“အောင်ဆန်းစုကြည် အနိုင်ရနေလို့လား”လို့ ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားအသိတယောက်က မကြာခင်က ဧည့်ခံပွဲတခုမှာ ကျနော့်ကိုမေးပါတယ်။ သဒ္ဒါသဘောအရဆိုရင်တော့ ဒါက “နိုင်နေတယ်” “နိုင်မနေဘူး” ဖြေရမယ့်မေးခွန်းပါ။ နိုင်ငံရေးအရဆိုရင်တော့ ဒီမေးခွန်းဟာ လက်ရှိ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု တခုလုံးကို ထုတ်လိုက်တဲ့ မေးခွန်းတခုပါပဲ။ ဒီထက်တောင်ပိုတယ်လို့ ပြောရမှာပါ။
ဒီမေးခွန်းကို တခုမက အဓိပ္ပါယ်ကောက်ယူလို့ ရပါတယ်။ အဲဒါကတော့ “အားကြီးတဲ့မြန်မာစစ်တပ်ကို နိုင်ငံရေး၊ အုပ်ချုပ်ရေးနယ်ပယ်ထဲမှာ မရှိဖို့ သူမရဲ့ကြိုးပမ်းမှုမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရနေပြီလား”။ ဒီထက်ကျယ်ကျယ်ပြန့်ပြန့်ပြောရရင် “သူမ ဦးဆောင်ဆင်နွှဲတဲ့ ဒီမိုကရေစီရေးတိုက်ပွဲက ပြီးခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်းမှာ အရာထင် အောင်မြင်ခဲ့လား” လို့လည်း အဓိပ္ပါယ်ဆောင်ပါတယ်။
ဒီမေးခွန်းအတွက် အဖြေနှစ်ခု ထွက်လာပါတယ်။ တခုက “ဟုတ်ပါတယ်။ သူအနိုင်ရနေပါတယ်။ သူ့ရဲ့ NLD ပါတီဟာ နှစ်ငါးဆယ်အတွင်း နိုင်ငံရဲ့ ပထမဆုံး အရပ်သားအစိုးရကို ဖွဲ့စည်းနိုင်ခဲ့ပြီး အခုဆိုရင် လွှတ်တော်ထဲက နေရာအများစုကိုလည်း ဆုပ်ကိုင်ထားပြီ” ဆိုတာပါ။ ဒါပေမယ့်လည်း နောက်အဖြေတခုက “မဟုတ်ဘူး။ သူရှုံးနေတာ။ သူ့ရဲ့ပါတီဟာ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် တပ်မတော်ခေါင်းဆောင်တွေကို နားဝင်အောင် မလုပ်နိုုင်ဘူး။ ပြီးတော့ သူဦးစားပေးအဖြစ် သတ်မှတ်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းတောင် မသိဘူး’ လို့လည်း ဖြေနိုင်ပါတယ်။
မေးခွန်းရဲ့နောက်ကွယ်က ရည်ရွယ်ချက်အစစ်အမှန်က ဘာလဲလို့ ကျနော်တွေးမိပါတယ်။ တကယ်တော့ မေးခွန်းရဲ့ တကယ့်သဘောက “ဒီတိုက်ပွဲမှာ သူအနိုင်ရမနေဘူးမလား” လို့ ရည်ရွယ်တာလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့များ ဒီမေးခွန်းကို တောင်အာဖရိက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးခေါင်းဆောင် နယ်(လ်)ဆင်မင်ဒဲလား၊ ဒါမှမဟုတ် အမေရိကန်ပြည်သူ့အခွင့်အရေးခေါင်းဆောင် ဒေါက်တာမာတင်လူသာကင်း