စစ်ရေးပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး
ရခိုင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခ တင်းမာစွာ ဖြစ်ပွားနေသော AA တပ်ဖွဲ့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ၂၀၁၁ ခုနှစ် နောက်ပိုင်းမှစ၍ ပါဝင်ခဲ့သည်။ ြငိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်သည့် ၂၀၁၁ နောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များသည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် ဖွဲ့စည်းထားသည့် NCCT (Nation-wide Casefire Coordination Team) တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့တွင် ပါဝင်ခဲ့သည်။ ထို့အပြင် ထိုစဉ်က တိုင်းရင်းသား လက်နက်ကိုင်များ စုပေါင်းဖွဲ့စည်း ထားသည့် UNFC (UnitedNationalities’Fedral Council) ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီတွင် အဖွဲ့ဝင်အဖြစ် AA က လျှောက်ထားခဲ့သည်ကို တွေ့ရသည်။
၂၀၁၅ ခုနှစ်၊ NCA နှင့် ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အခြေခံ သဘောတူညီများ ရရှိပြီး သမ္မတ ဦးသိန်းစိန်နှင့် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် နောက်ဆုံး ညှိနှိုင်းခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် သမ္မတနှင့် တပ်မတော်က AA/TNLA (တအာင်းပလောင်) /MNDAA (ကိုးကန့်) အဖွဲ့ ၃ ဖွဲ့အား NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် လက်မခံခဲ့ပေ။ ထိုအဖွဲ့ ၃ ဖွဲ့နှင့် ရှမ်းမြောက်ရှိ KIA တပ်မဟာ ၄ တို့သည် လက်နက်စွန့်လွှတ်ရမည်ဟု တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် AA နှင့် အဖွဲ့ ၃ ဖွဲ့သည် NCA လက်မှတ် ရေးထိုးရာတွင် ပါဝင်ခွင့်မရသကဲ့သို့ အားလုံးပါဝင်ရေးကို ရပ်ခံထားသည့် KIA နှင့် UNFC ၇ ဖွဲ့လည်း NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့ခြင်း မရှိပေ။
ထိုသို့ NCA လက်မှတ် ထိုးရေးနှင့် ပတ်သက်၍ ငြင်းပယ်ခံရပြီးနောက် AA သည် UNFC တွင် ပါဝင်ခွင့်ရရေး တင်ပြ တောင်းဆိုထားသည်ကို ရပ်ဆိုင်းခဲ့သည်။ ထို့နောက် ၂၀၁၆ ခုနှစ် NLD အစိုးရ တက်လာပြီးနောက် AA သည် ၎င်းနှင့်အတူ NCA လက်မှတ်ထိုးခွင့်ပြုရန် ငြင်းပယ်ခြင်း ခံထားရသည့် TNLA/ MNDAA တို့နှင့်အတူ ၂၀၁၆ ခုနှစ် ဇွန်လ၌ မိုင်းလားမြို့တွင် ငြိမ်းချမ်းရေး ကော်မရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ တပ်မတော် ဘက်က ၎င်း ၃ ဖွဲ့အနေဖြင့် လက်နက်စွန့်လွှတ်ရန် တောင်းဆိုထားရာမှ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်အား စွန့်လွှတ်ကြောင်း ကြေညာချက် ထုတ်ရန်နှင့် ထိုသို့ ထုတ်ပြန်ပါက ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ခွင့်ပြုမည်ဟု ရပ်ခံခဲ့သည်။
