ရွေးချယ်ထားတာကြောင့် သူ့ကို ကိုယ်စားပြုနိုင်ဖို့ မြန်မာဝတ်စုံ နဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပန်း ပန်ခဲ့တာပါ။

မေး။ ။ Chayavate Somwong အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ သိရှိထားပါသလဲ။
ဖြေ။ ။ ကျမအနေနဲ့ မြန်မာနိုင်ငံအကြောင်းအသေးစိတ်တော့ သိပ်မသိပါဘူး။ ကျမတို့တွေက အိမ်နီးနားချင်းကောင်း တွေ ဖြစ်ခဲ့ကြတာ ကြာပါပြီ။ အရင်တုန်းက ၂ နိုင်ငံကြား စစ်ပွဲတွေရှိခဲ့ပေမယ့်လည်း အခုချိန်ထိ ခင်မင်ရင်းနှီးတဲ့ အိမ်နီးချင်းကောင်းတွေပါ။
မေး။ ။ ထိုင်းလူမျိုးတယောက်အနေနဲ့ မြန်မာနိုင်ငံသားတွေကို ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်လို လူတိုင်းကိုတိုင်းပြည်အတွက် တိုက်ပွဲ ဝင်စေချင်တယ်။ အာဏာသိမ်းထားတဲ့ စစ်တပ်အနေနဲ့လည်း ပြည်သူတွေရဲ့အသံကို နားထောင်ဖို့ မျှော်လင့်ပါတယ်။ အာဆီယံအနေနဲ့လည်း မြန်မာနိုင်ငံ အပေါ် တခြားနိုင်ငံများနဲ့တန်းတူ ရပ်တည်ပေးစေချင်တယ်။
စစ်တပ်ကြောင့် မြန်မာပြည်သူတွေ ထိုင်းနိုင်ငံကို ငွေကြေး အကုန် အကျခံပြီး အလုပ်ရှာဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ထွက်လာကြတာကို မြင်တိုင်းလည်း စိတ်မကောင်း ဖြစ်ရတယ်။ တိုင်းပြည်အတွင်းမှာ ငြိမ်းချမ်းစွာနေနိုင်ဖို့အတွက် ခေါင်းဆောင်ကောင်းတွေ လိုအပ်ပါတယ်။ နောက်ဆုံးအနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး သူ့မိသားစု၊ သားသမီး ပြည်သူတွေနဲ့ ပြန်တွေ့နိုင်ပါစေလို့ ဆုတောင်းပေး ပါတယ်။
မေး ။ ။ နောက်ထပ် ဘာများဖြည့်စွက် ပြောစရာရှိဦးမလဲ။
ဖြေ။ ။ ကျမအနေနဲ့ ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သူ့ကိုချစ်တဲ့သူတွေဟာ လူမှုကွန်ရက်စာမျက်နှာကို အသုံးချပြီး လွတ်မြောက်ရေးအတွက် တောင်းဆိုမှုတွေကို အကျိုးရှိစွာ ပြုလုပ်ပေးစေ ချင်ပါတယ်။
You may also like these stories:
အမြစ်တွယ်နေတဲ့ စနစ်ကြီးပြောင်းအောင် တော်လှန်တာ မာရသွန်ပြေးသလိုပါပဲ
ဒေါ်အောင်ဆန်းစုကြည် သားက မိခင်ကျန်းမာရေးကို လွန်စွာစိုးရိမ်နေ
ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ
အာဏာရှင်အသစ်၊ ကစားကွက်အဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်