ဂျူနီယာ၊ အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ၊ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒါမှမဟုတ် မရေတွက်နိုင်တဲ့ သမိုင်းမှာအရေးပါတဲ့ တခြားထင်ရှားသူတွေနဲ့ ပတ်သက်ပြီးမေးခဲ့မယ်ဆိုရင် ကျနော်တို့ ဘယ်လို ဖြေရမလဲလို့ ကျနော်စဉ်းစားမိပါတယ်။
အင်မတန်ဆိုးရွားအကျည်းတန်တဲ့ သူ့နိုင်ငံက အသားရောင်ခွဲခြားမှုစနစ်ကို ဖျက်သိမ်းပစ်ဖို့ တိုက်ပွဲဝင်နေတုန်း ဒါမှမဟုတ် ရော်ဘင်ကျွန်းပေါ်က အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ်တွေနဲ့ချီကြာတဲ့ အကျဉ်းကျ ကာလအတွင်းမှာ “မန်ဒဲလား အနိုင်ရနေတာလား”လို့ ကျနော်တို့မေးခဲ့ရင် အဖြေက ဘာများဖြစ်ပါ့မလဲ။ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေက သူတို့ရဲ့အခြေခံအခွင့်အရေးတွေ လေးစားအသိအမှတ်ပြုခံရဖို့ ၁၉၅၀ ခုနှစ်တွေနဲ့ ၁၉၆၀ ခုနှစ်တွေအတွင်း လှုပ်ရှားမှုကို ခေါင်းဆောင်နေတဲ့အချိန်မှာ “ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ အနိုင်ရနေလား” လို့များ ကျနော်တို့မေးခဲ့ရင် အဖြေက ဘာဖြစ်မှာလဲ။
၂၀ ရာစုအတွင်းက ဗြိတိသျှနယ်ချဲ့စနစ်ကို ဆန့်ကျင်တဲ့ လွတ်လပ်ရေးတိုက်ပွဲကို ဦးဆောင်ဆင်နွှဲနေတုန်းက “ဗိုလ်ချုပ်အောင်ဆန်း အနိုင်ရနေသလား”လို့ တစုံတယောက်ကမေးရင် တုံ့ပြန်ဖြေကြားချက်က ဘာများဖြစ်မှာလဲ။ ဒီခေါင်းဆောင်ကိုယ်တိုင် ဒီမေးခွန်းတွေ တိုက်ရိုက်မေးခံရမယ်ဆိုရင် “ကျနော်တို့တိုက်ပွဲ အနိုင်ရမယ်လို့ ယုံကြည်တယ်” လို့ အားလုံးက ဖြေကြလိမ့်မယ်လို့ ကျနော်ယုံပါတယ်။ အဲဒီလိုမှ သူတို့ မယုံကြည်ဘူးဆိုရင်လည်း သူတို့ရဲ့ တိုက်ပွဲတွေကို သူတို့ကိုယ်တိုင် ဘယ်လိုများနှစ်မြှုပ်လုပ်ကိုင်နိုင်ခဲ့မှာတဲ့လဲ။
“ငါတို့တိုက်ပွဲဟာ အနိုင်ရနေပြီလား”လို့ သူတို့တွေးကြမှာ မဟုတ်ပါဘူး။ အဲဒီ့အစား တနေ့အနိုင်ရမှာပဲလို့ ယုံကြည်မှုထားပြီး တိုက်ပွဲဝင်ခဲ့ကြမှာပဲ။ ဒါဟာ အမှန်တရား၊ တရားမျှတမှုပေါ်မှာ အခြေခံတဲ့ ယုံကြည်ချက်ပါပဲ။ ဒါဟာ ရင်းနှီးမြှုပ်နှံမှုတခုအပေါ် အမြတ်တခု သေချာပေါက် ပြန်ရရေးအပေါ် အခြေခံတဲ့ အရောင်းအဝယ် ကိစ္စတခု မဟုတ်ပါဘူး။ ဒါဟာ လူ့အဖွဲ့အစည်းအကျိုးအတွက်၊ ကိုယ့်ပြည်သူတွေဘဝအတွက် တွက်ချက်မှုမပါဘဲ ကိုယ်ကျိုးစွန့် အနစ်နာခံမှုပါ။ သူတို့ရဲ့ဘ၀တွေ အသက်တွေ မိသားစုနဲ့ သူတို့ပိုင်ဆိုင်တဲ့အရာအားလုံးကို ပေးဆပ်ပြီးပေါ့။