သို့သော် AA အပါအဝင် အဖွဲ့ ၃ ဖွဲ့က လက်နက်ကိုင်နည်းနှင့် မဖြေရှင်းဘဲ နိုင်ငံရေးနှင့် ဆွေးနွေး ဖြေရှင်းမည်ဟူသော ကြေညာချက်ကိုသာ ထုတ်မည်ဟု ရပ်ခံခဲ့သဖြင့် ဆွေးနွေးပွဲ မအောင်မြင်ခဲ့ပေ။ ထို့အတူ AA လည်း ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။
၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်း၌ ရှမ်းပြည်မြောက်ပိုင်းတွင် KIA/TNLA/ MNDAA/ AA တို့ ပါဝင်သည့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့၏ စစ်ရေးမဟာမိတ်ပြု၍ ဆင်နွှဲသော စစ်ဆင်ရေးတရပ် ပေါ်ပေါက်ခဲ့ရာ AA လည်း ပါဝင် တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။ ထို့နောက် ၂၀၁၇ ခုနှစ် နှစ်ဆန်း၌ ပန်ဆန်းတွင် UWSA/NDAA နှင့် SSPP-SSA တို့နှင့် မြောက်ပိုင်းစစ်ရေး မဟာမိတ် ၄ ဖွဲ့ ပူးပေါင်း၍ စုစုပေါင်း အဖွဲ့ ၇ ဖွဲ့ ပါဝင်သည့် နိုင်ငံရေးအရ မဟာမိတ်ပြုသည့် FNPCC ခေါ် မြောက်ပိုင်း နိုင်ငံရေးမဟာမိတ် အဖွဲ့တွင် AA ပါဝင်ခဲ့သည်။
အစောပိုင်းကာလက FPNCC သည် NCA လမ်းကြောင်းအတိုင်း မသွားဘဲ သီးခြား လမ်းကြောင်းကို ရွေးချယ် သွားမည်ဟု ဆိုခဲ့သည်။ အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုကို တဖွဲ့ချင်း မပြုလုပ်ဘဲ FPNCC မှတဆင့် ပြုလုပ်သွားမည်ဟု ဆိုခဲ့သည်။
FPNCC အား အစိုးရနှင့် တပ်မတော်က အသိအမှတ် မပြုခဲ့ပေ။ သို့သော် ၂၀၁၇ ခုနှစ် နှစ်လည်တွင် ကျင်းပသည့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် တရုတ်၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့အား NRPC (အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန) က တဖွဲ့စီ ဖိတ်ကြားသည်ကို FPNCC အဖွဲ့ဝင်များ လက်ခံ တက်ရောက်ခဲ့သည်။
သို့သော် ညီလာခံတွင် AA အပါအဝင် FPNCC အဖွဲ့ဝင်များ ဝင်ရောက်ဆွေးနွေးခြင်း မရှိပေ။ ထို့အပြင် FPNCC အနေနှင့် မဟုတ်ဘဲ၊ AA အပါအဝင် ၃ ဖွဲ့အား အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သီးခြား တွေ့ဆုံခဲ့သော်လည်း တပ်မတော်က သီးခြားတွေ့ဆုံခြင်း မရှိခဲ့ပေ။ တရုတ်၏ ညှိနှိုင်းမှုကြောင့်သာ တပ်မတော် အနေနှင့် လက်ခံရသော် AA အပါအဝင် TNLA/MNDAA တို့အား တပ်မတော်က လိုလားပုံမရဟု ဆိုရမည်။
၂၀၁၈ ခုနှစ် နှစ်လယ်တွင် ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံတွင် တရုတ်၏ ညှိနှိုင်းပေးမှုကြောင့်ပင် FPNCC နှင့်အတူ AA လည်း တက်ရောက်သည်။ ညီလာခံအတွင်း ပါဝင် ဆွေးနွေးခြင်း မရှိသော်လည်း ဒုတိယအကြိမ်နှင့် ကွာခြားသည်မှာ AA အပါအဝင် အဖွဲ့ ၃ ဖွဲ့ကို အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပြင် တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်ကပါ သီးခြားတွေ့ဆုံခဲ့ သည်။ အခြေအနေသည် ၂၀၁၅ ခုနှစ်နှင့် မတူတော့ဘဲ၊ ပြောင်းလဲမှု ရှိလာပြီး AA အပါအဝင် အဖွဲ့ ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ပြန်လည် ဆွေးနွေးမှုများ စတင်ခဲ့သည်။