မန်ဒဲလားဟာ ၁၉၄၀ ခုနှစ်အစောပိုင်းမှာ တော်လှန်ရေးစတင်ခဲ့ပြီး အနိုင်မရခင်အထိ ကြားမှာ သူ့တိုက်ပွဲက ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါတယ်။ မာတင်လူသာကင်းကလည်း အရေးပါတဲ့ရလဒ်တွေ မရရှိခင် ၁၉၅၀ ခုနှစ်နဲ့ ၁၉၆၀ ခုနှစ်တွေ တလျှောက်လုံး လူမည်းပြည်သူတွေရဲ့ အခွင့်အရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ သူလုပ်ကြံသတ်ဖြတ်ခံရမှုကတောင် သူရဲ့လှုပ်ရှားမှုကြီးကို ရပ်တန့်မပစ်နိုင် ခဲ့ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရည်မှန်းချက်ပန်းတိုင်ကလည်း ၁၉၃၀ ခုနှစ်အစောပိုင်းမှာ စပြီး လွတ်လပ်ရေးကြိုးပမ်းမှုထဲကို သူဝင်ရောက်လာခဲ့ပြီးနောက် နှစ်ပေါင်းများစွာကြာမှ အောင်မြင်ခဲ့တာပါ။ ဒါပေမယ့် သူလုပ်ကြံခံရပြီး ခြောက်လအကြာမှ ရရှိခဲ့တဲ့ လွတ်လပ်ရေးကိုတော့ သူကိုယ်တိုင် မျက်မြင်မတွေ့သွားနိုင်ခဲ့ပါဘူး။
ဒီခေါင်းဆောင်တွေရဲ့ အပတ်တကုတ် ကြိုးပမ်းအားထုတ်မှုနဲ့ နှစ်မြှုပ်လုပ်ဆောင်မှုတွေ မရှိဘဲနဲ့ တော့ ဒီကနေ့တောင်အာဖရိကဟာ အသားအရောင်ခွဲခြားမှုစနစ်အောက်က လွတ်မြောက်မှုကို ခံစားရမှာ မဟုတ်ပါဘူး။ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေလည်း တန်းတူညီမျှအခွင့်အရေး၊ ပြည်သူ့အထောက်အကူတွေ ရပိုင်ခွင့်နဲ့ မဲပေးရာမှာ ပါဝင်ခွင့်တွေ ခံစားရမှာ မဟုတ်ပါဘူး။ ပြီးတော့ မြန်မာပြည်သူလူထုဟာလည်း သူတို့ တောင့်တတဲ့ လွတ်လပ်ရေးကို ရရှိခံစားကြရမှာ မဟုတ်ပါဘူး။
သူတို့ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေဟာ ကျနော်တို့ ခေတ်ကာလမတိုင်မီက ပေါ်ပေါက်ခဲ့တာပါ။ ကျနော့်နိုင်ငံခြားသားအသိမိတ်ဆွေရဲ့ အမေးစကားကို ပိုကောင်းအောင်ဖြေကြားဖို့ ဒီမိုကရေစီရေး ကျနော်တို့မျိုးဆက်ရဲ့ တိုက်ပွဲဝင်မှုကို ကျနော်ပြန်တွေးမိပါတယ်။