သို့နှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် AA အပါအဝင် အဖွဲ့ ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင် အပြန်အလှန် သဘောတူညီချက်ရပြီး အပြန်အလှန် ကြေညာချက်များ ထုတ်ပြန်ကာ တွေ့ဆုံ ဆွေးနွေးရန် လမ်းစပွင့်ခဲ့သည်။ AA အား NCA လက်မှတ်ရေးထိုးခွင့်ပြုရန် ငြင်းပယ်ခဲ့သည့် ၂၀၁၅ စက်တင်ဘာမှ ၃ နှစ်ကျော်အကြာတွင် ပြန်လည် နားလည်မှုရသည်ဟု ဆိုရမည်။
ပြန်လည်နားလည်မှု တစုံတရာရသည့် အချိန်ကာလအတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့၌ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ စစ်တိုင်းဌာနချုပ် နယ်မြေ ၅ ခုတွင် တပ်မတော်က အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့သည်။ သို့ဖြင့် မြန်မာပြည် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် တိုက်ပွဲများ လျှော့ချနိုင်ခဲ့ သော်လည်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာခဲ့သည်။ သို့ဖြစ်ရာ တပ်မတော်က တပြည်လုံး အပစ်အခတ် ရပ်စဲရေး မကြေညာခြင်းမှာ ရခိုင်ကို အာရုံစိုက်ရန်ဖြစ်သည်ဟု စွပ်စွဲချက်များ ပေါ်ထွက်လာသည်။
အမှန်တကယ် တပ်မတော်က ဤသို့ရည်ရွယ်ရင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ လက်တွေ့တွင် ဤသို့ သဘောသက်ရောက် နေသည်ကတော့ အမှန်ပင် ဖြစ်၍နေပါသည်။ သို့သော် တဖက်က ကြည့်လျှင် ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ လက်နက်ကိုင် ပုန်ကန်မှု မရှိတော့ဘဲ အဖြူရောင် နယ်မြေအဖြစ် သတ်မှတ်ထားသော ရခိုင်ပြည်နယ်တွင် AA လက်နက်ကိုင်အဖွဲ့ အခြေချလာခြင်းကို တပ်မတော် အနေနှင့် လွယ်လင့်တကူ လက်သင့်ခံရန် မဖြစ်နိုင်ပေ။ ထို့အတူပင် AA နှင့် မည်သည့် သဘောတူညီမှုမှ မရှိဘဲ AA လက်နက်ကိုင် အဖွဲ့ ရခိုင်ပြည်နယ်တွင် အခြေချခြင်းအား တပ်မတော်က လက်သင့်ခံမည် မဟုတ်ပေ။
AA အဖို့ ပြောလျှင်လည်း မည်သို့ပင် တရုတ်နယ်စပ်တွင် ဖွဲ့စည်းခဲ့သည် ဆိုသော်လည်း ရခိုင်သို့ ပြန်လည်အခြေချရန်၊ ခြေကုပ်ယူရန်၊ အခြေခံ စခန်းတခု တည်ဆောက်ရန်မှာ ၎င်းတို့ တလျှောက်လုံး အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည့် ကိစ္စဖြစ်သည်။ သို့နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသော အမြင် ၂ ခုအကြား ပြင်းထန်သော တိုက်ပွဲများ ရခိုင်စစ်မျက်နှာတွင် ပေါ်ပေါက်လာသည်မှာ ထူးဆန်းအံ့သြဖွယ်တော့ မဟုတ်ပါပေ။
သို့သော် စစ်ပွဲ ဆက်လက် ဖြစ်ပွားနေသော်လည်း နှစ်ဖက်စလုံးက တွေ့ဆုံဆွေးနွေးမှုကို ပစ်ပယ်ခြင်းမပြုရာ တွေ့ဆုံ ဆွေးနွေးမှုများ ရပ်တန့်သွားခြင်း မရှိပေ။ တဖက်က စစ်ရေးပဋိပက္ခက မြင့်တက်နေသကဲ့သို့ တဖက်တွင် တွေ့ဆုံဆွေးနွေးမှုကို ဆက်လက် လုပ်ကိုင်နေခဲ့သည်။ စစ်တိုက်ရင်း ဆွေးနွေး၊ ဆွေးနွေးရင်း စစ်တိုက်ဟု ဆိုရမည်။
၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်း တရုတ်ပြည်တွင်း တကြိမ် တွေ့ပြီးနောက် အပစ်အခတ် ရပ်စဲသည့်ကာလ ကုန်လွန်သည့် ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်နေ့တွင် မူဆယ်မြို့တွင် AA အပါ မြောက်ပိုင်း စစ်ရေးမဟာမိတ် လေးဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် AA အပါအဝင် မြောက်ပိုင်း ၄ ဖွဲ့မှ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ အဆိုပြုချက်များအား ငြိမ်းချမ်းရေး ကော်မရှင်သို့ ပေးအပ်ခဲ့သည်။
ထို့နောက် တပ်မတော်က ကချင်နှင့် ရှမ်းပြည်နယ်များတွင် အပစ်အခတ် ရပ်စဲရေးကို ဇွန်လ ၃၀ ရက်နေ့အထိ သက်တမ်း ၂ လ ထပ်မံတိုးခဲ့သည်။ AA အပါအဝင် မြောက်ပိုင်းအဖွဲ့များနှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့အကြား ထပ်မံတွေ့ဆုံမှုမှာ အပစ်အခတ်ရပ်စဲရေး သက်တမ်းပြည့်သည့် ဇွန် ၃၀ ရက်တွင်မှ မိုင်းလားမြို့တွင် ဖြစ်ပေါ်ခဲ့သည်။
ထိုတွေ့ဆုံမှုတွင် ထူးထူးခြားခြား မဆွေးနွေးနိုင်ဘဲ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ တပ်မတော်ဘက်က အဆိုပြုချက်ကို AA အပါအဝင် မြောက်ပိုင်း ၄ ဖွဲ့ကို ငြိမ်းချမ်းရေးကော်မရှင်က သီးခြားစီ ပေးအပ်ခဲ့သည်။ ထိုနေ့တွင်ပင် ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ ကချင်နှင့် ရှမ်းပြည်နယ်တွင် တပ်မတော်က အပစ်ရပ် သက်တမ်း ထပ်မံတိုးခဲ့သည်။
လက်ရှိကာလတွင် အပစ်အခတ် ရပ်စဲရေးအတွက် AA ဘက်က အဆိုပြုချက်မှာ တပ်ဖွဲ့များ ရောက်သည့် နေရာတွင် ရပ်တန့်၍ အပစ်အခတ် ရပ်ရေးဖြစ်သည်။ တပ်မတော်ဘက်ကမူ AA အား KIA ဌာနချုပ် လိုင်ဇာ တွင်သာ နေပြီး အပစ်အခတ် ရပ်စဲရေးဖြစ်သည်။ ထပ်မံ၍ နက်နက်ရှိုင်းရှိုင်းညှိနှိုင်းရန် များစွာ လိုအပ် နေသေးသည်ကို တွေ့ရသည်။
ချုပ်၍ဆိုရလျှင် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စကတည်းက ပါဝင်ခဲ့သော AA သည် ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ် ထိုးရေးတွင် ပါဝင်ရန် အစိုးရနှင့် တပ်မတော်၏ ငြင်းပယ်မှု ခံခဲ့ရသည်။ ဤသို့ ဖြစ်ရခြင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်စပြီးနောက်မှ ပေါ်သည့်အဖွဲ့များ ဖြစ်၍ အကြောင်းပြခြင်း ခံရသော်လည်း AA ၏ အရွယ်အစား သေးငယ်၍ အလေးထားလောက်သည့် အနေအထား မဟုတ်၍လည်း ဖြစ်နိုင်သည်။
၂၀၁၈ ခုနှစ်အကုန် ၂၀၁၉ ခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် AA အား အသိအမှတ်ပြု ဆွေးနွေးလာချိန်တွင် AA ၏ အရွယ်အစားသည် ကြီးမားလာချေပြီ ဖြစ်သည်။ ယခင်ကကဲ့သို့ လိုင်ဇာတွင် အင်အားစုဖွဲ့သည့် ကာလ မဟုတ်တော့ပေ။ ပလက်ဝနှင့် ရခိုင်မြောက်ပိုင်း ၈ မြို့နယ်တွင် အင်အား ကောင်းကောင်းနှင့် လှုပ်ရှားနိုင်သော အခြေအနေတွင် ရှိနေပြီး တပ်မတော်မှ တိုင်းစစ်ဌာနချုပ် တပ်များအပြင် တပ်မအချို့သုံး၍ တိုက်ခိုက် နေရသည့်အခြေသို့ ဆိုက်ရောက်နေပေပြီ။
ရခိုင်မြောက်ပိုင်းနှင့် ပလက်ဝမြို့နယ်တို့မှာလည်း အဖြူရောင်နယ်မြေမှသည် ညမထွက်ရ အမိန့် ထုတ်ထားသည့်၊ အင်တာနက် အသုံးပြုမှု ဖြတ်တောက် ခံထားရသော အညိုရောင်နယ်မြေ (ဝါ) အမဲရောင် နယ်မြေ ဖြစ်နေပေပြီ။
လက်ရှိကာလ၌ ကချင်နှင့် ရှမ်းပြည်နယ်တွင် အပစ်ရပ်ထားပြီး ရခိုင်တွင် ဖိ၍ စစ်ဆင်ရေးများ လုပ်နေသည့် အခြေအနေအား အခြားတိုင်းရင်းသား များကလည်း စောင့်ကြည့်နေသည်။ ရခိုင်ပြီးလျှင် မိမိတို့အလှည့် ရောက်လာနိုင်သည်ဟူ၍ တွေးကာ ပြင်နေကြသည်။ ထို့အပြင် မြောက်ပိုင်း စစ်ရေးမဟာမိတ် လေးဖွဲ့နှင့် အပစ်ရပ် လက်မှတ်ထိုးရေးတွင် ရခိုင်စစ်ရေးပဋိပက္ခသည် ကွင်းဆက် ပြဿနာဖြစ်လာ၍ နေသည်။ ဤသို့သော အခြေအနေတွင် ပြည်တွင်းပြည်ပ အခြေအနေများအား တွက်ဆ၍ ရခိုင်ပြဿနာအား ပျော့ပြောင်းစွာ၊ အမြော်အမြင်ရှိစွာ ကိုင်တွယ်ရန် လိုအပ်နေပေသည်။
တဖက်တွင် အင်အားထောင်ချီ၍ ရခိုင်သို့ ရောက်ရှိနေသော AA တပ်ဖွဲ့ဝင်များအား လိုင်ဇာတွင်သာ နေရန်ဆိုသည်မှာ လက်တွေ့မကျပေ။ တဖက်ကလည်း ဘူးသီ်းတောင်၊ မောင်တောဒေသအား အန္တရာယ်ကင်းဇုန်အဖြစ် ထိန်းချုပ်ရယူရန် နိုင်ငံရပ်ခြားမှ ကြိုးပမ်းနေသည့် ကာလတွင် ရခိုင်တွင် ရောက်ရှိနေသော AA တပ်ဖွဲ့အား သဘောထားကြီးစွာ လိုက်လျောမှု ပြုကာ အသိမှတ်ပြု၍ နိုင်ငံရပ်ခြား အန္တရာယ်ကို ကာကွယ်သင့်ပေသည်။ အစိုးရ၊ တပ်မတော်သည် ARSA နှင့် မစေ့စပ် မဆွေးနွေး နိုင်သော်လည်း AA နှင့် စေ့စပ်ဆွေးနွေး၍ ရသည့် အခြေအနေကို ဆုပ်ကိုင်ရန် လိုအပ်ပါသည်။
၂၀၀၁ ဝန်းကျင် ထိုင်းနယ်စပ် ပြဿနာပေါ်စဉ်က UWSA နှင့် NDAA (မိုင်းလား) တပ်ဖွဲ့များသည် တပ်မတော်နှင့်အတူ ပြည်ပရန်ကို ရင်ဆိုင်ခဲ့သည်သာ ဖြစ်သည်။
ထို့အပြင် AA ပြဿနာသည် လက်ရှိအချိန်တွင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ သော့ချက်ပြဿနာ ဖြစ်နေပေရာ AA နှင့်သာ အပစ်ရပ်နိုင်ပါက မြောက်ပိုင်း လေးဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေးအတွက် ပိုမိုလွယ်ကူ သွားပေလိမ့်မည်။ ထို့အပြင် မြန်မာပြည် အနောက်ဖက် အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တိုင်းရင်းသား လက်နက်ကိုင်တဖွဲ့ ပေါ်လာခြင်းသည် ပြည်ပမှ စွက်ဖက်မှု အသစ်များ ဝင်ရောက်လာနိုင်သည့် အခင်းအကျင်းဖြစ်ရာ လျင်မြန်စွာ ဖြေရှင်းရန် လိုအပ်၍ နေပေသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင် အများစု အနိုင်ရခဲ့သော ANP ပါတီနှင့်ပတ်သက်၍ ထည့်သွင်း စဉ်းစားရန် လိုသည်။ ၂၀၁၉ ခုနှစ် မေလ ၃၀/၃၁ များတွင် ANP ပါတီသည် ညီလာခံတရပ် ပြုလုပ်ပြီး ဥက္ကဋ္ဌ ဦးသာထွန်းလှ၊ အထွေထွေ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးတို့ ခေါင်းဆောင်သည့် ပါတီ ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီကို တင်မြှောက်ခဲ့သည်။ ထိုအပြင် အဖွဲ့ဝင် ၉ ဦးပါ မူဝါဒရေးရာ ဦးဆောင် ကော်မတီကို ဖွဲ့စည်းခဲ့သည်။ သို့သော် ရခိုင်လူထုအများစုကို ကိုယ်စားပြု နိုင်သည့် ANP သည် လုပ်ပိုင်ခွင့်မရှိ ဖြစ်နေသည်။ ရခိုင်ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသခံပြည်သူများ၏ ထိခိုက်နစ်နာချက်များ အစီရင်ခံစာ အမှတ် ၁ ကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