၁၉၈၈ လူထု ဒီမိုကရေစီ အရေးတော်ပုံကာလအတွင်း မောင်းပြန်ရိုင်ဖယ်သေနတ်တွေ ကိုင်ထားတဲ့ စစ်သားတွေရဲ့ စစ်ကြောင်းတွေကို ရင်ဆိုင်ချီတက်ခဲ့ကြတဲ့ ကျနော့်ရဲ့ ရဲဘော်ရဲဘက် ကျောင်းသားစစ်ကြောင်းတွေနဲ့အတူ ကျနော်ပါဝင်ချီတက်ခဲ့တုန်းက ဒီလိုမေးခွန်းမျိုး အမေးခံရရင် ဒါမှမဟုတ် ဒီလိုအတွေးမျိုးပေါ်ခဲ့ရင် ဘယ်လိုဖြစ်မလဲလို့ ကျနော် စဉ်းစားခဲ့ပါတယ်။ ဒါမှမဟုတ် စစ်ထောက်လှမ်းရေးရဲ့ စစ်ကြောရေးစခန်းထဲမှာ ကျနော်နှိပ်စက် ညှင်းပမ်းခံနေရတဲ့အချိန်က ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ အကျဉ်းထောင်တွေထဲ ရှစ်နှစ်တာ အကျဉ်းကျခံနေရတုန်းက ဒီလိုမေးခွန်းမျိုးအမေးခံရရင် ဘယ်လိုများဖြစ်မလဲလို့ တွေးမိပါတယ်။
၁၆ နှစ်အရွယ်ကျောင်းသူလေး မဝင်းမော်ဦးကရော ရန်ကုန်မြို့လယ်တလျှောက် အကြမ်းမဖက်ကန့်ကွက် ဆန္ဒပြပွဲတခုထဲမှာ ပါဝင်ချီတက်ရင်း ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က စစ်အစိုးရတပ်ဖွွဲ့ရဲ့ သေနတ်နဲ့ပစ်ခံရပြီး မသေခင်အချိန်လေးမှာ သူ “အနိုင်ရနေသလား” ဆိုပြီး သူ့ကိုယ်သူ တွေးမိမေးမိခဲ့မလား။ သူ့လိုပဲအသတ်ခံခဲ့ရသူ ထောင်နဲ့ချီတဲ့ တခြားဆန္ဒပြသူတွေရော ဘယ်လိုတွေးခဲ့ကြမလဲ။
ကျနော်တို့နိုင်ငံ ဒါမဟုတ် တခြားနိုင်ငံတွေက ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကရော သူတို့တွေ အဖိနှိပ်ခံဘဝကျရောက်နေချိန်မှာ ဒီမေးခွန်းမျိုးကို ဘယ်လိုတုန့်ပြန်ကြမှာလဲ။ ကျနော်တို့ ဆန္ဒပြကျောင်းသားတွေအတွက် စိုးရိမ်သောကရောက်နေကြတဲ့ ကျနော်တို့မိဘတွေနဲ့ ဆွေမျိုးသားချင်းတွေက စစ်အာဏာရှင်စနစ်ကို ကျနော်တို့ရဲ့ အားမတန်တဲ့ တွန်းလှန်တိုက်ခိုက်မှုကို ရည်ညွန်းပြီး “မင်းတို့ တယ်မိုက်လုံးကြီးကြတာကိုး။ မင်းတို့က (အုတ်)နံရံကြီးကို ခေါင်းနဲ့တိုက်နေကြတာပဲ” လို့ ကျနော်တို့ကို ပြောလေ့ရှိခဲ့ပါတယ်။ ဒါရဲ့တခုတည်းသောရလာမယ့် ရလဒ်ကတော့ ခေါင်းကွဲတာပါပဲလို့ သွယ်ဝှိုက်ပြောကြတာဖြစ်ပါတယ်။
အဲဒီအချိန်မှာ ဒါမှမဟုတ် အဲဒီတုန်းက ဘယ်ကျောင်းသားအတိုက်အခံသမားမဆို ဒီ “(အုတ်)နံရံ” ဥပမာရဲ့ အနက်အဓိပ္ပါယ်ကို ကောင်းကောင်းကြီးသိကြပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ဟာ ဒီအုတ်နံရံကြီးကို ကျနော်တို့ခေါင်းနဲ့ လိုလိုလားလားတိုက်ခဲ့ကြတာပါ။
ဒီနေ့အချိန်မှာရော ဘယ်လိုရှိပါသလဲ။ ကျနော်တို့ဟာ ဒီနံရံကို ကျနော်တို့ခေါင်းတွေနဲ့ တိုက်နေကြတုန်းပဲလို့ ကျနော်ထင်ပါတယ်။ ဒီနံရံဟာ ၁၉၈၈ ခုနှစ်မှာ ကျနော်တို့ ပထမဆုံး ရင်ဆိုင်ခဲ့ရတဲ့အချိန်နဲ့စာရင် အက်ကွဲနေပြီလို့ ဆိုနိုင်ပေမယ့် အခုထက်ထိ ပြိုကျမသွားသေးပါဘူး။
ကျနော်တို့အနိုင်ရနေပြီလား။ “အနိုင်ရနေတယ်” သို့မဟုတ် “အနိုင်ရမနေဘူး” ဆိုတာလောက်နဲ့တော့ အဓိပ္ပါယ်ပြည့်စုံတဲ့ အဖြေတခု မပေးနိုင်ပါဘူး။ လျော်ကန်သင့်မြတ်တဲ့အဖြေကတော့ နယ်လ်ဆင်မန်ဒဲလားရဲ့ တောင်အာဖရိက အနိုင်ရခဲ့သလို ဒေါက်တာမာတင်လူသာကင်း ဂျူနီယာရဲ့ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေ အနိုင်ရခဲ့သလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ခဲ့တဲ့ ကျနော်တို့ရဲ့ လွတ်လပ်ရေးအနိုင်ရခဲ့သလို “ကျနော်တို့ အနိုင်ရမှာပါ” ဆိုတာပါ။
ကျနော်တို့ရဲ့ ဒီမိုကရေစီတိုက်ပွဲဟာ အချိန်ဘယ်လောက်ကြာနိုင်မလဲ။ ဒီမေးခွန်းအတွက် တိကျတဲ့ အဖြေတစ်ခု တယောက်ယောက်မှာ ရှိမယ်လို့ မထင်ပါဘူး။ အဲဒီအဖြေမျိုးကရော လိုအပ်လို့လား။ ကျနော်တို့မျိုးဆက်ဟာ ဒီတိုက်ပွဲကို လွန်ခဲ့တဲ့နှစ် ၃၀ က စခဲ့ကြတာပါ။ ဒါပေမယ့် ကျနော်တို့ရှေ့မှာ အရင်တိုက်ပွဲဝင်ခဲ့တဲ့ လူတွေရှိပါတယ်။ ဒီမျိုးဆက်တွေဟာ အာဏာရှင်ဦးနေဝင်းက ၁၉၆၂ ခုနှစ်မှာ ပထမဆုံးနှိမ်နင်းခဲ့တဲ့ ဒီမိုကရေစီကို ပြန်လည်ရယူဖို့ ကြိုးပမ်းခဲ့ကြတာပါ။
ဒီတိုက်ပွဲဟာ နောက်မျိုးဆက်တခု ဒါမှမဟုတ် တခုမက ကြာချင်ကြာနိုင်ပါတယ်။ ကျနော်တို့အနိုင်ရမနေဘူးလို့ ကျနော်တို့ထင်ရင် ဒီတိုက်ပွဲကို ကျနော်တို့ အရှုံးပေးလိုက်သင့်သလား။ မြန်မာပြည်သူတွေကတော့ သူတို့တွေ အနိုင်ရနေသလားဆိုတာ မသေချာဘူးဆိုရင်တောင်မှ အရှုံးပေးမှာ မဟုတ်ပါဘူး။
စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ၂၀၁၉ နိုင်ငံတကာဒီမိုကရေစီနေ့ရဲ့ အဓိကဆောင်ပုဒ်က ဒီမိုကရေစီမှာ ပြည်သူလူထုရဲ့ ပါဝင်မှု အရေးပါတာကိုပြသတဲ့ “ပူးပေါင်းဆောင်ရွက်ရေး” ပါ။ ကျနော့်တို့မျိုးဆက်မှာ ကျနော်တို့ရဲ့ ပြည်သူလူထုအများအပြားဟာ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ အစကတည်းက ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ၁၉၈၈ မှာ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ကျောင်းသားလှုပ်ရှားသူ တယောက်အနေနဲ့ ၁၉၉၀ ခုနှစ်များအတွင်းမှာ နိုင်ငံရေးအကျဉ်းသားတယောက်အနေနဲ့၊ ဒီနေ့ကာလမှာ သတင်းသမားတယောက်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ ကျနော့်ရဲ့ ဒီမိုကရေစီအပေါ် နှစ်မြှုပ်မှုဟာ ဒီပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုတွေထဲက အစိတ်အပိုင်းတခုအဖြစ် ကျနော်မြင်ပါတယ်။
မဝင်းမော်ဦးနဲ့ တခြားအသက်ပေးဆပ်ခဲ့တဲ့ လူတွေရဲ့ဝိဉာဉ်တွေဟာ သူတို့နိုင်ငံအတွက် ဒီမိုကရေစီဖြစ်ပေါ်ရေး ကြိုးပမ်းရာမှာ သူတို့ပူးပေါင်းပါဝင်ခဲ့မှုအတွက် နောင်တရကြမှာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေကလည်း “အနိုင်ရနေသလား” ဒါမှမဟုတ် “ရှုံးနိမ့်နေသလား” တွက်ချက်မှုမပြုဘဲ ကျနော်တို့ရဲ့ ဒီမိုကရေစီ တည်ဆောက်ရေးဖြစ်စဉ်ထဲမှာ ဆက်လက်ပူး ပေါင်းပါဝင်သွားကြမယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာ ကျနော့်နိုင်ငံခြားသားအသိမိတ်ဆွေအပါအဝင် ကမာ္ဘတဝန်းက မိတ်ဆွေအမြောက်အမြား ရှိပါတယ်။ သူတို့ထဲက တချို့ဟာ ဆယ်စုနှစ်နဲ့ ချီပြီး မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်တဲ့အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေကြတဲ့သူတွေပါ။ ဒါကြောင့် သူတို့တွေက မြန်မာနိုင်ငံရဲ့ ခက်ခဲရှုပ်ထွေးမှုတွေ၊ နိုင်ငံရေးအခြေအနေတွေနဲ့ ရင်းနှီးကျွမ်းဝင်နေကြပြီး နိုင်ငံနဲ့ပတ်သက်တဲ့ အခြေခံအချက်တွေနဲ့ သတင်းအချက်အလက်တွေကို သိရှိကြမယ်ဆိုတာ ကျနော်ပြောနိုင်ပါတယ်။ ဒါဟာ ကောင်းပါတယ်။
ဒါပေမဲ့ သိရုံ တခုတည်းနဲ့တော့ မလုံလောက်ပါဘူးလို့ အဲလဘတ်အိုင်းစတိုင်း ပြောသလိုပေါ့။ ကျနော့်အကြိုက် သူ့အဆိုတွေထဲကတခုကတော့ “အရူးတောင် သိနိုင်တယ်။ ဒါပေမယ့် အဓိကက နားလည်သဘောပေါက်ဖို့ပါ “Any fool can know. The point is to understand” တဲ့။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Kyaw Zwa Moe ၏ Democracy and A Question – ‘Is Aung San Suu Kyi Winning? ကို လူသာလင်း ဘာသာပြန်ဆိုသည်။)
You May Also Like These Stories:
မင်းတို့စံပျော် နေပြည်တော်က အတိတ်နိမိတ်များ
ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်ဖို့ ဆို
အသစ်တဖန် မွေးဖွားခြင်းအား တမ်းတချက်