ANP သည် ရခိုင်လူထု အများစုကို ကိုယ်စားပြုနိုင်သော်လည်း လုပ်ပိုင်ခွင့် မရှိဘဲ ၎င်း၏အမြင်များကို တင်ပြနိုင်ခြင်းသာ ရှိသည်။ ဤအခြေအနေသည် ရခိုင်လူထုအနေဖြင့် အမျိုးသားရေး လက္ခဏာအရ ANP ကို အားပေး ထောက်ခံသော်လည်း လက်တွေ့ ဥပဒေအတွင်းတွင် ဘာမှလုပ်မရ ဟူသော အမြင်ဖြစ်စေပြီး AA ၏ လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်မှုကသာ ၎င်းတို့အား တစုံတရာ ပေးစေနိုင်လိမ့်မည်ဟု မျှော်လင့်ချက်များ ဖြစ်ပေါ်စေသည်။
သို့ဖြစ်ရာ NLD အစိုးရနှင့် အာဏာရ NLD ပါတီ အနေနှင့် ရခိုင်လူထု အများစုအား ကိုယ်စားပြု နိုင်ခဲ့သည့် ANP ပါတီအား မျက်နှာမူရန် လိုနေသည်။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီပြဿနာ၊ ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခကြောင့် ပေါ်ပေါက်လာသော ပြဿနာများကို ဖြေရှင်းရာတွင် ANP ပါတီနှင့် လက်တွဲဖြေရှင်းရန် လိုအပ်နေသည်။ ချုပ်၍ ဆိုရလျှင် ရခိုင်ပြည်နယ်တွင် နိုင်ငံရေးဘောင်ချဲ့ရန် လိုနေသည်။ နိုင်ငံရေး ဘောင်ကျယ်လာမှ စစ်ဘောင်ကို လျှော့ချနိုင်ပေလိမ့်မည်။
ရခိုင်လူ့အဖွဲ့အစည်း အတွင်းတွင် ရခိုင်နှင့်မျိုးနွယ်စုများ အသိုင်းအဝိုင်းနှင့် မွတ်စလင် အသိုင်းအဝိုင်း နှစ်ခုသာရှိသည်။ ၂၀၁၇ သြဂုတ်လတွင် မွတ်စလင် အသိုင်းအဝိုင်းနှင့် ပဋိပက္ခ ဖြစ်ခဲ့သည်။ ယခုလည်း ရခိုင်နှင့် မျိုးနွယ်စုများ အသိုင်းအဝိုင်းနှင့်ပါ ပဋိပက္ခ ဖြစ်ပွားပါက ရခိုင်လူ့အဖွဲ့အစည်း ပြဿနာကို ဖြေရှင်းရန် ခက်ခဲသွားပေလိမ့်မည်။ ရခိုင်လူ့အဖွဲ့အစည်း ပဋိပက္ခအား ဖြေရှင်းရန် အမြော်အမြင်ရှိမှု၊ သဘောထားကြီးမှု၊ လိုက်လျောမှုနှင့် ပျော့ပြောင်းမှုတို့ လိုအပ်ပေလိမ့်မည်။
ဤတွင် ပြီး၏။
(မောင်မောင်စိုးသည် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားရေးရာများကို လေ့လာနေသော သုတေသီတဦးဖြစ်သည်။သူ၏ “မြောက်ဦး စစ်တမ်း ”စာအုပ်သည် ၂၀၁၇ ခုနှစ် အမျိုးသားစာပေဆု (နိုင်ငံရေးစာပေဆု) ရရှိခဲ့သည်။ ဆောင်းပါးပါ အာဘော်မှာ စာရေးသူနှင့်သာ သက်ဆိုင်ပါသည်။)
ဆက်စပ်ဖတ်ရှုရန်
၂၀၁၇-၁၉ အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများ အပိုင်း ၃
၂၀၁၇ – ၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပိုင်း ၂
၂၀၁၇ – ၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပိုင်း-၁
ရခိုင်စစ်ပွဲ ရပ်စဲခြင်းဖြင့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်များကို ကယ်တင်ပါ